Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၄)

ခန္ဓာဖြစ်စဉ်သည် ကြောင်းကျိုးဆက်ပြီး သွားနေသည်။ လူခန္ဓာ နတ်ခန္ဓာ ဘာခန္ဓာဖြစ်ဖြစ် အဝိဇ္ဇာ မူတည်ပြီး သွားနေကြသည်။ အတိတ်ကလည်း သစ္စာလေးပါး မသိဘဲ နေခဲ့ကြသည်။ မသိဘဲ ကုသိုလ်တွေ ပြုခဲ့ကြသည်။ အကျိုးအားဖြင့် ခန္ဓာ ဒုက္ခသစ္စာ နှစ်အကွက်ထဲမှာ ရသည်။ သမုဒယသစ္စာ လုပ်ခဲ့လို့ ဒုက္ခသစ္စာ ခန္ဓာငါးပါးရခြင်း ဖြစ်သည်။ အလှူဒါန လုပ်ပါလျက် ဒုက္ခသစ္စာ ရတာရှုံးသည်။ ထို့ကြောင့် အလှူကို နောက်ထားပါ အသိကို ရှေ့ထားပါဟု ဟောသည်။
အသိ ရှေ့ထားပါ။ သိပြီးရင် လှူပါဟု ဆိုသည်။ ခန္ဓာရတာ ဒုက္ခသစ္စာဟု သိပေးပါ။ သိလိုက်ပါက ဝိဇ္ဇာဖြစ်သွားသည်။ ဝိဇ္ဇာဉာဏ်ရပြီ။ ဉာဏ်ရလျှင် နောက်ထပ် ဒုက္ခရစေသော သင်္ခါရတွေ မလုပ်တော့ပါ။ လှူလျှင်လည်း ဒုက္ခကို မလိုချင် ဒုက္ခငြိမ်းရာသိမ်းရာ ရချင်လို့ လှူတာဟု ပြောင်းရမည်။ ဒါ သစ္စာသိပြီးမှ လှူသော အလှူဖြစ်သည်။ ခန္ဓာ ဒုက္ခသစ္စာဖြစ်ကြောင်း သိအောင် (စာတွေ့မဟုတ် ကိုယ်တွေ့ဖြစ်အောင်) ဝိပဿနာ ရှုရမည်။ ရှု၍ သိပြီး ဆိုလျှင် ဒုက္ခသစ္စာ မလိုချင်ပြီ။ ထိုအခါ လူချမ်းသာ နတ်ချမ်းသာ ဒုက္ခသစ္စာ မလိုချင်သော စိတ်ဖြင့် လှူနိုင်ပြီ။ မသိသော ပုဂ္ဂိုလ်လှူလျှင် သမုဒယသစ္စာဖြစ်သည်။ သိပြီး လှူလျှင် ဒုက္ခသစ္စာ မလာဘူး။ သိပြီးလှူလျှင် မဂ္ဂသစ္စာ ဖြစ်သွားသည်။ သိပြီး လှူလို့ မဂ္ဂသစ္စာဖြစ်လျှင် ရတာက နိရောဓသစ္စာ ဖြစ်သည်။
ဒါန သီလက သံသရာရှည်တာ မဟုတ်ဘူး။ သိမှု မသိမှုကြောင့် သံသရာရှည်ရတာဟုလည်း ဆိုသည်။ သိ၍ အားထုတ်မှ မဂ္ဂသစ္စာ ဖြစ်သည်။ မဂ္ဂသစ္စာကို အားထုတ်လျှင် နိရောဓသစ္စာ ရသည်။ ဤတွင် အသိနှင့် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တော့ စူဠသောတာပန် တည်ပြီဟု အတိအကျ မိန့်ထားသည်။
မသိဘဲ လှူတာ သမုဒယသစ္စာ
လှူလို့ ရတာ ဒုက္ခသစ္စာ
သိပြီးလှူတာ မဂ္ဂသစ္စာ
လှူလို့ရတာ နိရောဓသစ္စာ။

                                                                                                                   ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment