Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၃)

စက်ဝိုင်းကို ကြည့်ရမည်။ မိမိတို့ ရထားသော ခန္ဓာကိုလည်း ကြည့်ရမည်။ စက်ဝိုင်းကို ကြည့်ခြင်းဖြင့် သံသရာဆက်ပုံ သံသရာဖြတ်ပုံကို သိနိုင်ကြောင်း ဟောကြားသည်။
ထို့နောက် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ လုပ်ကြပုံကို အကျယ်ပြသည်။ အဝိဇ္ဇာသင်္ခါရရှိလျှင် သုံးဆယ့်တစ်ဘုံမှာ ခန္ဓာရသည်။ ခန္ဓာရခြင်းသည် ဒုက္ခသစ္စာရခြင်း ဖြစ်သည်။ အကွက်တစ် အတိတ်က သမုဒယသစ္စာငါးပါး (အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ) လုပ်ခဲ့၍ ပစ္စုပ္ပန်ဘဝမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ ခန္ဓာငါးပါးကို ရရှိသည်။ ပစ္စုပ္ပန်မှာ ခန္ဓာဒုက္ခသစ္စာ ရခြင်းသည် ကံမကောင်းလို့ မဟုတ် မသိမှု အဝိဇ္ဇာနှင့် လိုချင်မှု တဏှာကြောင့် ဖြစ်သည်။ လူတွေမှာ ပရိရေသနဒုက္ခ ဒုက္ခပေါင်းစုံဖြင့် ဒုက္ခပင်လယ်ဝေနေသည်။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အလကားပြောတာဟု မိန့်တော်မူသည် ဤသို့ ဒုက္ခရောက်နေစဉ် ဒုက္ခဖြစ်ကြောင်း သမုဒယတွေကို အားထုတ်ကြလျှင် နှစ်ခါမိုက်ဖြစ်ပြီဟုလည်း ဆိုသည်။
နှစ်နံပါတ်ထဲက အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ထပ်မံ မပေါက်ဖွားဖို့ သိပ်အရေးကြီးသည်ဟု သတိပေးသည်။ နှစ်ထဲက သုံးပေါက်ဖွားလာသည်။ ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး (သမုဒယသစ္စာ) ပေါ်လာနိုင်သည်။ ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး ပေါက်ဖွားသည့်အတွက် သေသည်၏အခြားမဲ့၌ အနာဂတ်ခန္ဓာငါးပါး ပေါက်ဖွားရပြန်သည်။ ဒုက္ခသစ္စာ ရပြန်သည်။ သမုဒယက လောင်တတ်သော မီး ခန္ဓာ ဒုက္ခသစ္စာက လောင်စာ လောင်မီးနှင့် လောင်စာ တွဲလျက်ချည်း ဖြစ်နေလျှင် ဘယ်အခါမှ မငြိမ်းချမ်းတော့ပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် လည်နေရသည်မှာ အစပ်ကလေးတွေ မဖြတ်တတ်၍ ဖြစ်ကြောင်းပြောသည်။
နှစ်အကွက်နှင့် သုံးအကွက် အစပ်သည် ပစ္စုပ္ပန် အကျိုးနှင့် ပစ္စုပ္ပန် အကြောင်းစပ် ဖြစ်သည်။ ဤနေရာတွင် သုံးနံပါတ် ပစ္စုပ္ပန်အကြောင်း မပေါ်မှ သင့်မည်။ ထိုအကြောင်း မပေါ်အောင် ထိုအဆက်ကို ဖြုတ်ရမည်။ ဝေဒနာမှ တဏှာသို့ မကူးအောင် လုပ်ရမည်။ ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်အောင် လုပ်ရမည်။ ဒါမှ သံသရာပြတ်လမ်းသို့ ရောက်မည်။ ဝေဒနာချုပ်အောင် လုပ်နိုင်မှ တဏှာချုပ်သည်။ ဒါသမုဒယသစ္စာ ချုပ်အောင်လုပ်တာဟု ရှင်းပြသည်။
ထိုသို့ ပြတ်နိုင်အောင် ဝေဒနာပေါ်တိုင်း ဉာဏ်နှင့် ရှုပေးရမည်။ ဝေဒနာဖြစ်ပျက်ကို မြင်အောင် ရှုရမည်။ ဝေဒနာနိရောဓောတိ မဂ္ဂေါဖြစ်ပြီး မဂ်ကဝင်၍ ဖြတ်လိုက်သည်။ နှစ်နှင့်သုံးအစပ် ပြတ်ပြီ။ ဝေဒနာ ဖြစ်ပျက်မြင်လျှင် ကြားထဲက မဂ်ဝင်ပြီး ဖြတ်သည်။ ဝိပဿနာမဂ်က ဖြတ်သည်။
နှစ်နှင့်သုံးအစပ်ကို ဖြတ်နိုင်လျှင် နိဗ္ဗာန်ရသည်။ ဝိပဿနာလုပ်မှ ဖြတ်နိုင်သည်။ ဝိပဿနာ အလုပ်သည် ကိုယ့်အကျိုးကို လုပ်ခြင်းဖြစ်သည်။ ဝိပဿနာ ရှုဖြစ်အောင် ရှုဖို့ တိုက်တွန်းထားသည်။ ဝိပဿနာအလုပ် မလုပ်ဖြစ်ဘဲ တခြားအလုပ် လုပ်နေခြင်းသည် နှစ်နှင့်သုံးအကွက်ကို ဆက်အောင် လုပ်နေခြင်းသာ ဖြစ်ပုံကိုလည်း ပြသည်။ သုံးဖြစ်လျှင် လေးအကွက် ဒုက္ခသစ္စာပေါ်မည်။ ဝေဒနာနှင့် တဏှာဆက်အောင် လုပ်နေသရွေ့ မဂ်မရနိုင်ပုံကို ရှင်းပြန်သည်။ ဒုက္ခချုပ်ကြောင်း ရှာနိုင်လျှင် ဝေဒနာကို ဖြစ်ပျက်ရှုရမည်ဟု ဆိုသည်။ ဖြစ်ပျက်ရှုလျှင် ဝေဒနာနှင့် တဏှာကြားမှ မဂ်က အဆက်ဖြတ်ပေးသည်။ ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာန်ဖြစ်ပြီ။

                                                                                                                     ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment