Wednesday, July 5

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော ပြုံးသေဖြစ်အောင် လုပ်ကြစမ်းပါ

အားလုံး ဒကာ ဒကာမတွေ တရားနာကြတယ် ဆိုတာ အင်မတန် ကောင်းတဲ့ စကားပါပဲ။ တရားနာတယ် ဆိုကတည်းက တပည့်တော်တို့ ဒီ အချိန်မှာ မတရားတာ မလုပ်ဘူးဆိုတဲ့ အချိန်ပိုကို တရားနာတယ် ဆိုတဲ့ စိတ်ကပဲ ဆုံးဖြတ်ချက် ချပြီး ပါပြီ။ 
တရားနာတယ်ဆိုတာ
တရားနာတယ် ဆိုတာသည်ကား လို့ဆိုရင် မတရား အလုပ်ကို မလုပ်ပါဘူးဆိုတဲ့ အချိန်ပဲလို့ ဆုံးဖြတ်ချက် ချပါ … (မှန်ပါ့)။ တရားနာတယ် ဆိုတာဘာပါလိမ့် … (မတရ်တောားတဲ့ အလုပ်ကို မလုပ်တော့ပါ)။ မတရားတဲ့ အလုပ်ကို မလုပ်တော့ဘူး လို့ ဖြစ်ပေါ်တဲ့ အချိန် … (မှန်ပါ့)။ သဘောကျပလား … (မှန်ပါ့)။ မတရားတဲ့ အလုပ် … (မလုပ်တော့ပါ)။ မလုပ်တော့ဘူး လို့ ဖြစ်ပေါ်တဲ့ အချိန်လို့ ဆုံးဖြတ်ချက် ချပါ။ အဲဒီတော့ ဒကာ ဒကာမတွေမှာ ဒီအချိန် ကလေးမှာ ကိလေသာ ရပ်စဲနေတယ်လို့ ဆိုရမယ်။ ဘာ ရပ်စဲနေ ကြသလဲ… (ကိလေသာ ရပ်စဲနေ ကြပါတယ် ဘုရား)။ ဘာဖြစ်လို့ ကိလေသာ ရပ်စဲ သလဲလို့ မေးတဲ့ အခါကျတော့ တရားကို ယောနိသော မနသိကာရ က နှလုံးသွင်း မှန်နေတဲ့ အတွက် ကိလေသာ ရပ်စဲနေ တယ်လို့ မှတ်ရမယ် … (မှန်ပါ့ဘုရား)
ကိလေသာ ရပ်စဲနေတယ်
နှလုံးသွင်း မှန်နေတဲ့ အတွက် ဘယ့်နှယ် ဆိုကြမလဲ … (ကိလေသာရပ်စဲ နေပါတယ်)။ နှလုံးသွင်း မှန်နေတဲ့ အတွက် ကိလေသာ ရပ်စဲ နေတယ်ဆိုတာ သဘောကျဖို့ အရေးကြီး ပါတယ်။ အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ နှလုံးသွင်း မှန်ဖို့ရာ ဘုန်းကြီးများက ကြုံကြိုက်တဲ့ အခါမှာ ခင်ဗျားတို့ တောင်းပန်လို့ တရားဓမ္မကို ဟောဆို နေတာသည် ဘာပါ လိမ့်မလဲလို့ မေးလို့ ရှိရင် နှလုံးသွင်း မှန်ဖို့ ခင်ဗျားတို့ ခန္ဓာမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ပြတ်ဖို့ ဒါကိုပဲ ဟောပြော နေတယ် ဆိုတာ ဆုံးဖြတ် ချက်ချပါ .. (တင်ပါ့ဘုရား)။
၀စ ၦေဂါတၱပုဏၰားႀကီး
အဲဒီတော့ ဒကာ ဒကာမတွေ မှတ်ဖို့ရာ ၀တ္ထုတစ်ခု ထုတ်ပြီး ပြပါမယ်။ တေ၀ိဇ္ဇ-၀စ္ဆဂေါတ္တဆိုတဲ့ သုတ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ၀စ္ဆဂေါတ္တဆိုတဲ့ ပုဏ္ဏားကြီးက ဧကပုဏ္ဍရိကဆိုတဲ့ ကျောင်းမှာ သီတင်းသုံးပြီး သကာလ နေတယ်။ ဘုရား ရှင် ကိုယ်တော် မြတ်ကြီးကလည်း ဆွမ်းခံကြွ မလို့ စောပါသေးတယ် လေ။ မဟာဝစ္စတို့ဆီပဲ ငါဝင်ပြီး သကာလ အလ္လာပ၊ သလ္လာပ ပြောစရာ ရှိတာ ပြောပါဦးမယ်လို့ ဒီထဲမှာ ၀င်သွားတယ်။
အိပ်နေလည်း သိပါသလားဘုရား
အဲဒီလို ပြောနေတဲ့ အချိန်မှာ အလ္လာပ, သလ္လာပ အတုံ့အပြန် ဆိုတဲ့ အောက်မေ့ဖွယ်၊ ၀မ်းမြောက်ဖွယ် စကားတွေ ပြောပြီး သည့်နောက် မေးလိမ့် မယ်နော် အရှင်ဘုရားတဲ့၊ အရှင်ဘုရား နာမည်ဟာ တယ်ကြီးတယ်။ တပည့်တော်တို့ ကြားနေရ တာက အရှင်ဘုရားဟာ ထိုင်နေလဲ သူတစ်ပါး အကြောင်းတွေ အကုန်သိတာပဲ။ သွားနေလဲ သိတာပဲ။ စားနေလဲ သိတာပဲ။ သူတစ်ပါး အကြောင်းတွေကို သွားနေလဲ သိတာပဲ။ စားနေလဲ သိတာပဲ။ သူတစ်ပါး အကြောင်းတွေကို အကုန်သိ တယ် ဆိုတဲ့ သတင်းဟာ သိပ်ပြီးတော့ မွှေးပါတယ်။ သတင်းသိပ်မွှေး ပါတယ်တဲ့။ မွှေးပင် မွှေးငြားသော်လဲ သူတစ်ပါးက ဒါ မှန်ရာ ပြောတာလား။ မတရား သဖြင့် စွပ်စွဲ တာလားလို့ ပုဏ္ဏားက မေးတယ်။ ဒကာ ဒကာမတို့ မှန်ရာကို ပြောတာလား။ မတရား သဖြင့် ဂုဏ်မြှောက်ပြီး ပြောတာလားလို့ မေးတယ် … (မှန်ပါ့ဘုရား)။ မေးတဲ့ အခါ ကျတော့ကွာတဲ့ .. ဒါ မတရား သဖြင့် ပြောတာပါ။ ငါ့မှာ အိပ်နေလဲ အကုန်သိတယ်။ ထိုင်နေလဲ အကုန်သိတယ်။ သွားနေလဲ သူတစ်ပါး ဟာတွေ အကုန်သိတယ် ဆိုတော့ မတရား သဖြင့် ငါ့ကို စွပ်စွဲ တာပါ။
မတရား သဖြင့် စွပ်စွဲတာ
ဒကာ ဒကာမတွေ … (မှန်ပါ့)။ ဘုရား အကုန်သိတယ်ဆိုတာ အိပ်နေလဲ အကုန်သိတယ်။ စားနေလဲ အကုန်သိတယ်။ ထိုင်နေလဲ အကုန်သိတယ် ဆိုတာ ဘုရားက ဘယ်လို ဖြေလိုက်သလဲ … (မတရားသဖြင့် စွပ်စွဲ တာပါ)။ မတရားသဖြင့် စွပ်စွဲတာ။ ငါ မသိပါဘူးကွ။ 
ဇောစိတ်ကမှသိတယ်
ခင်ဗျားတို့ ဘုရား အကုန်သိတယ်၊ အကုန်သိတယ်လို့ ထင်ပြီးနေကြတယ်။ အိပ်နေလဲ သိတယ်။ စားနေလဲ သိတယ်။ ထိုင်နေလဲ သိတယ်ဆိုတော့ ဒကာ ဒကာမတွေ သိပါ့မလား …(မသိပါဘုရား)။ အိပ်နေတာ ဘ၀င်စိတ်နဲ့ အိပ်တယ်။ ဘ၀င် စိတ် ဆိုတာ ဘာတုံး ဒကာ ဒကာမတို့။ ဇောစိတ် ဟုတ်ကြရဲ့ လား … (ဇောစိတ် မဟုတ်ပါဘုရား)။ ဘ၀င် စိတ်ဟာ ဘ၀င် စိတ်ပဲ လို့ မှတ်ကြ။ အိပ်နေတဲ့ စိတ်ကို ဘာစိတ် ခေါ်ကြမလဲ … (ဘ၀င်စိတ်) ။ ဇောစိတ်ကမှ သိတယ် … (မှန်ပါ့)။ အဲဒီတော့ကိုတဲ့ ဘ၀င်စိတ်နဲ့ ငါ အိပ်နေတဲ့အခါ ငါအကုန်သိတယ်။ သွားနေလဲ အကုန်သိတယ်။ စားနေလဲ အကုန်သိတယ် ဆိုတဲ့ ဥစ္စာဟာ ငါ့ကို မတရား သဖြင့် စွပ်စွဲကြတာပါ ကွာတဲ့။ ဒီ ဥစ္စာ မသိလို့ အိပ်နေလဲ အကုန်သိတယ် ဆိုတာ ဘာတဲ့တုံး ဘုရားက … (မတရားသဖြင့် စွပ်စွဲတာ ပါဘုရား)။ မတရား သဖြင့် စွပ်စွဲတာ။ မတရား သဖြင့် စွပ်စွဲတာပါကွာတဲ့။ တကယ် ငါ မသိပါဘူးတဲ့။ ရိပ်မိကြပလား … (မှန်ပါ့)။ တကယ် ငါမသိ ပါဘူးတဲ့။ မတရားသဖြင် စွပ်စွဲတာပါ တဲ့။ 
ဉာဏ်သည် ဉာဏ်ဇောစောမှ ကိန်းသည်
သဗ္ဗညုတဉာဏ်သည် အိပ်နေတုန်းမှာ ကိန်းပါ သလားလို့ မေးလို့ ရှိရင်ဖြင့် ဉာဏ်ဟာ ဉာဏ်ဇောစောမှ ကိန်းတယ်။ အိပ်နေတုန်း ဘာမှ မသိဘူးလို့ ဆုံးဖြတ်ချက် ချပါ။ ရှင်းကြလား … (ရှင်းပါပြီဘုရား)။ ဆွမ်းဘုန်းပေး နေတယ် ကိုယ်တော် မြတ်ကြီး သူ့ဟာသူ ပစ္စဝေက္ခဏာ ဆင်ခြင်နေတာ သူများဟာတွေ သိပါ့မလား … (မသိပါဘုရား)။ အဲဒါကွာတဲ့ .. သွားလို့ ရှိရင်လဲ ငါသည် ၀ိပဿနာ အလုပ်,လုပ်နေတယ်။ သူများဟာတွေကို ဘယ်လိုလုပ် သိလိမ့်မတုံးကွ တဲ့။ ငါ့ အကြောင်းသာ ငါသိတာပေါ့။ ဒီလိုဆိုတော့ မတရား သဖြင့် စွပ်စွဲတယ် ဆိုတာ မပေါ် သေးဘူးလား… (ပေါ်ပါတယ် ဘုရား)။ မတရား သဖြင့် စွပ်စွဲတယ် ဆိုတာ ဒကာ ဒကာမတွေ သိကြလား … (သိပါပြီ)။ အိပ်နေရင် ဘုရားသိ သလား …(မသိပါဘုရား)။ စားနေရင်ရော … (မသိပါဘုရား)။ သူတစ်ပါး စိတ်ကိုနော်။ သူတစ်ပါးတို့၏ အားလုံးကုန် ဖြစ်စဉ်ကို မသိပါဘူး။
သိတယ်ဆိုတာ ဆင်ခြင်မှ သိတယ်
အဲဒီလို မသိတာတွေ ဒကာ ဒကာမတွေက မှတ်ထား လိုက်တော့မှ သြော် ဘုရားသခင် ကိုယ်တော် မြတ်ကြီး သည်ပင်လျှင် သိတယ် ဆိုတာ ဆင်ခြင်မှ သိတာကိုး, လို့ မှတ်ပါ … (မှန်လှပါ)။ ဦးသူတော်ကြီး ဘယ်လို မှတ်သလဲ …(ဆင်ခြင်မှ သိတာပါဘုရား)။ ဆင်ခြင်မှ သိတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချပါ … (မှန်ပါ့)။ မဆင်ခြင်ရင် ဘာမှ မသိဘူး … (မသိပါဘုရား)။ မသိဘူးတဲ့။ ဆင်ခြင်တယ်ဆိုတာ ပစ္စဝေက္ခဏာဇောလို့ မှတ်ကြ စမ်းပါ … (မှန်ပါ့)။ ဆင်ခြင်တယ် ဆိုတာ … (ပစ္စဝေက္ခဏာဇောပါ)။ ပစ္စဝေက္ခဏာ ဇောကျမှ သိတယ်။ ဒါလဲ တစ်ဦး တစ်ယောက်ကို စူးစူး စိုက်စိုက် ဆင်ခြင်မှ သိတာ။ အားလုံးသိတာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချပါ … (တင်ပါ့ဘုရား)။ ကိုင်း..ဒါဖြင့် အရှင် ဘုရား နာမည် တပည့်တော်တို့ ဘယ်လို ပေးရမှာတုံးတဲ့။ သိတဲ့ ကိုယ်တော်ကြီး၊ မသိတဲ့ ကိုယ်တော်ကြီး ဒီလို နာမည်ပေးရမှာလား။ ပုဏ္ဏားက ကတ်ကတ်သတ်သတ် မေးတယ် … (မှန်ပါ့)။ 
တေ၀ိဇ္ဇပုဂ္ဂိုလ် ဆိုရင် မှန်တယ်
မမေးသင့်ဘူးလား သူမေးတာ … (တင်ပါ့)။ ပုဏ္ဏားက ကတ်ကတ်သတ်သတ် မေးပြီးနေတော့ ငါ့နာမည်ဟာကွာတဲ့ တေ၀ိဇ္ဇပုဂ္ဂိုလ်ကြီးလို့ ဆိုရင် အဲဒါ မှန်တယ်ကွ။ တေ၀ိဇ္ဇပုဂ္ဂိုလ်ကြီး ဆိုရင် မှန်တယ်ကွတဲ့။ အိပ်နေလဲ သိတယ်။ စားနေလဲ သိတယ်။ ထိုင်နေလဲ သိတယ်။ သွားနေလဲ သိတယ် ဆိုတာတော့ ငါ့ဘုရားကို မတရားသဖြင့် စွပ်စွဲတာကွ။ ဒါတော့ မသိဘူး တဲ့။ ရှင်းကြပလား … (ရှင်းသွားပါပြီဘုရား)။ ဘုရား အကုန်သိတာပဲ ဆိုတာ ခင်ဗျားတို့က နှုတ်တက် ပြောနေတာ။ ဘယ်သိ လိမ့်မတုံး။ ခင်ဗျားတို့ရော အိပ်နေတော့ ဘာများ သိသတုံး … (မသိပါဘုရား)။ ဘ၀င်စိတ်နဲ့ အိပ်နေတာကိုးဗျ … (မှန်ပါ့)။ ဘုရားသခင်လဲ ကျိန်းတော့ ဘယ်စိတ်နဲ့ ကျိန်းတာတုံး … (ဘ၀င်စိတ်နဲ့ ကျိန်းပါတယ်ဘုရား)။ ဘယ်သိလိမ့်မတုံး ဦးမာဒင်ရ … (မှန်လှပါဘုရား)။ ဒါဖြင့် အရှင် ဘုရား နာမည် တပည့်တော်တို့ ဘယ်လိုပေးရမှာ တုံး။ ဘယ်လိုများ ကြည်ညိုရမှာတုံး။ ဘယ်လိုများစည်း ကပ်ရမှာတုံး မေးတဲ့ အခါကျတော့ ငါ့ကို တေ၀ိဇ္ဇပုဂ္ဂိုလ်ကြီးလို့ ဆိုရင်မှန်တယ်ကွ.. ရှင်းပလား … (ရှင်းပါပြီ)။ ဘာပုဂ္ဂိုလ်မှ မှန်တယ် … (တေ၀ိဇ္ဇပုဂ္ဂိုလ်မှ မှန်ပါတယ်)။ တေ၀ိဇ္ဇပုဂ္ဂိုလ်ကြီးလို့ ဆိုရင် မှန်တယ်ကွ ဒကာ ဒကာမတွေ ရိပ်မိပြီ။
၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
တေ၀ိဇ္ဇပုဂ္ဂိုလ်ကြီး ဆိုတာက ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ ငါအောက်မေ့လိုက် လို့ ရှိရင်ဖြင့် ဒီအဘိညာဉ်ကို ၀င်စားပြီး ကြည့်လိုက်လို့ ရှိရင်ဖြင့် ရှေးတုန်းက ရှေးဘ၀တွေက ဘာဖြစ်ခဲ့တယ်။ ဘာဖြစ်ခဲ့တယ် ဆိုတာ အဲဒီလို အဘိညာဉ် ၀င်စား ကြည့်လိုက်တဲ့ အခါ သိပါတယ်။ လူတစ်ယောက်ကို အစအဆုံး သိတယ်။ ရှေးအတိတ်တွေကို အကုန် ပြန်တွေးရင် သိတယ် … (တင်ပါ့ဘုရား)။ အတိတ်တွေကို ပြန်တွေးရင်ရော … (သိပါတယ်ဘုရား)။ ဒါ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတဲ့ ဥစ္စာကို သမထ အလုပ်လုပ် ပါဦးမှ သိမယ်ကွ။ မလုပ်ရင် မသိပါဘူး။ မသိဘူး ဆိုတော့ သြော် သူ့ကိစ္စနဲ့ သူသိတာကိုးလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချပါ … (တင်ပါ့)။ ဦးသံဒိုင် ရိပ်မိပြီလား … (မှန်ပါ့)။
၂။ ဒိဗ္ဗစက္ကုအဘိညာဉ်
နောက်ကွာတဲ့ ဒိဗ္ဗစက္ကု အဘိညာဉ်နဲ့ ဒီလူဟာ ဘယ်တော့ သေလိမ့်မယ်။ ဘယ်တော့ နာလိမ့်မယ်။ ဘယ်တော့ အခါကျတော့ တရားရလိမ့်မယ်။ ဘယ်တော့ အခါကျတော့ တရားရလိမ့်မယ်။ ဘယ်တော့ အခါကျ ပျက်စီးလိမ့်မယ် ဆိုတာ ဒိဗ္ဗစက္ကုအဘိညာဉ် ၀င်စားပြီး ကြည့်လိုက်ပြန်လဲ သိပြန်တာပဲကွ။ ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ခြင်မှ သိတာ … (မှန်ပါ့)။ မဆင်ခြင်ရင် … (မသိပါ)။ မဆင်ခြင်ရင် မသိဘူးဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။ အလုံးစုံ သိတဲ့ ကိုယ်တော်မြတ်ကြီး ဆိုပြီး ခင်ဗျားတို့က ရမ်းကြည်ညို မနေနဲ့။ ဆင်ခြင်မှ သိတယ် … (တင်ပါ့ဘုရား)။
၃။ အသ၀က္ခယဉာဏ်
ပြီးတော့ ငါသိ တရား တစ်မျိုး ရှိသေးတယ်ကွာတဲ့။ အခုနှစ်ခု ပြီးသွားပြီတဲ့။ သုံးခုရှိတယ်။ သုံးခုတော့ ငါသိတယ်။ အာသဝေါ တရား ကုန်တဲ့ ဒီပုဂ္ဂိုလ်ကို အာသဝေါတရား ကုန်အောင် ငါ ဘယ်လိုလုပ် ဟောရမယ် ဆိုတဲ့ ငါ့ကိုယ်ငါ အာသဝေါ တရား ကုန်ဖို့ သိတဲ့ဉာဏ်လဲ ငါ့မှာရှိတယ်။ သူတစ်ပါး အာသဝေါတရား ကုန်ဖို့ ဟောနိုင်တဲ့ ဉာဏ်လဲ ငါ့မှာ ရှိတယ်။ အာသ၀က္ခယ ဉာဏ် လဲ ငါ့မှာ ရှိတယ်ပေါ့လေ။ ဒါဖြင့် ဘုရားမှာ ဉာဏ် ဘယ်နှစ်ဉာဏ် ရှိသတုံး … (သုံးဉာဏ် ရှိပါတယ်)။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ကုဉာဏ်၊ အာသ၀က္ခယဉာဏ် ဒီဟာတွေတော့ ရှိပါတယ်ကွာ ဆိုပြီး သကာလ ဘုရားက အဖြေ ပေးလိုက်တယ် သဘောကျရဲ့ လား … (ကျပါတယ်ဘုရား)။
ဒီသုံးဉာဏ်ရှိလို့ တေ၀ိဇ္ဇပုဂ္ဂိုလ်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဘုရားမှာ ရှိတယ် … (တင်ပါ့)။ ဒါလဲ ဆင်ခြင်မှနော် … (မှန်ပါ့)။ ဒိဗ္ဗစက္ကုဉာဏ်ရော (ရှိပါတယ်ဘုရား)။ ဒါလဲ ဒီ ဒိဗ္ဗစက္ကုဉာဏ် အမြဲရှိနေသလား … (မရှိပါဘုရား)။ မရှိဘူး။ သမထအလုပ် လုပ်မှ … (မှန်ပါ့)။ ထပ်လုပ်ပြီး ကြည့်ရမယ်။ သဘောပါကြပလား … (မှန်ပါ့)။ အာသ၀က္ခယဉာဏ် ဆိုတာလဲ ပုဂ္ဂိုလ်ကို ရင့်တာ၊ နုတာ ချိန်ပြီးတော့မှ ဟောနိုင်တဲ့ ဉာဏ်ရှိပါတယ်။ နုနေလို့ရှိရင် ဟောကို မဟောပါဘူး … (တင်ပါ့)။ ဒကာ ဒကာမတို့ ဟောပါ့မလား … (မဟောပါဘုရား)။ ဒါဖြင့်ဘုရားကိုယ်တော်မြတ်ကြီးမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ်လို့ ဒီဉာဏ်သုံးခုတော့ ရှိတော့ ရှိတယ်။ အိပ်နေလဲသိတယ်။ စားနေလဲသိတယ်။ သွားနေလဲသိတယ် ဆိုတာကတော့ ငါ့ကို ကဲ့ရဲ့ ကြတာကွ။ ဒါ ခင်ဗျားတို့လဲ ကဲ့ရဲ့ တဲ့အထဲမှာ မပါကြစေနဲ့။ အကုန်သိတာလား၊ ဒီဉာဏ်တွေနဲ့ ၀င်စားမှ သိတာလား …(ဒီဉာဏ်တွေနဲ့ ၀င်စားမှ သိတာပါဘုရား)။ ဒီဉာဏ်တွေနဲ့ ၀င်စားမှ သိတယ်ဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချပါ။ ဒါတွေက ဗဟုသုတအဖြစ် ပြောတာပါ။ လိုရင်း ပြောချင်တာက ဒါမဟုတ်သေးပါဘူး ဆိုတာ ဆုံးဖြတ်ချက် ချပါ ... (မှန်ပါ့)။ လိုရင်းက အလုပ်တရားကို ပြောချင်တာ။ အလုပ်တရားက ဒီအထဲမှာ ပါနေတယ် … (မှန်ပါ့)။
လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား
ဒါနဲ့ ၀စ္ဆဂေါတ္တပုဏ္ဏားက ဆက်မေးပြန်တယ်။ အရှင်ဘုရားတဲ့. တပည့်တော် အရှင်ဘုရားဉာဏ်နဲ့ပဲ ချိန်ပြီးတော့ တပည့်တော်များ ဖြေကြားပေးပါ။ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန် ရောက်ပါ့မလား..တဲ့။ ဒါမှ အချက် …(မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါတယ်)။ ဒါကို သေသေချာချာ မှတ်ရမယ် … (မှန်ပါ့)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါ တရားကုန်ရာ နိဗ္ဗာန်ရပါ့မလား လို့ မေးလိုက်တယ် … (မှန်ပါ့)။ မှတ်မိကြပလား … (မှတ်မိပါပြီ)။ ဘာတဲ့တုံး … (လူဟာလူ့ သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလားတဲ့)။ အာသဝေါတရား ကုန်တဲ့ နိဗ္ဗာန် ရပါ့မလားလို့ ပုဏ္ဏားက မေးလိုက်တယ်။ မှတ်မိကြပြီလား … (မှန်ပါ့)။ ဒီဟာ အလုပ်နဲ့ ဒါမှ ကိုက်တယ်။ လူဟာ လူ့ သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရား ကုန်တဲ့ နိဗ္ဗာန် ရောက်ပါ့မလားလို့ မေးလိုက်တယ် ..ဦးမြရဲ့  … (မှန်ပါ့)။ မေးချက်က မကောင်းဘူးလား … (ကောင်းပါတယ်ဘုရား)။ မေးချက်က အင်မတန် ကောင်းတယ်ဆိုတာ ဆုံးဖြတ်ချက် ချပါ။ သခင်ဝတင် ဒါတွေကအချက်။ ခုနကဟာကတော့ ဘုရားကို မှန်ကြောင်း မှားကြောင်း သိအောင် ဘုန်းကြီးက ဟောနေတာပါ။
နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး
အဲဒီတော့ ဘုရားက အဖြေပေးလိုက်တယ်။ မှတ်လိုက်စမ်းပါ။ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါ တရား ကုန်ရာ ဒုက္ခ၏ ဆုံးရာ နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူးကွ။ ဖြေပြီ … (မှန်ပါ့ဘုရား)။ ဖြေပုံ သဘောကျကြရဲ့ လား … (ကျပါတယ် ဘုရား)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ …(နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး)။ အာသဝေါ တရားကုန်ရာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူးတဲ့ … (တင်ပါ့ဘုရား)။ သဘောပါလား … (ပါပါတယ်ဘုရား)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဘယ့်နှယ့်တုံး … (နိဗ္ဗာန်ဘယ်တော့မှ မရောက်ပါဘုရား)။ ဒါဖြင့် ဒီအထဲမှာ ရောက်မည့်သူ ပါပါ့မလား .. ဆိုတဲ့.. ဘုန်းကြီး ကလဲ ထူးထူးခြားခြား ဟောနေတယ်။ ဒီအထဲမှာ ဒကာ ဒကာမတွေကလဲ လူ့သံယောဇဉ် တွေနဲ့ ရောက်မည့်သူ တစ်ယောက်မှ မပါဘူး ဆိုတဲ့ အဓိပ္ပာယ်တွေ ယူချင်ယူ ပစ်လိုက်မယ် … (မှန်ပါ့)။ မယူပေဘူးလား … (ယူရမှာပဲဘုရား)။ ဟုတ်တယ်တဲ့။ သံယောဇဉ် မစွန့်ဘဲနဲ့ မရာတာကတော့ ဖြင့် အမှန်ပဲတဲ့ … (မှန်ပါ့)။ ဒကာ ဒကာမတို့ … (မှန်ပ့ါ)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို ရနိုင်ပါ သလား … (မရနိုင်ပါ)။ မရနိုင်ဘူး ဆိုရင်ဖြင့် အခု တရားနာ ပရိသတ် မနည်းလှပါဘူး … (မှန်ပါ့)။ တစ်ယောက်မှ ရမည့်သူ မပါ ပါဘူး ဆိုတာ သေချာပလား … (သေချာပါတယ်)။ သေချာတယ်တဲ့။ အဲဒီတော့ ဘုန်းကြီးက ရှင်းပြပါ့မယ်။ ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ္တာနုပဿနာ လုပ် … (တင်ပါ့)။ စိတ္တာနုပဿနာ ကြိုက်တော့ စိတ်ကို ရှုနေတယ် ဆိုလို့ ရှိရင်ဖြင့် စိတ်က အနိစ္စ၊ စိတ်က ဖြစ်ပြီး ပျက်နေတော့ အနိစ္စ ပေါ့ဗျာ … (မှန်ပါ)။ ရှုနေတဲ့ ဉာဏ်ကလေးက မဂ္ဂ ဖြစ်လာတော့ ဒီအချိန်မှာ သံယောဇဉ် ပြတ်တယ် … (မှန်ပါ့)။ ဒီအချိန်မှာ … (သံယောဇဉ်အပြတ်)။ အဲဒီ ပြတ်တဲ့အချိန်ကျတော့ ရတယ်။ သဘောကျရဲ့ လား … (ကျပါတယ်ဘုရား)။
အားရှိစရာပါသေးတယ်
ဒါဖြင့်လည်း လုံးလုံး မရဘူးလားလို့ ဆိုမလား ဆိုတော့.. အို .သံယောဇဉ် ပြတ်တဲ့ အချိန်ကျတော့ ရတယ် … (မှန်ပါ့)။ ဒါကြောင့် ဦးသံဒိုင်.. အားရှိစရာပါ ပါသေးတယ် … (မှန်ပါ့ဘုရား)။ အားရှိစရာပါ ပါသေးတယ်။ ဒကာ ဒကာမတွေ ဘာမှ မလျော့နဲ့။ အလုပ်သဘောနဲ့ ပြောလို့ရှိရင် အင်မတန် ရှင်းပါလိမ့်မယ် … (မှန်ပါ့)။ အလုပ်သဘောနဲ့ ပြောတော့ ခင်ဗျားတို့ မြင်ရ မမြင်ရတော့ မပြောတတ်ဘူး။ ဒီထဲမှာ သဠာယတနဆိုတာ ခြောက်ခု … (မှန်ပါ့)။ စိတ်မပါဘူးလား … (မှန်ပ့ါ။ ပါပါတယ်ဘုရား)။
ဖြစ်ပျက်ရှုနေရင်သံယောဇဉ် မလာပါ
အဲဒီစိတ်ကို ဒီကနေပြီး သကာလ စိတ်ဖြစ်တိုင် ပျက်တိုင်း ဒီကနေ ဉာဏ်ကလေး ဆက်ပေး၊ သြော် ဖြစ်ပြီး ပျက်နေပြီ။ ဖြစ်ပြီး ပျက်နေပြီ ဆိုတော့ ဒီသံယောဇဉ် လာသေးရဲ့ လား … (မလာပါဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဘယ့်နှယ့်နေသေး သလဲ … (မလာပါ)။ ဒီအချိန်မှာ ရမယ် … (မှန်ပါ့)။ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ သံယောဇဉ် ဆိုတာ အမြဲတမ်း နေတဲ့ တရားလား။ ဟုတ်လား၊ အကြောင်းတိုက်ဆိုင်မှ ပေါ်တ့ တရားလား ဆိုတာေးပါဦး …(မှန်ပါ၊ တိုက်ဆိုင်မှ ပေါ်ပါတယ်)။ တိုက်ဆိုင်မှ ပေါ်တယ်။ အဲဒီတော့ ကျုပ်တို့က မတိုက်ဆိုင်အောင် လုပ်တော့မယ် … (မှန်ပါ)။ ဒီ ခန္ဓာထဲ မှာပဲ ရှိတဲ့ စိတ်ကိုပဲ စိတ်ကြိုက် စိတ်၊ ဖဿကြိုက် ဖဿ၊ ဝေဒနာကြိုက် ဝေဒနာ၊ ဒါကို ကျုပ်တို့ ရှုမယ်။ ဟောဒီကနေပြီ မရှုနိုင်ဘူးလား … (ရှုနိုင်ပါတယ်ဘုရား)။ 
အလုပ်လုပ်ရင် နိဗ္ဗာန်ရပါတယ်
ရှုနိုင်တဲ့အခါ ဒီဘက်က သံယောဇဉ် ဘယ့်နှယ်နေမတုံး။ တဏှာ, ဥပါဒါန် ဒီအချိန် အလုပ်သာ လုပ်ရမယ် … (မှန်လှပါ)။ သဘောပါလား … (မှန်ပါ့)။ ထောက်ပြတော့ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား … (ရှင်းပါတယ်)။ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလား ဆိုတော့ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် မရဘူးကွ … (မှန်ပါ့)။ ဒီအဖြေထွက်လာတယ် … (မှန်ပါ့)။ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရင် … (ရပါတယ်ဘုရား)။
အလုပ်လုပ်မှ သံယောဇဉ်ပြတ်မယ်
ရနိုင်တယ်ဆိုတော့ ဒကာ ဒကာမတွေ တရားနာတာ သိဖို့ နာတာပါ။ အလုပ်လုပ်မှ ခင်ဗျားတို့ သံယောဇဉ် ပြတ်မယ် … (မှန်ပါ့)။ အလုပ်လုပ်တော့ကို သံယောဇဉ် ရှိနေရင်လဲ မဂ်မလာဘူး။ မဂ်လာနေရင်လဲ သံယောဇဉ် မရှိဘူး။ သဘောပါကြ လား … (ပါ,ပါတယ်ဘုရား)။ ဒီနေရာမှ စိတ်ကလေးကို ဒီကနေ ဖြစ်ပျက် ရှုလိုက်တော့ ဒီဘက် သံယောဇဉ် ပြတ် မပြတ် ခင်ဗျားတို့ပဲ အကဲခတ်ပါ … (ပြတ်ပါတယ် ဘုရား)။
ဘယ်မှာ မရဘဲ ရှိရမှာလဲ
ဒီနေရာ ကနေပြီး မဂ်လာမှာကိုး … (မှန်လှပါ)။ မလာပေဘူးလား … (လာပါတယ်ဘုရား)။ မဂ်လာတော့ ဒီအဆက် ကလေး ဘယ့်နှယ်နေမလဲ … (ပြတ်ပါတယ်ဘုရား)။ ပြတ်သွားတော့ ဒါ သံယောဇဉ် ကင်း မကင်း … (ကင်းပါတယ်ဘုရား)။ ထိုကဲ့သို့ ကင်းလို့ ရှိရင်ဖြင့် ဘယ်မှာ မရဘဲ ရှိရမလဲ … (မှန်ပါ့)။ ဒါဖြင့် ဒီနေရာမှာ မဂ် သွင်းနိုင်တဲ့ ပုဂ္ဂိုလ် သခင်ဝတင် … (ရမယ်)။ ဒီနေရာမှာ မဂ် မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် … (မရပါ)။ မောင်ထွန်းရင် ရပါ့မလား … (မရပါဘုရား)။ ရှင်းရဲ့ လား ဦးညွန့်တို့ ရှင်းပလား … (ရှင်းပါပြီဘုရား)။ သံယောဇဉ် ပြတ်မပြတ်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ အနုသယ သဘောနဲ့ အမြဲ ကိန်းနေတယ်။ သဘောကျသလား … (မှန်ပါ့ဘုရား)။ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ သံယောဇဉ် အနုသယ သဘောနဲ့ ကိန်းတဲ့ ဥစ္စာသည် အာရုံကြောင့် ပေါ်နိုင်သေးရဲ့ လားေးမရင် ဘယ့်နှယ် ဖြေကြမလဲ … (မပေါ်နိုင်တော့ပါ ဘုရား)။ မဂ်ဝင်ရင် ပေါ်နိုင်သေးရဲ့ လား … (မပေါ်နိုင်ပါ)။ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။ ကောင်းပြီ .. ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခ ချုပ်တဲ့ နိဗ္ဗာန် ရပါ့မလားလို့ ဒကာ ဒကာမတွေ မေးပြီ။ ရပါ့မလား …(မရပါ ဘုရား)။ အလုပ်လုပ် ပြန်လို့ ရှိရင်တော့ … (ရနိုင်ပါတယ်)။ ဒါဖြင့် နှစ်နည်း ရှိနေတာပဲ။ ဒကာ ဒကာမတွေ ဘာရှိနေသလဲ … (နှစ်နည်းရှိပါတယ်)။ အဲဒါ ခင်ဗျားတို့ ဒီဝစ္ဆဂေါတပုဏ္ဏားကို အတော် ကျေးဇူးတင်ဖို့ ကောင်းတယ်။ မေးချက် သိပ်ကောင်း တယ်။ မေးချက်က လူဟာ သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရောက်ပါ့မလားလို့ သူက မေးလိုက်တယ် … (မှန်ပါ့)။ ဘုရားက ဘယ့်နှယ်ဖြေလိုက်တုံးဗျ … (မရောက်ပါ)။ မရောက်ဘူးကွ။ ဘာရောက်မတုံး။ စိတ္တပစ္စယာ တဏှာ၊ ဖဿပစ္စယာ .. (တဏှာ)။ ဝေဒနာပစ္စယာ … (တဏှာပါဘုရား)။ ဒီမှာ အလုပ်က မလုပ်ဘဲကိုး။ ဒီနေရာ အလုပ်လုပ်ရမယ့် နေရာ အလုပ် မလုပ်ဘူး။ သဘောပါသလား …(ပါ,ပါတယ်ဘုရား)။ အလုပ် လုပ်ရမယ့် နေရာကို … (အလုပ် မလုပ်ပါဘုရား)။ အလုပ် လုပ် လိုက်လို့ ရှိရင် စိတ္တပစ္စယာ တဏှာလာသေးလား၊ စိတ္တပစ္စယာမဂ္ဂေါလို့ ဆိုသလား … (စိတ္တပစ္စယာ မဂ္ဂေါလို့ ဆိုပါတယ် ဘုရား)။ မဂ်က လာမယ်။ ဒါဖြင့် ရ,ရမယ် … (မှန်ပါ့)။ မရပါနဲ့ဆိုလို့ … (မရပါဘုရား)။ ဒီလိုဆို လို့ရှိရင် ခုနက ၀စ္ဆဂေါတ္တ ပုဏ္ဏား မေးလိုက်တာ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲ နိဗ္ဗာန်ရသလား ဆိုတာ။ ဒီလို လည်နေရင် မရဘူးပြောတာ။ ဒီလို ပြတ်သွားလို့ရှိရင် …(ရပါတယ်) ဆိုတော့ ဒါက သက်သေခံ မလုံလောက် သေးဘူးလား … (လုံလောက်ပါတယ်ဘုရား)။ 
ပါရမီစခန်းကို ရုပ်သိမ်းလိုက်တော့
အဲဒါ ဒကာ ဒကာမတွေက သြော်.. ငါ့မှာ ပါရမီ မရှိဘူးဆိုတာ ပါရမီစခန်းကို ရုပ်သိမ်းလိုက်တော့ … (မှန်ပါ့)။ အလုပ် လုပ်ရင် ပြတ်တာပဲ … (မှန်ပါ့)။ အလုပ် လုပ်ရင် … (ပြတ်ပါတယ်ဘုရား)။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ လက်ဝဲရံ၊ လက်ယာရံ အသီတိ ရှစ်ကျိပ်သာ ပါရမီ လိုတယ်။ ခင်ဗျားတို့က ဒါပြတ်ရင် ရတယ် … (မှန်ပါ့)။ သာဝကတွေက ဒါ ဖြတ်ရင် ရတယ် … (မှန်လှပါ)။ ရှင်းပလား … (ရှင်းပါပြီ)။ ပေါ်ကြပလား … (ပေါ်ပါပြီ)။ လုပ်စမ်းပါလို့ ဒကာ ဒကာမတို့ကို တွန်းပေးနေတယ်… (မှန်ပါ့)။ မတွန်းသင့်ဘူးလား … (တွန်းသင့်ပါတယ်ဘုရား)။ ခင်ဗျားတို့က တွန်းတယ် ဆိုရင် ရှေ့ကသွားမလား။ နောက်ပြန်ဆုတ် မလား။ မေးရမယ် ဒီဥစ္စာ … (မှန်ပါဘုရား)။ မေးလို့ရှိရင် ဒီဒကာရင်း ဆရာရင်းတွေဟာ ပျော့တော့တော့ ဖြစ်နေမှာပေါ့ … (မှန်ပါ့)။ မဟုတ်ဘူးဆိုရင် ဒီဆက် … (တင်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ ဝေဒနာပစ္စယာ …(တဏှာ)။ တဏှာပစ္စယာ … (ဥပါဒါနံ)။ ဥပါဒါနပစ္စယာ …(ကမ္မဘဝေါ)။ ဟောဒီ ဆက်ပြီ၊ ကမ္မဘ၀ပစ္စယာ … (ဇာတိ)။ ဇာတိပစ္စယာ … (ဇရာမရဏပါဘုရား)။ ဒါဟာ ခင်ဗျားတို့ ဘုန်းကြီးတွန်းလို့မှ မလိမ့်လို့ ရှိရင် အ၀ိုင်းကြီး ရစ်ကြပေတော့ … (တင်ပါ့)။ ဒကာ ဒကာမတို့ ဘုန်းကြီး ဒီနေရာ ဖြတ်ဆိုတဲ့ နေရာကို ခင်ဗျားတို့ မဖြတ်ဘူး။ ဒီနေရာကနေ သံယောဇဉ် စွန့်ရမှာကိုး။ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဒီနေရာ သံယောဇဉ် စွန့်ရမယ် … (မှန်ပါ့)။
ငါတို့သည် တရားရထိုက်တဲ့ ပုဂ္ဂိုလ်
အဲဒါကြောင့် ဒကာ ဒကာမတွေက ငါတို့ ရထိုက်တဲ့ ပုဂ္ဂိုလ် ဟုတ်,မဟုတ် ဘယ်သူမှ မေးမနေနဲ့။ ဒီနေရာမှာ ၀ိပဿနာ မဂ် ၀င်လို့ရှိရင် ၀ိပဿနာမဂ် ရင်လာရင် လောကုတ္တရာမဂ် ဖြစ်ရတဲ့နေရာ … (မှန်ပါ့)။ ခင်ဗျားတို့ သံသယ ရှိဖို့ မလိုဘူး။ သဘောကျပလား … (ကျပါတယ်ဘုရား)။ အဲဒီတော့ ဝေဒနာနဲ့ တဏှာ မကူးဖို့၊ ဖဿနဲ့ တဏှာ မကူးဖို့ စိတ်နဲ့ တဏှာ .. (မကူးဖို့ပါဘုရား)။ မကူးရင် ပြီးတာပါပဲ။ မကူးအောင် ဘာလုပ်ရ မလဲဆိုတော့ စိတ်က ဖြစ်ပျက် ဆိုလို့ ရှိရင် ဒီက ရှုမိတဲ့ မဂ် ကလေး လိုက်ပေးလိုက် … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီဘုရား)။ ဖဿက ဖြစ်ပျက်၊ ဖြစ်ပြီးပျက်တယ် ဆိုရင် ရှုမိတဲ့ မဂ်ကလေး ဒီကလိုက် … (မှန်ပါ့)။ ဖဿကြိုက်တဲ့ လူက ဖဿရှု လိုက်ပေါ့လေ။ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာ ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့၊ ဒီက ရှု မဂ်ကလေး လိုက်လိုက်၊ သံယောဇဉ်တွေ ..ဘယ့်နှယ့်နေမလဲ … (ပြတ်သွားပါတယ်ဘုရား)။ ဒါဖြင့် လုပ်ရင် ပြတ်တယ် … (တင်ပါ့)။ မလုပ်ရင် ဦးမြ … (မပြတ်ပါဘုရား)။ သြော် ..သံယောဇဉ်တွေက များလွန်းလို့ ဘုရား၊ တပည့်တော်တို့ အတွက်တော့ ခက်ပါသေးရဲ့ဆိုတာ သူမလုပ်ဘူး ပြောတာ ရိပ်မိပလား … (ရိပ်မိပါပြီ)။ လုပ်မယ် ပြောတာလား၊ မလုပ်ဘူး ပြောတာလား … (မလုပ်ဘူး ပြောတာပါဘုရား)။
အလုပ်မလုပ်ရင် အ၀ိုင်းပြေး ပြေးပြီ
မလုပ်ရင် အ၀ိုင်းပြေး ပြေးပြီပေါ့ဗျ။ ဒီက ၁ လာတော့ ၂ မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား)။ ၂ ကနေပြီး မလုပ်တော့ ၃ မရောက်ပေဘူးလား … (ရောက်ပါတယ်)။ ၃ ကနေ ၄ … (ရောက်ပါတယ်)။ ၄ ကနေ ၁ ပြန်မယ်။ ကဲ.. ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ် ကြမလဲ။ ဒီလိုပဲ အ၀ိုင်းပြေး တော့မလား။ အ၀ိုင်းပြေးတာ ထွက်ပေါက် ပါသေးရဲ့လား… (မပါ,ပါ ဘုရား)။ ဒါ ဘယ်လို ပုဂ္ဂိုလ်ဟာ အ၀ိုင်းပြေးတာတုံး မေးရင် ဘယ့်နှယ်ပြောကြမလဲ … (အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အ၀ိုင်းကြီး ပြေးရတယ်)။ ဒါဖြင့် ဒကာ ဒကာမတွေ အလုပ်လုပ်မှ သာလျှင် ပဓာန … (မှန်ပါ့)။ ဆုတောင်း ပဓာနမဟုတ် … (မှန်လှပါဘုရား)။ ဆုတောင်းက ဒီကနေ ဆုတောင်းလဲ မရဘူး။ ပြတ်တာမှ မဟုတ်ဘဲကိုး။ ပြတ်ရပါလို၏ သာ ဆုတောင်းတယ်။ ပြတ်တဲ့ အလုပ်ကို လုပ်ရဲ့လား … (မလုပ်ပါ)။ ဒါဟာ ငှက်ပျောတုံးကြီးထား၊ ပြတ်စေသတည်း။ အလယ်က ပြတ်စေသတည်း။ ဓားနဲ့ မခုတ်နဲ့နော် … (မှန်ပါ့)။ အလယ်က ပြတ်စေသတည်း။ အလယ်က ပြတ်စေသတည်း။ ကဲ ဒကာ ဒကာမတွေပဲ ဆုံးဖြတ်ချက်ချ … (မပြတ်ပါဘုရား)။ မပြတ်ဘူး ဦးမြရာ …(မပြတ်ပါဘုရား)။ ဘာဖြစ်လို့တုံး … (လက်တွေ့မဖြတ်လို့)။ ဖြတ်တတ်တဲ့ ဓားနဲ့ မဖြတ်လို့ … (မှန်ပါ့)။ ဒါကြောင့် မဂ်ဓားနဲ့ ဒီကနေ ဖြတ်လိုက်မယ်ဆိုရင် သခင်ဝတင် ဘယ့်နှယ်နေမလဲ … (ပြတ်ပါတယ်ဘုရား)။ ပြတ်တယ်ဆိုတော့ ပါရမီ လိုသလား။ လုပ်တဲ့အလုပ် လိုသလား … (လုပ်တဲ့အလုပ် လိုပါတယ်ဘုရား)။ အဲဒါကြောင့် ဘုရားဆု ပန်ရင် ပါရမီလိုတယ်။ လက်ဝဲရံ၊ လက်ယာရံ ဆုပန်ရင် ပါရမီလိုတယ်။ အသီတိ ရှစ်ကျိပ်ဖြစ် ချင်ရင် … (ပါရမီလိုတယ်)။ ပစ္စေကဗဒ္ဓါဖြစ်ချင်ရင် …. (ပါရမီလိုပါတယ်)။ ယနေ့ နိဗ္ဗာန် လိုချင်တဲ့ ပုဂ္ဂိုလ်မှာ ပါရမီ မလိုဘူး … (မှန်လှပါဘုရား)။ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ယနေ့ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်ဟာ …(ပါရမီ မလိုပါ)။ ပါရမီ မလိုဘူး။
ဘုရားဆုပန်များ ပါသေးသလား
အဲဒီပါရမီ ပြောတာဟာ ခင်ဗျားတို့ ဆုတ်နစ်တဲ့စိတ် ပေါ်ဖို့ ပြောနေတာ။ ဒီအထဲ ဘုရားလောင်း တစ်ယောက်မှ မပါဘူး။ ပါကြရဲ့လား … (မပါ,ပါ)။ ဦးအောင်ဇံဝေကြီး ဘုရားဆုများ ပန်သေးသလား … (မပန်ပါဘုရား)။ မပန်ပါဘူး။ မပန်ဘူး။ တော် သေးတယ်။ ကောင်းပြီတဲ့။ ဒါဖြင့် ဒကာ ဒကာမတို့ သေသေ ချာချာလဲ နားထောင်ပါ ဆိုတော့ သြော်.. လူဟာ လူ့သံယောဇဉ် မပြတ်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလား လို့ ဆိုတော့ ဘုရားဖြေတာနော် ဒီသံယောဇဉ် ဆက်သွားလို့ ရသေးရဲ့လား … (မရပါဘုရား)။ ဖြတ်လိုက်ရင်တော့ … (ရပါတယ်ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဒီဟာကို မူတည်ပြီး ကြည့်။ ဘယ်သူပြောတာမှ မယုံနဲ့။ ဒါ ခင်ဗျားတို့ ဖြစ်စဉ်။ သဘောကျပလား … (မှန်ပါ့)။ ခင်ဗျားတို့ ဖြစ်စဉ်ကို ခင်ဗျားတို့ ဆရာဘုန်းကြီး ပေးတဲ့ ဉာဏ်နဲ့၊ နည်းပေးတဲ့ ဉာဏ်နဲ့သာဖြတ် မရမရှိဘူ … (မှန်ပါ့)။ ကဲ.ဘယ်သူပြောတာ ယုံကြမတုံး။ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ပြတ် မပြတ်ကို အကဲခတ် ကြမလား … (မှန်ပါ။ အကဲခတ် ပါမယ်)။ ပြတ်,မပြတ် အကဲခတ်ရမယ်။ သဘောပါပလား … (ပါ,ပါပြီ ဘုရား)။ သူများပြောတာ ယုံမလား။ ကိုယ့် ပဋိစ္စသမုပ္ပာဒ် ပြတ်မပြတ် ဆုံးဖြတ်ချက် ချမလား … (ကိုယ့် ပဋိစ္စသမုပ္ပာဒ်နဲ့ ကိုယ် ဆုံးဖြတ်ချက် ချပါမယ်)။ ဒါဖြင့် နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့် ပဋိစ္စသမုပ္ပာဒ် ပြတ်လို့ ရောက်ပြီ … (မှန်ပါ့)။ မပြတ်ဘဲနဲ့ … (မရောက်ပါဘူး)။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်ချင်တဲ့အတွက် ပါရမီတွေ ဖြည့်လိုက် တာကတော့ဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပေါ့နော် … (မှန်ပါ့)။ ပြတ်တဲ့ အလုပ်ကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ အာရုံတက်မှ လုပ်ရတယ် …(တင်ပါ့ဘုရား)။ အဲဒီတော့ ဘုရားဖြစ်သွားတယ် … (မှန်ပါဘုရား)။
၂ က ၃ မကူးလို့ ဘုရားဖြစ်တာ
ဟိုဟာတွေက အကူအညီသာ ဖြစ်တယ်။ တကယ်ပြတ်တာက သူ့မဂ်က ဖြတ်ပေးတာ … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိ ပါတယ်)။ ဒါဖြင့် ဘုရား ဘာကြောင့် ဖြစ်သတုံး။ ပဋိစ္စ သမုပ္ပာဒ် ၂ က ၃ မကူးလို့ ဘုရားဖြစ်တယ်။ ရိပ်မိပလား … (ရိပ်မိပါ တယ်)။ ဘုရား ဘာကြောင့် ဖြစ်သတုံး …(၂ က ၃ မကူးလို့ ဖြစ်တာ)။ ၂ က ၃ မကူးလို့ ဘုရားဖြစ်တာ။ သောတာပန် ဖြစ်ချင် တော့ရော … (၂ က ၃ မကူးလို့ဖြစ်တာ)။ သကဒါဂမ် ဖြစ်ချင်ရော …(၂ က ၃ မကူးလို့ဖြစ်တာ)။ ကုန်ရောပေါ့ဗျာ …(စကား ကုန်နေပြီ)။ မကုန်သေးဘူးလား … (ကုန်ပါပြီ)။ အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူများပြောတာကို မယုံနဲ့။ ဒါ ခင်ဗျားတို့ ခန္ဓာ … (မှန်ပါ့)။ ဘုန်းကြီး ပြောတာတောင် ချင့်ယုံ။ ဒါ ကိုယ့်ခန္ဓာသည် ပဋိသန္ဓေ နေတယ်။ နာမ်ရုပ်ပေါ်တယ်။ သဠာယတန ဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ စိတ်ပေါ်တယ် … (မှန်ပါ့)။ ဖဿပေါ်တယ်၊ ဝေဒနာပေါ်တယ်၊ တဏှာ မကူးစေနဲ့ … (မှန်ပါ့)။ သဘောကျပလား …(ကျပါပြီဘုရား)။ တဏှာကူး ရင်တော့ မရဘူး။ တဏှာ မကူးဘဲနဲ့ ဒီအတိုင်းနေရင် မဂ်က ၀င်ပြီး သကာလ ၀ိပဿနာမဂ်နဲ့ ၀င်ဖြတ်ပါ။ ရ,မရ … (ရပါတယ်ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ သူများဟောတာ ယုံမလား။ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်တာကို အတည်ပြုမလား … (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်တာကို အတည်ပြု ရမှာပါ ဘုရား)။ 
ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံး
ဘယ်သူ့မှ မယုံနဲ့ဗျ။ ကိုယ့် ၀မ်းနာ ကိုယ်သာ အသိဆုံး … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဒကာ ဒကာမတွေ ဘယ်သူ ပြောတာတုံး။ ကိုယ့်ဟာကိုယ် ပြောတာ။ ရှင်းပလား … (ရှင်းပါပြီ)။ အားလုံး ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ကွင်းကွင်း ကွက်ကွက် ပေါ်ရဲ့လား … (ပေါ်ပါတယ်)။ ကိုယ့်အဖြစ်ဆိုးကို ကိုယ် အသိဆုံး။ ဒကာ ဒကာမတို့ ဝေဒနာက ခင်ဗျားတို့က ဥပမာ ၀က်သား၊ ကြက်သား စားလိုက်တယ်ဆိုတော့ သုခဝေဒနာ ပေါ်မှာပေါ့ဗျာ … (မှန်ပါ့)။ နောက်ဝယ်ဦးပေါ့ဆိုတဲ့ တဏှာ မလာပေဘူးလား … (လာပါတယ်ဘုရား)။ ဆက်ပေါ့။ သံယောဇဉ် စွန့်သေးရဲ့လား။ ဒါဖြင့် ဝေဒနက္ခန္ဓာ နောက်က သင်္ခါရက္ခန္ဓာ ဆိုတဲ့ တဏှာ မလိုက်ဘူးလား … (လိုက်ပါတယ်)။ တဏှာလိုက်တော့ တဏှာ ပစ္စယာ ဥပါဒါနံဆိုတာက ခင်ဗျားတို့က တောင့်တ ရတာလား၊ ဓမ္မနိယာမ ပေါ်တာလား … (ဓမ္မနိယာမကြောင့် ပေါ်တာပါ)။ ဓမ္မနိယာမကြောင့် ပေါ်တာ … (မှန်ပါ့)။ ဥပါဒါန်ပစ္စယာ ကမ္မဘဝေါ ဆိုတဲ့ ကာယကံ၊ ၀စီကံက နောက် ၀ယ်ဦးကွယ်၊ ချက်ဦးကွယ် ဆိုတာ ဘာတုံး ..ကမ္မဘ၀တဲ့။ သဘောကျပလား … (ကျပါပြီ)။ နောက်ဝယ်ပါဦး၊ ချက်ပါဦးလို့ ကာယကံနဲ့ရော မသွားကြဘူးလား … (သွားပါတယ်ဘုရား)။ ၀စီကံနဲ့ရော မမှာကြဘူးလား … (မှာပါတယ်ဘုရား)။ မှာတာကို ဘာဆိုကြမလဲ … (ကမ္မဘ၀ပါ)။ ကမ္မဘ၀ဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား)။ ဒါဖြင့် ကမ္မဘ၀ လုပ်ထားတဲ့ ပုဂ္ဂိုလ်ဟာ သေသည်၏ အခြားမဲ့၌ ဇာတိမှ ရပါ့မလား … (ရပါတယ်ဘုရား)။ ဟိုမှာ အစပ်က ပြောတယ်။ ဆက်သွားပြီ။ ဒီမြှားကလေးက နှစ်ဘက် ဆက်ပြီကွ။ မြှားပြတ်သေးရဲ့လား … (မပြတ်ပါ)။ အဲဒီတော့ ဒကာ ဒကာမတို့က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် မရဘူးဆိုတဲ့ အဖြေကိုလဲ ဟောဒီ စပ်လို့ ရှိရင် မရဘူးပြောတာ … (မှန်ပါဘုရား)။ ဦးမြ ဝေဒနာနဲ့ တဏှာ စပ်ရင် … (မရပါဘုရား)။ ဖဿနဲ့ တဏှာစပ်ရင် … (မရပါဘုရား)။ စိတ်နဲ့တဏှာနဲ့ စပ်ရင်ရော … (မရပါဘုရား)။ မရဘူးတဲ့။ ကဲ..ဘုန်းကြီးကပဲ တာဝန်ခံပါတယ်။ ဒကာ ဒကာမတို့ မစပ်အောင် ဟောဒီကနေပြီး သကာလ ဒါတွေ ပေါ်တိုင်း ပေါ်တိုင်း အနိစ္စ ရှုပါ။ ရှုလို့ရှိရင် ဒါနဲ့ ဒါဟာ မစပ်ဘဲနဲ့ အစက ပြတ်တယ်။ ပြတ်ခဲ့ရင် ဒီနေရာက နေပြီးတော့ မရဘူးလား … (ရပါတယ်)။ ပြတ် မပြတ် အကဲခတ်ထား … (ပြတ်ပါတယ်)။ ဒါဖြင့် နိဗ္ဗာန်ရမယ် … (မှန်ပါ့ဘုရား)။
ဘယ့်နှယ်ကြောင့်နိဗ္ဗာန်ရသတုံး
ဘယ့်နှယ့်ကြောင့် နိဗ္ဗာန်ရသတုံး ဆိုတော့ တဏှာ၊ ဥပါဒါန်က ကိလေသ၀ဋ်၊ ကံက ကမ္မ၀ဋ် … (မှန်ပါ့)။ ဒီဘက် ဇာတိ ဇရာ မရဏက … (၀ိပါပ၀ဋ်ပါ)။ ဒါဖြင့် ကျွတ်သွားပြီ … (မှန်ပါ့)။ မရပေဘူးလား … (ရပါတယ်)။ ဒါဖြင့် သူများပြော ယုံမလား။ ခင်ဗျားတို့ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်တာ ယုံမလား … (ကိုယ်ဖြတ်တာ ကိုယ်ယုံပါတယ်)။ ဘာဆုမှ မတောင်းနဲ့။ တပည့်တော် မြန်မြန်ကြီး နိဗ္ဗာန်ရ,ရ ပါလို၏ တောင်း … (မရဘူး)။ မြန်မြန်ကြီး နိဗ္ဗာန် ရ,ရပါလို၏ ဆိုပြီး တောင်းရင် … (မရပါဘုရား)။ ဘာဖြစ်လို့လဲ။ ဖြတ်မှ မဖြတ်ဘဲနဲ့ ရနိုင်ပါ့မလား … (မရပါဘုရား)။ ဒကာ ဒကာမတို့ ကျေနပ်ကြပလား … (ကျေနပ်ပါပြီ)။ ဒါဖြင့် ဒကာ ဒကာမတွေ ဆုတောင်းနဲ့ အလုပ် ဘယ်ဟာကို အဓိက ထားကြမလဲ … (အလုပ်ကို အဓိက ထားရမယ်)။ အလုပ်ကို အဓိကထားရင် ဒီနေရာမှာ မဆက်စေနဲ့ … (မှန်ပါ့)။ ဦးထွန်းအောင်ကြီး သဘောကျပလား … (ကျပါပြီဘုရား)။ သေသေချာချာ သဘောကျပြီနော် … (မှန်ပါ့)။ ကောင်းပြီ..ဒကာ ဒကာမတို့၊ ဒါ သူများ ပြောတာလား။ ကိုယ့် ခန္ဓာက ဒီလို ဖြစ်နေတာလား …(ကိုယ့်ခန္ဓာက ဒီလို ဖြစ်နေတာပါ)။ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ် ဘုရားဖြစ်တာက ငါ ပဋိစ္စသမုပ္ပာဒ် အစသိ လာလို့ ဘုရားဖြစ်တယ်။ ပဋိစ္စသမုပ္ပာဒ် ဆုံးအောင် ဖြတ်နိုင်လို့လဲ ငါ ဘုရားဖြစ် တယ်ကွ ဆိုပြီးတော့ ပဋိစ္စသမုပ္ပာဒ် အစသိတော့ကို အ၀ိဇ္ဇာအကြောင်း သူကောင်းကောင်း သိတယ် … (မှန်ပါ့)။ ပဋိစ္စသမုပ္ပာဒ် အဆုံးသိတော့ အ၀ိဇ္ဇာ ဆုံးရင် ချုပ်တာပဲ ဆိုတော့ ဖြစ်ပျက်ရှုတဲ့ မဂ်ဟာ အ၀ိဇ္ဇာချုပ်တယ် … (မှန်ပါ့)။ မချုပ်ဘူးလား … (ချုပ်ပါတယ်ဘုရား)။
ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ
အ၀ိဇ္ဇာချုပ်တော့ အင်း..ပဋိစ္စသမုပ္ပာဒ် ငါအစသိတယ်။ ချုပ်တဲ့နေရာလဲ သိတယ်။ ဒါကြောင့် ငါသည်ကား လို့ ဆိုရင် ၀ိဓူပယံ တိဋ္ဌတိ မာရသေနံ ဆိုပြီး ဒီကိလေသာ မာရ်တွေ ငါအောင်လို့ ဟောဒီနေရာမှာ ငါဘုရားဆိုတာ ဒါပဲကွလို့ ငါ့ခန္ဓာ ငါးပါးဟာ ဒါဘုရားပဲ … (မှန်လှပါဘုရား)။ ပေါ်ပလား … (ပေါ်ပါပြီ)။ ဒကာ ဒကာမတို့ ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ … (တင်ပါ့)။ အ၀ိဇ္ဇာကလည်း ဒီကနေ ရှုလိုက်တော့ ၀ိဇ္ဇာမဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။ ၀ိဇ္ဇာဖြစ်တော့ ဒီက တဏှာ၊ ဥပါဒါန် လာသေးရဲ့လား … (မလာပါဘုရား)။ ဒါဖြင့် ဘုရား၊ ဘုရား ဘယ့်နှယ့်ကြောင့်ဖြစ်ပါလိမ့် မတုံးလို့ မေးလို့ ရှိရင် ပဋိစ္စသမုပ္ပာဒ် ပြတ်လို့ ဘုရားဖြစ်တာ … (မှန်ပါ့ဘုရား)။ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ ပါရမီဆယ်ပါး အပြားသုံးဆယ် ကြောင့် ဘုရားဖြစ် လာတာလား၊ ပဋိစ္စသမုပ္ပာဒ် ပြတ်သွားလို့ ဘုရား ဖြစ်တာလား … (ပဋိစ္စသမုပ္ပာဒ် ပြတ်သွားလို့ ဘုရားဖြစ်တာပါ ဘုရား)။ 
မှတ်ထားတာတွေနဲ့ လွဲကုန်ပြီ
သြော်..ခင်ဗျားတို့ မှတ်ထားတာတွေနဲ့ လွဲကုန်ပါပေါ့လား။ လွဲကုန်ပြီ။ မောင်ထွန်းရင်တို့.. (တင်ပါ့ဘုရား)။ ဦးသူတော်ကြီး လွဲပြီ … (မှန်ပါ့)။ ခင်ဗျားတို့က ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တာ။ လွယ်တယ်များ အောက်မေ့ မနေနဲ့ ဆိုတော့ ပဋိစ္စသမုပ္ပာဒ် မပြတ်လို့ ရှိရင် မြတ်စွာဘုရားလဲ ကျုပ်တို့လို အ၀ိုင်းပြေးပဲ သွားမယ် … (မှန်ပါ့)။ ဒီပြင် သွားစရာ ရှိသေးရဲ့လား …(မရှိပါဘုရား)။ ဒါဖြင့် ဦးမြ ပါရမီဆယ်ပါး အပြားသုံးဆယ်က ဝေးသော အကြောင်း … (မှန်ပါ့)။ နီးသော အကြောင်းက ဒီနေရာ ဖြတ်တဲ့ မဂ်လို့ မှတ်လိုက်စမ်းပါ … (မှန်လှပါဘုရား)။ ရှင်းပလား… (ရှင်းပါပြီ)။ ဒါဖြင့် မဂ်နဲ့ ဝေးသော အကြောင်းဟာ ဘယ်ဟာကို အဓိက ထားကြမတုံး … (မဂ်ကို အဓိက ထားရမယ်)။ မဂ်ကို အဓိက ထားဆိုတော့ ခင်ဗျားတို့ အခု သာသနာတွင်း ရှိတုန်း ဘုန်းကြီးပြောနေတာ။ ဒီအဆက်တွေကို ဖြတ်နိုင်တယ် … (တင်ပါ့)။ နောက် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေ သေသွားလို့ ရှိရင် ဒီအဆက် ဖြတ်ပေးမယ့်သူ မရှိဘူး … (မှန်ပါ့ဘုရား)။ 
ဆုတောင်းသမား ကျန်ရစ်မယ်
ဦးမြ .. (မှန်ပါ့)။ ရှိပါ့မလား … (မရှိပါဘုရား)။ မရှိတော့ဘူး။ မရှိတော့ ဘာကျန်နေမတုံး။ ဆုတောင်းသမားကျန် ရစ်နေမယ်။ ဟောဒီ တဏှာနဲ့ တောင်းတဲ့ ဆုတောင်းသမား ကျန်နေရစ်မယ် … (မှန်ပါ့)။ တောင်းရင် ပြည့်တာပဲ ဆိုတာက ခင်ဗျားတို့ လူ့ပြည် နတ်ပြည် ပြည့်တယ် … (မှန်ပါ့)။ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။ ဗြဟ္မာပြည် တောင်းရင် မရဘူး … (မှန်ပါ့)။ သမထ လုပ်မှ ဗြဟ္မာပြည်ကို ရမယ် … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ အာသဝေါကုန်တဲ့ နိဗ္ဗာန်ကို ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားပါ။ ဒီမဂ် မပါဘဲနဲ့ ဒီအာသဝေါ ကုန်ပါ့မလား … (မကုန်ပါဘုရား)။ ဒီပဋိစ္စသမုပ္ပာဒ်ကို မြင်ကြရဲ့လား ခင်ဗျားတို့ အဝေးက … (မြင်ရပါတယ်)။ ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အဖြေပေးကြပါ။ နိဗ္ဗာန် ဆိုတာ ဆုတောင်းတဲ့ အလုပ်လား။ ပဋိစ္စသမုပ္ပာဒ် ပြတ်မှ ရတာလား … (ပဋိစ္စသမုပ္ပာဒ် ပြတ်မှ ရပါတယ်ဘုရား)။ ဒါကို ထိပ် သံမှိုနဲ့ စွဲသလို မှတ်ထား … (မှန်ပါ့)။ မပြတ်ရင် ဘယ်သူမှ မရဘူး … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ မပြတ်ရင် … (ဘယ်သူမှ မရပါဘုရား)။ ဘယ်သူမှ မရဘူးဆိုတာ ဆင်ခြေလဲချင် လဲကြဦးမယ် … (မလဲပါဘုရား)။ ကောင်းပြီတဲ့ ဒါဖြင့် ဒကာ ဒကာမတို့ လိုရင်းအကြောင်းကိုဖြင့် ကောင်းကောင်းသိပြီ။ ဒီနေ့ည … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ ကောင်းပြီ၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မပြတ်ဘဲနဲ့ နိဗ္ဗာန် ရောက်ပါ့မလား .. (မရောက်ပါဘုရား)။
ဒီအလုပ်သာလုပ်ပါ
လူဟာ လူ့သံယောဇဉ်တွေ၊ သားတွေ သမီးတွေ ဆွေတွေ မျိုးတွေ ရွှေပုံ ငွေပုံ စိန်ပုံတွေ ထဲမှာ ထိုင်နေပါတယ်။ အလုပ်သာလုပ်ပါတဲ့၊ ထိုင်တာကတခြား။ လုပ်တာက တစ်ဖုံဖြစ်ပါလိမ့်မယ် … (မှန်လှပါဘုရား)။ သဘောကျပလား …(ကျပါပြီ)။ ဇောတိကတို့ ရွှေပုံထဲက ရတာပါ …. (မှန်ပါ့ဘုရား)။ မရဘူးလား … (ရပါတယ်ဘုရား)။ ရွှေပုံထဲက ရတယ်။ သူဌေးသမီးတွေ ၇နှစ် အရွယ် သောတာပန်တည်ကြတယ် ဆိုတော့ အိမ်ထောင်တောင် မကျသေးဘူး။ ရွှေပုံပေါ် နေတုန်းမှာ … (မှန်ပါ့)။ မနေဘူးလား …(နေပါတယ်)။ အဲဒီပုဂ္ဂိုလ်တွေ မရဘူးလား၊ ရသလား .. (ရပါတယ်)။ ဒါပြတ်တာ … (သံယောဇဉ်)။ ဒါပြတ်တာ သံယောဇဉ် မဟုတ်ဘူးလား။ ဒီနေရာမှာ မဂ်ပေါ်လိုက်တာ … (တင်ပါ့ဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ ဒီနေရာ မဂ်ပေါ်ရင်တော့ … (ရပါတယ်)။ ရမှာပဲ ဆိုတော့ သေချာပလား … (သေချာပါတယ်ဘုရား)။ သြော် တပည့်တော်တို့က ခက်တယ်ဘုရား၊ သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ အစက လွဲလာတော့ နိဗ္ဗာန်တော့ဖြင့် တပည့်တော် တို့ ဝေးပေါ့လို့ မျက်ရည်မကျနဲ့။
မျက်ရည် ကျချင်ကြ သေးသလား
ဒကာ ဒကာမတွေ မျက်ရည် ကျချင်ကြသေးသလား … (မကျပါဘုရား)။ မကျနဲ့။ မလုပ်ရင်တော့ မျက်ရည်ကျပါ။ ရှင်းကြပလား … (မှန်ပါ့)။ ဒီနေရာမှာ ဖြစ်ပျက်ကို ဒီကနေ ရှုတဲ့ မဂ်မလာရင်တော့ မျက်ရည်ကျပါ။ အိမ်လယ်မှာ သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့၊ ရွှေပုံ၊ ငွေပုံတွေနဲ့ဆိုတော့ မျက်ရည် မကျပါနဲ့။ ရပါတယ် … (မှန်ပါ့ဘုရား)။ သဘောပါလား … (ပါပါတယ်ဘုရား)။ သံယောဇဉ် ပြတ်မပြတ် ဆိုတာ ခင်ဗျားတို့ အထင်က တောကျောင်း၊ တောင်ကျောင်းနေမှ ဒီလို ထင်နေတယ်။ ရှိတဲ့ ပစ္စည်း အကုန်စွန့်မှ ဒါမှ သံယောဇဉ်က ပြတ်မှာကို ဆိုတော့ ခင်ဗျားတို့ ဟာက လွန်လွန်းနေတယ်။ မလုပ်ချင်တဲ့ အထဲမှာ မဖြတ်နိုင်တာ ကလေး ဆင်ခြေလဲနေတယ်။ အင်မတန် ဆိုးရွားမနေဘူး လား… (တင်ပါ့ဘုရား)။ 
စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန်ရောက်သွားတယ်
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခင်ဗျားတို့ ဘာတွေ ၀တ်ပြီး ဘာတွေ စားနေ နေနော်။ သန္တတိ အမတ်ကြီးတို့ ဗောင်းနားတောင်းတွေထဲက နေပြီး ရဟန္တာ ဖြစ်ပါတယ် … (မှန်ပါ့)။ သန္တတိအမတ်ကြီးဟာ ဘုရားကျောင်း တော်သွားတော့ ၀န်ကြီးအဆင့် အဆောင်အယောင်တွေ အကုန်ပါတယ် …(မှန်ပါ့)။ ဒီဟာက ဖြတ်ချလိုက်တာပဲ။ အဲဒီမှာ အ၀တ်တွေ ဆင်ပြီး ပြင်ပြီး စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန်ရောက်သွားတယ်။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
လျှော့ဈေးဟောတာလား
ဒါ..လျှော့ဈေးဟောတာလား၊ ဖြစ်စဉ်အတိုင်းဟောတာလား … (ဖြစ်စဉ်အတိုင်း ဟောတာပါဘုရား)။ အဲဒီတော့ ခင်ဗျားတို့က ဘာမှ ဆင်ခြေ မလဲနဲ့။ ဒီနေရာကလေး ဖြစ်ပျက်မရှုမိမှာ တစ်ခုသာ စိုးရိမ်။ ဒီမှာ ပေါ်တဲ့ စိတ်တွေ ပေါ့ဗျာ … (မှန်ပါ့)။ ဖြစ်ပျက် မရှုမိမှာသာ … (စိုးရိမ်) စိုးရိမ်ရမယ်ဆိုတော့ ဦးမာဒင် ပေါ်ပလား … (ပေါ်ပါပြီဘုရား)။ တပည့်တော်က တည်ထောင်ထားတာ မနည်းပါဘူးဘုရား၊ ကိုယ့်အရှုပ်က အင်မတန်ကြီးတယ်။ သူ့ဟာက ညည်းချင်ချင် မလုပ်ချင်ချင်။ ဒီအထဲ ဘုန်းကြီးကို တစ်ခါတည်း ဆင်ခြေလဲ လိုက်တဲ့အခါကျတော့ ဟုတ်သားပဲ ဒကာကြီးက အစက လွဲလာတာ ကျုပ် မတတ်နိုင် ပါဘူး။ ဒီအသံသာ ကြားချင်တာ … (မှန်ပါ့ဘုရား)။ မဟုတ်ဘူး။ ဒီတော့ တတ်နိုင်တာ ပြောချင်တာ။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ ဦးမြကလည်း အလုပ်တွေ ပြန့်နေလို့ ဘုရားလို့ ခင်ဗျား ဆင်ခြေ မလဲနဲ့တော့။ လဲဦးမလား … (မလဲပါဘုရား)။ မလဲန့။ ဒီနေရာသာ ဖြတ်ဖို့ အရေးကြီးနေတယ်။ ၂ က ၃ ကို (မကူးဖို့ပါ)။ဟောဒီ ၂ က ၃ ကို မကူးလို့ရှိရင် ဘုရားလဲ ဖြစ်ပါတယ်။ သောတာပန်၊ သကဒါဂါမ်ရော … (ဖြစ်ပါတယ်)။ အနာဂါမ်၊ ရဟန္တာရော… (ဖြစ်ပါတယ်) ။ ပေါ်ပြီလား … (ပေါ်ပါပြီ)။ 
ဒီနေရာ မဂ်ဝင်ဖို့သာ အရေးကြီးတယ်
ဒါဖြင့် သောတာပန်နဲ့ သကဒါဂါမ်ဟာ ဒကာ ဒကာမတွေ ဒါကလေး ပြတ်တာပဲ ထူးကြတယ် … (မှန်ပါ့ဘုရား)။ သဘောပါ ကြပလား …(ပါပါတယ် ဘုရား)။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကောင်းနဲ့လဲ တွေ့နေတော့ သြော် ..တို့အရေးဟာ ဒီနေရာ မဂ်ဝင်ဖို့သာ အရေးဟာ အကြီးဆုံးပဲ … (မှန်ပါ့)။ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။ ဒီနေရာမှာ … (မဂ် ၀င်ဖို့ အရေးကြီးတယ်)။ မဂ်ဝင်တော့ ဒီမြှားကလေးဟာ အကုန်ပြတ်သွားပြီ။ မပြတ်သေးဘူးလား … (ပြတ်ပါပြီ)။ ပြတ်တော့ ဒီကြိုးကလေးကြည့်။ ဒီကြိုး ကလေးက ဒါနဲ့ ပြတ်ပါပြီဆိုပြီး ဒီဘက် လှည့်ပြတယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ ဘက်လှည့်ပြတယ် … (မှန်လှပါ)။ မပြဘူးလား … (ပြပါတယ်ဘုရား)။ ဦးမြကြီး ကျေနပ်ရဲ့လား … (ကျေနပ်ပါတယ်)။ ဒါဖြင့် ပြတ်တဲ့ အခါကျတော့လဲ ဒီနေရာက နေပြီး နိဗ္ဗာန်ရောက်တာပဲ။ မပြတ်လို့ ရှိရင် ဝေဒနာ ပစ္စယာ တဏှာဆိုပြီး ဒီပြန်ပတ် တာပဲ … (မှန်ပါ့)။ ဒီကြိုးကလေးဟာလေ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဒီကြိုးကလေးဟာ သာမည ကြိုးမဟုတ်ဘူး။ ဆက်ချင်ရင် ဒီဘက်သွားကွ။ ပြတ်ချင်ရင် ဒီဘက်လှည့်ကွ။ ဒါပြောတာပဲ ဒကာ ဒကာမတွေ …(တင်ပါ့)။ 
အပြင်အန္တရာယ်ကို မကြောက်ပါနဲ့
အေး...ဦးသူတော်ကြီး ရိပ်မိရဲ့လား… (မှန်ပါ့)။ သဘောပါရဲ့လား … (ပါပါတယ်)။ ခင်ဗျား ဘယ်လို လမ်းကလဲ။ ဆက်သမားလား၊ ဖြတ်သမားလား … (ဖြတ်သမားပါဘုရား)။ ဟုတ်ရဲ့လား။ ဆက်သမားလား ဖြတ်သမားလားဆိုတဲ့ ဥစ္စာ  အတော်မေးရတယ်နော်။ အဲဒီတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အတွက်က တပည့်တော်ဘုရား၊ အန္တရာယ် ကင်း၍ ဘေးကင်းတာ ကြုံရပါစေလို့ ခင်ဗျားတို့က အားလုံးပဲ အလိုရှိကြတယ်။ ဗဟိဒ္ဓ အန္တရာယ်ကို မကြောက်ပါနဲ့နော်။ ခင်ဗျားတို့ သန္တာန်မှာ ဆက်သွားလို့ ရှိရင် တဏှာဟာ အကြီးဆုံး အန္တရာယ်ပါပဲ။ သဘောကျပြီလား … (ကျပါပြီဘုရား)။ တဏှာဟာ ဘာတုံး … (အကြီးဆုံးအန္တရာယ် ပါဘုရား)။ ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)။ ဒါ သမုဒယ သစ္စာမို့ သူက ဒုက္ခမျိုး စုံပေးတာ။ ခင်ဗျားတို့ ဒီ့ပြင်ဟာတွေ ဘာမှ မကြောက်နဲ့ … (မှန်ပါ့)။ သူတစ်လုံးသာ ကြောက်ရတယ်။ သဘောကျပလား … (ကျပါတယ်)။ သူလာမှာ ကြောက်ကြပါ။ သူမလာရင် … (မကြောက်ရပါ)။ ဘာမှ ကြောက်စရာ မရှိဘူး ဆိုတာ ပေါ်ကြပလား … (မှန်ပါ့၊ ပေါ်ပါတယ်ဘုရား)။
အမှိုက်ရှိရင် ခွေးချေးလာတယ်
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာရှိလို့ ရှိရင် တဏှာနဲ့ ပတ်သက်တဲ့ တဏှာ ဆိုတာသည် မည်းတဲ့တရားလား။ ဖြူတဲ့ တရားလား ဆိုတာ ခင်ဗျားတို့ သိပြီးသား ထားပါ …(မှန်ပါ)။ ဘယ်လိုဆိုမယ် … (မည်းတဲ့တရားပါဘုရား)။ အို..မည်းတယ် ဆိုကတည်းက အမှိုက်ပဲဗျ။ အမှိုက်ရှိရင် ခွေးချေးလာတယ် … (မှန်ပါ့ဘုရား)။ ဒါ အမှိုက်တွေ ရှိနေလို့ ရှိရင် ခွေးချေးတွေ အကုန်လာတယ် … (မှန်ပါ့)။ ဥပါဒါန်တွေ၊ ကံတွေ၊ သဘောကျပလား … (မှန်ပါ့)။ ရှင်းပြီနော် … (ရှင်းပါပြီ)။ 
ရတနာရှိရာ ရတနာလာတယ်
ဒီအမှိုက်ကို မလာအောင် ဒီကနေပြီး ဖြတ်လိုက်မယ်ဆိုတော့ ရတနာရှိရာ ရတနာလာတယ်။ မဂ်ရှိရာ ဖိုလ်လာတယ် … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ မဂ်ရှိရာကို … (ဖိုလ်လာတယ်)။ အဲဒါ ရတနာရှိရာတော့ …(ရတနာလာတယ်)။ အမှိုက်ရှိရာတော့ … (ခွေးချေးလာတယ်)။ ကြိုက်တာယူကြ ပေတော့။ ဘယ်ဟာကြိုက်သတုံး၊ မပြောပါရစေနဲ့ ဘုရား၊ နောက်က ဒကာ ဒကာမတွေ အမှိုက်ရှိရာ ခွေးချေးလာတာ ကြိုက်သလား။ ရတနာရှိရာ ရတနာလာတာ ကြိုက်သလား … (ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်ပါတယ်)။ မလုပ်ဘဲနေရင် ဘာလာမယ် ထင်ကြသတုံး … (ခွေးချေးလာ ပါလိမ့်မယ်)။ အင်း.. ခွေးချေးလာလို့ ရှိရင်ဖြင့် အောင့်အည်းသာ သည်းခံကြပေတော့။ ခင်ဗျားတို့ ကျေးဇူးများစရာ တစ်ကွက်မှ မမြင်ဘူး။
ခွေးချေးချည်းစုနေလို့
ရိပ်မိပလား … (ရိပ်မိပါပြီ)။ အင်မတန် ဆိုးရွားနေတယ် ဆိုတာရော ကိုယ့်အကြောင်း ကိုယ်သိပလား … (သိပါပြီဘုရား)။ ခင်ဗျားတို့ စိန်နဲ့ ရွှေနဲ့ မြနဲ့ တိုက်နဲ့ တာနဲ့ နေတာ ဘုန်းကြီး သိပ်ဝမ်းသာပါတယ်။ သို့သော်လဲ ခွေးချေးချည်း စုနေလို့ မကျေ နပ်ဘူး … (မှန်ပါ့)။ ဦးမာဒင် …(ဘုရား)။ ကျေနပ်စရာရှိရဲ့လား … (မရှိပါဘုရား)။ ကျေနပ်စရာ မရှိဘူးတဲ့။ ဦးညွန့်ရော … (မကျေနပ်ပါဘုရား)။ ဦးမြ ကျေနပ်စရာ ရှိရဲ့လား … (မရှိပါဘုရား)။ အဲဒါကြောင့် ခင်ဗျားတို့ဟာ ဒီ အ၀ိုင်းပြေး အလုပ်ကိုပဲ နေ့တိုင်းလုပ်နေတယ်။ မလုပ်ဘူးလား လုပ်သလား … (လုပ်ပါတယ်ဘုရား)။ သြော်.. ဘယ်လောက် ကြာခဲ့ပြီလဲ လို့ဆိုရင် ဘယ့်နှယ်ဖြေကြမတုံး … (မမှတ်မိပါဘုရား)။ တစ်သံသရာလုံး ဟောဒီက သမုဒယသစ္စာ၊ ဒါက ဒုက္ခသစ္စာ … (မှန်ပါ့)။ ပစ္စုပ္ပန် မှာ ထပ်မိုက်တော့ ဒါက ဘာသစ္စာလဲ … (သမုဒယသစ္စာပါဘုရား)။ ထပ်မိုက်လို့ နောက်ထပ် အကျိုးပေးတာက ရော … (ဒုက္ခသစ္စာပါဘုရား)။ တစ်ခါထပ်မိုက် ပြန်လို့ နောက်ထပ် … (သမုဒယသစ္စာပါဘုရား)။ အင်း ..မိုက်ခြင်းကြောင့် အကျိုးပေးရတာ … (ဒုက္ခသစ္စာပါဘုရား)။ တစ်ခါထပ်မိုက်ပြန်တယ် … (သမုဒယသစ္စာပါဘုရား)။ ဒါပဲရှိတယ်။ ဒီ့ပြင် မရှိပါဘူး။ ဦးမြ ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)။ နောက်က ဒကာ ဒကာမတွေ ကျေနပ်ရဲ့ လား … (ကျေနပ်ပါ တယ်ဘုရား)။ ကျေနပ်ပါတယ် ဆိုတော့ ငါသေလျှင် ဘယ်များ သွားမှာ ပါလိမ့်မတုံး ဆိုတဲ့ တွေးလုံးဟာ လူတိုင်းမှာ ရှိတယ် … (မှန်ပါ့)။ ငါသေရင် ဘယ်များ ရောက်လို့ ဘယ်များ ပေါက်ကြမတုံး ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လူတိုင်းမှာရှိတယ် … (ရှိပါတယ်ဘုရား)။ အဲဒါ သူများ သွားမမေးနဲ့ ရှက်စရာကြီး … (မှန်ပါ့)။ မေးရင် ဘယ့်နှယ့်ထင်ကြသလဲ … (ရမ်းဖြေလိုက် လိမ့်မယ် ဘုရား)။
ဝေဒနာက တဏှာဆက်သလား
ဟိုလူတွေက ခံနိုင်မှာ မဟုတ်ဘူး။ သူတို့က သိတာမဟုတ်ဘူး။ အဘိညာဉ်မရဘူး။ ခင်ဗျားတို့က ကိုယ့်ဟာကိုယ် သိတယ်။ ငါဟာ ဝေဒနာက တဏှာ ဆက်သလား မဆက်ဘူးလားဆိုတာ။ ခင်ဗျားတို့ သိတယ် … (မှန်ပါ့)။ စိတ်က တဏှာ ဆက်သလား မဆက်ဘူးလားဆိုရင်ကော … (ကိုယ့်ဟာကိုယ် သိပါတယ်ဘုရား)။ ကိုယ့်ဟာကိုယ်သိတာ ဒီမှာ ကြည့်ပါလား။ ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မသိတော့ သမုဒယ သစ္စာလာတယ် … (မှန်ပါ့)။ မလာဘူးလား … (လာပါတယ်ဘုရား)။ သမုဒယ သစ္စာလာလို့ ရှိရင် ဒုက္ခသစ္စာ နေပါ့မလား … (မနေပါဘုရား)။ ဒါဟာ အပါယ်ဒုက္ခတွေ။ ဒီအထဲ အကုန်ပါတာပဲ … (မှန်ပါ့)။ အဲဒီတော့ ဆရာတော်၊ သမားတော်တွေ မေးမလို့လား။ ဟုတ်လား။ ယောဂီပုဂ္ဂိုလ်ကြီးတွေ မေးမလား။ ကိုယ့်ဟာကိုယ် မေးမလား …(ကိုယ့်ဟာကိုယ် မေးရမှာပါ)။ သဘောပါကြပြီ ဒကာ ဒကာမတွေ။ သူများမေးရင် ရမ်းဖြေမယ် … (မှန်ပါ့)။ ကိုယ့်ဟာကိုယ် ကျတော့ ရမ်းဖြေစရာ ရှိသေးရဲ့လား … (မရှိပါ)။ သဘောပါပြီလား … (ပါပါပြီ)။ အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အတွက်ဟာက အရေးကြီးပြီ။ သြော် ..သူတို့က ဗဟုသုတ ရှိတယ်။ သူတို့သွားမေးမှ တပည့်တော်က ကျောင်းလဲဆောက်ထားတယ်။ ဘုရားလည်း တည်ထားတယ်။ အဲဒီတော့ တပည့်တော်ဖြင့် အသေစိတ်ချရ မလား။ ခင်ဗျားတို့က နှုတ်ချိုချိုနဲ့ သွားမေးလိမ့်မယ်။ 
ဘာလုပ်နေနေ ဒါဆက်ရင်သွားရော
သာမညဆရာ ဆိုလို့ရှိရင် ဟာ..မင်းတို့အလှူ ရှာမှရှားကွ။ ဟောချင်တာ ဟောချလိုက်မယ်၊ ဘာလုပ်နေနေ ဒါဆက်ရင် သွားရော၊ ရိပ်မိပလား … (မှန်ပါ့ဘုရား)။ (ဤနေရာတွင် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ထောက်ပြသည်။) ဘာလုပ်နေနေ ဒါဆက်ရင် … (မှားသွားမှာပေါ့)။ အဲဒီတော့ သူများမေးကြမလားတဲ့။ ကိုယ့်ကိုယ်မေးကြမလား … (ကိုယ့်ကိုယ်မေးကြပါ မယ်ဘုရား)။ အဲဒါက ဘုန်းကြီးက ခင်ဗျားတို့ကို မှန်တစ်ချပ် ပေးခဲ့တာပါ။ ကိုယ့်အရုပ်ဆိုးတယ်၊ မဆိုးဘူး။ ဆက်တယ်၊ မဆက်ဘူး ဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ကြည့်လိုက် … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီ)။ ကိုယ့်ဉာဏ်နဲ့ … (ကိုယ့်ခန္ဓာဖြစ်စဉ်ကို ကြည့်ရမယ်)။ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ဒကာ ဒကာမတွေ ကြည့်လိုက် မယ်ဆိုလို့ ရှိရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ …(မှန်ပါ့)။
သာဓုခေါ်တာ ဘ၀င်မမြင့်လိုက်ပါနဲ့
ဦးမြကြီး ..သူများ သာဓုခေါ်တာများ ဘ၀င်မမြင့်လိုက် ပါနဲ့ … (မှန်ပါ့)။ သူများသာဓုခေါ်တာကို … (ဘ၀င်မမြင့်ပါနဲ့)။ ဘ၀င်မမြင့် ကြနဲ့နော် ဒကာ ဒကာမတွေ။ ကိုယ်က ပဋိစ္စသမုပ္ပါဒ်ဆက်တယ်။ ဟိုက ရမ်ပြီး သကာလ ဂုဏ်ရှိတဲ့ လူမို့ သာဓုခေါ် လိုက်တယ် … (မှန်ပါ့)။ ခင်ဗျားတို့က ဖိုးကြိုင်းဒုတ် လုပ်နေရင်တော့ သွားပြီ။ ဒီအသွား မသွားသေးဘူးလား … (သွားပါပြီဘုရား)။ အဲဒီတော့ သူများ သာဓုခေါ်မှာကို ခင်ဗျားတို့ ကြောက်စရာ ကောင်းတယ် … (မှန်ပါ့)။ ကိုယ်က ဝေဒနာ က ဘယ်သွားနေသဘဲ … (တဏှာသွားနေတယ်)။ တဏှာသွားနေတော့ ခင်ဗျားပ အင်း.. ဒီလို ကောင်းကောင်းမွန်မွန်လေး စားရလို့ ဒီလို ကောင်းတဲ့ဆီ ရောက်ရပါလို၏ ဆိုတော့ တဏှာက မလာဘူးလား …(လာပါတယ်)။ အဲဒါကို ဘေးက သာဓု ခေါ်လိုက်တော့ မှားပြီး သာဓုခေါ် တာကိုး … (မှန်ပါ့)။ ဘယ်သူ့ သာဓု ခေါ်သလဲ … (တဏှာသမား သာဓု ခေါ်ပါတယ်)။ သွားပြီပေါ့။ တဏှာ သာဓုခေါ်ရမှာလား၊ နှင်ထုတ်ရမှာလား … (နှင်ထုတ်မှာပါ)။ သို့သောလဲ ခင်ဗျားတို့က အမျှ ယူကြပါ တောင် ပေးချင်ပေးလိုက်ဦးမယ် … (မှန်ပါ့)။ သွားပြီ။ နှစ်ချက်မှား …(မှန်ပါ့ဘုရား)။ မမှားသေး ဘူးလား … (မှားပါတယ်)။ သူက ဘာအမျှ ပေးတာတုံးဆို တဏှာ အမျှပေးတာတဲ့ .. တဏှာအမျှပေးတာ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ အတော် ဆိုးနေတယ်။ ဒါက ဒီပဋိစ္စသမုပ္ပါဒ် မပြတ်ဘဲနဲ့ဆိုရင် ဒီအပြောက မရဘူး။ ပဋိစ္စသမုပ္ပါဒ်ကို သေသေချာချာ သိတော့မှ သူက.. တဏှာက ဘုံဘ၀ ဆုတောင်းတာ။ မတောင်းဘူးလား … (တောင်းပါတယ်)။ ဘုံဘ၀ ဆုတောင်းတော့ ခင်ဗျားက ကုသိုလ်ရှင်ကြီး ဖြစ်ပြီး သကာလနေတော့ ဆုတောင်းထားတာက ဒုက္ခ တောင်းထားတာ မဟုတ်ဘူးလား … (မှန်ပါ့)။ ကျုပ်တော့ဖြင့် ကုသိုလ် ပြုတာပဲဗျာ။ နောင်ဘ၀တော့ဖြင့် ကျုပ်ကောင်းစားမှာပဲ။ အဲဒီ တောင်းထားတဲ့ အကြောင်း တွေ ခင်ဗျားတို့ အမျှယူကြပါ ဆိုတော့ ဒီဒုက္ခသစ္စာ ပေးထားတယ် … (မှန်ပါ့ဘုရား)။ ဘာပေးလိုက်တာတုံး … (ဒုက္ခသစ္စာ ပေးလိုက်ပါတယ်ဘုရား)။
သူများပေးတာတွေ ရမ်းယူနေတာ
ဟော..ဒကာ ဒကာမတို့ ခေါ်ဖူးလှပြီ ထင်တယ် … (တင်ပါ့ဘုရား)။ သူများပေးတာတွေ ရမ်းယူနေတာပဲ … (တင်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဘာယူတာပါလိမ့် … (ရမ်းယူတာ ပါဘုရား)။ ရမ်းယူတော့ အကောင်းရသလား အဆိုးရသလား … (အဆိုးရပါတယ်)။ အဆိုးရတုန်း ခင်ဗျားတို့က ပိုက်ပြီးပြန်တဲ့လူတွေ။ အတော်ဆိုးတဲ့ လူတွေ။ ဒကာ ဒကာမတွေ မဟော သင့်ဘူးလား … (ဟောသင့်ပါတယ်ဘုရား)။ သေသေချာချာ စဉ်းစားပါ။ သေသေချာချာစဉ်းစားပါ … (ဒီအတိုင်းပြောသင့် ပါတယ်)။ သေသေချာချာ စဉ်းစားပါ။ ဒီဥစ္စာ သိပ်ကြောက်စရာကောင်း လွန်းလို့ ပြောပါတယ် … (မှန်ပါ့)။ ခင်ဗျားတို့ သာမည ဆရာဆိုရင် ပြောမယ် မဟုတ်ဘူး … (မှန်ပါ့)။ ဒကာ ဒကာမတွေ ပြောပါ့မလား … (မပြောပါ)။ ဟိုက ဘုံဘ၀ တောင်းတဲ့ တဏှာဗျ … (မှန်ပါ့)။
တဏှာနဲ့ ဘုံဘ၀ဆုတောင်းတယ်
ဒီအလှူ,လှူပြီး သကာလ ဒီဝေဒနာကို လှူပြီး သကာလ ပေါ့ဗျာ၊ သုခဝေဒနာ တွေကို လှူတယ်ထားပါတော့ … (မှန်ပါ့)။ ကောင်းကောင်း ကျွေးတယ်။ ကောင်းကောင်းအ၀တ်ပေးတယ်။ ဟုတ်လား။ ကောင်းကောင်း မဏ္ဍပ်ကြီးဆောကတယ်။ အဲဒီ ဆောက်ရတဲ့ အတွက် ဆိုပြီး တဏှာနဲ့ ဘုံဘ၀ ဆုမတောင်းဘူးလား … (တောင်းပါတယ်)။ တောင်းတော့ ဝေဒနာ ပစ္စယာ … (တဏှာ) ဆက်သွားရော … (မှန်ပါ့)။ ဒကာ ဒကာမတွေ … (ဘုရား)။ မဆက်ဘူးလား၊ ဆက်သလား … (ဆက်ပါတယ် ဘုရား)။ ဆက်တော့ ဒါ ပစ္စုပ္ပန် အကြောင်းတရားကွတဲ့။ ထပ်မိုက်လာတယ်။ ဒီမှာ ဒုက္ခသစ္စာ ရပြီးသားကို သမုဒယ သစ္စာ ပြန်လုပ်ပြန်တယ် … (မှန်ပါ့)။ သဘောကျပလား … (ကျပါတယ်)။ ဒုက္ခရောက်တဲ့သူက ထောင်ထဲမှာ ကျနေတဲ့ လူက ရိုက်ပွဲပြန်လုပ် ပြန်တယ် … (တင်ပါ့)။ နှစ်ထပ်ကျတယ်။ နှစ်ထပ်တိုး အလိုရှိလို့ … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါတယ်)။ ဒီထောင်ထဲ ကျနေတာ ဘာသစ္စာလဲ … (ဒုက္ခသစ္စာ)။ ထောင်ထဲ ပြန်မိုက်တာက ဘာတုံး … (သမုဒယသစ္စာ ပါဘုရား)။
နှစ်ထောင်စံများ တွေ့ဖူးရဲ့ လား
ဒါဖြင့် နောက်ထောင်ကျမှ ကျပါ့မလား … (ကျပါတယ်ဘုရား)။ ဒါဖြင့် နှစ်ထောင်စံပေါ့ဗျာ … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိ ပါတယ်)။ ဦးမြ အတော်မဆိုးဘူးလား … (ဆိုးပါတယ်)။ နားကြီးကြီးနဲ့ နားထောင်ပါ … (မှန်ပါ့ဘုရား)။ နားသေးရင် ဒီတရား က ရကို မရဘူး။ မကြားဖူးတဲ့ စကားလဲ ဖြစ်နေတယ်။ သဘောပါရဲ့လား … (ပါ,ပါတယ်)။ နှစ်ထောင်စံများ တွေ့ဖူး ရဲ့လား …(တွေ့ဖူးပါတယ်ဘုရား)။ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီဘုရား၊ ကိုယ်ကိုယ်တိုင် စံဖူးလှ ပါပြီလို့ ဖြေရုံပဲ ရှိတယ် … (မှန်ပါ့)။ အဲဒါ သစ္စာ မသိတာ နိဂုံးချုပ်တယ် … (မှန်ပါ့)။ ဘာမသိတာ ပါလိမ့် … (သစ္စာမသိတာပါဘုရား)။ သစ္စာမသိ တာတဲ့။ ငါ့သန္တာန် ဖြစ်တာ သည် တဏှာလာရင် သမုဒယ သစ္စာ ဖြစ်ပြီဟလို့ သိရဲ့လား … (မသိပါဘုရား)။ မသိတော့ ဒီဘက် ဒုက္ခသစ္စာ ရလိမ့်မယ် ဆိုတာရော သိရဲ့လား … (မသိပါဘုရား)။ ဒီသစ္စာနှစ်ခု မသိလိုက်တာ ကိုယ်ကျိုးကို လှလှကြီး နည်းတာပဲ … (မှန်ပါ့)။ ကဲ.. ဒကာ ဒကာမတွေ အတော် မဆိုးဘူးလား … (ဆိုးပါတယ်)။ ခင်ဗျားတို့ သေခါနီးမှာ ဆရာသမားနဲ့ လာတွေ့ တာ..တော် တော်သေးတယ်။ အသေများ စောရင် ခက်တယ် … (မှန်လှပါ)။ ဦးမြကြီးတို့ ဘယ့်နှယ့်ထင်သတုံး …(ခက်ပါ တယ် ဘုရား)။ အသေစော ရင် ခက်တယ်။ ဆရာကလဲ အသေမစောလို့ … (မှန်ပါ့)။ ခင်ဗျားတို့ ကလဲ အသေမစောလို့ … (မှန်ပါ့)။ တော် တော်သေးတာပေါ့ … (မှန်ပါ့)။ သဘောပါရဲ့လား …(ပါ,ပါတယ်ဘုရား)။ ဒါဖြင့် အသေကတော့ မစောဘူး တဲ့။ ခန္ဓာ ကတော့ဖြင့် မရပ်မနား သုဿန်သွားနေတယ်။ မရောက်သေးတာ တမယ် ကျန်တော့တယ်။ အသွားကတော့ မရပ်တော့ဘူး … (မရပ်ပါဘုရား)။ မောင်ကို ရပ်သေးရဲ့လား … (မရပ်ပါဘုရား)။ မရပ်တော့ ထိုင်နေရင်းနဲ့လဲ … (သွားနေ တာပဲ)။ ထိုင်နေတော့ အို၊ အိုတာက နာ၊ နာတာက သေကိုးဗျ … (မှန်ပါ့)။
သေရာသွားရင်းတရားနာနေတာ
ဒါဖြင့် တရားနာနေကြတာလား၊ သေရာသွားရင်း နာနေတာလား … (သေရာသွားရင်း နာနေတာပါဘုရား)။ ကောင်းပြီ ဘုန်းကြီး ရှေ့ မို့ ပြောတာပါ။ ကျုပ်တို့ အရင်နဲ့ မတူဘူး။ မာလာပြီဗျ။ ပြောချင်ပြောမှာ။ အတော် ဂွကျတဲ့လူတွေပါ။ ဟင် .. အတော် ဆိုးနေတယ်။ အတော် ဆိုးနေပါတယ် ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ အဲဒါ ဘ၀တဏှာလို့ ခေါ်ပါတယ် … (မှန်ပါ့)။ ကျုပ်ဟာဖြင့် အခု ဆရာဝန်ကောင်းနဲ့ ဆေးကောင်းနဲ့ တွေ့ရတဲ့ အတွက် နေလို့ ကောင်းပါသေးတယ်ဗျာ။ ဘာတုံးဗျ ဒီဥစ္စာ။ ကိုယ့်ဘ၀ကိုယ် ခင်တွယ်တဲ့ တဏှာ … (မှန်ပါ့)။ ကိုယ့်ဘ၀ ကိုပင်ဟောတာက ခင်ဗျားတို့ ခန္ဓာ ဘ၀ခန္ဓာကြီး … (မှန်ပါ့)။ တော်ပါသေးရဲ့ ဗျာ ဆိုတာ ဒီတဏှာ … (မှန်ပါ့)။ ရိပ်မိပလား …(ရိပ်မိပါပြီ)။ တော်ပါသေးရဲ့  ဆိုတာ ဦးမြကြီး ဒါ ဘာတဲ့တုံး … (တဏှာပါ ဘုရား)။ ဒါဖြင့် ဝေဒနာ ပစ္စယာ … (တဏှာ)။ သူက သုခဝေဒနာ ပေါ်တော့ ကျန်းမာလာတယ် ပြောတယ် … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ နေလို့ ကောင်းပါသေးရဲ့ ဆိုတာ ဒါဘာတုံး … (တဏှာပါဘုရား)။ ကျုပနေရမှာ ဧကန်ပဲ။ ကျုပ်တော့ ဒီဆရာနဲ့ အကျိုးပေးပြီဗျာ့ ဆိုရတာ ဥပါဒါန် … (တင်ပါ့၊ ဥပါဒါန်)။ ဒါကြောင့် ကာယကံ, ၀စီကံ အချိန်ရှိခိုက် လုံ့လစိုက် ဆိုပြီး အရောင်းအ၀ယ် လုပ်ရဦးမှာပဲ ဆိုတာက … (ကမ္မဘ၀)။ ကမ္မဘ၀ ပစ္စယာ သေသည်၏ အခြားမဲ့၌ … (ဇာတိပါဘုရား)။
ဆရာကောင်းနဲ့ မတွေ့ရင်ခက်တယ်
သြော်..ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက် လို့ရှိရင် ငါးပါးမှောက်တာပဲ …(မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ ရှိရင် ဘယ့်နှယ်ဖြစ် သွားမတုံး … (ငါးပါးမှောက်ပါတယ်)။ ငါးပါးကို မှောက်တာပဲ။ ရိပ်မိ ကြလား … (တင်ပါ့ဘုရား။ရိပ်မိပါပြီ)။ အဲဒါ သေသေချာချာ ပြောတဲ့ ဆရာဆိုလို့ ရှိရင်၊ မှန်မှန်ကန်ကန် သစ္စာ သိအောင် ပြောတဲ့ ဆရာဆိုလို့ ရှိရင် ဒကာ ဒကာမတွေ ဒါပဲ ပြောရမယ်။ ဒီ့ပြင် ပြောစရာ ရှိသေးရဲ့လား … (မရှိပါဘုရား)။ ခင်ဗျားတို့ ခန္ဓာကြီးဟာ ယခုဘ၀ ရထားတဲ့ ခန္ဓာ ငါးပါးဟာ ဘာသစ္စာလဲ … (ဒုက္ခသစ္စာပါဘုရား)။ ဒုက္ခသစ္စာ ထဲက ဘာတွေ ပေါက်ပွား လာပါသလဲ … (သမုဒယသစ္စာပါဘုရား)။ ဒီကြည့်လေ တဏှာ ဥပါဒါန်တွေ ကံတွေ ပေါက်ပွား လာတယ်။ ဉာဏ် ပေါက်ပွားတာလား ..တဏှာ, ဥပါဒါန် ပေါက်ပွားတာလား … (တဏှာ,ဥပါဒါန် ပေါက်ပွားတာပါ ဘုရား)။ သြော် ..ခင်ဗျားတို့ ဥစ္စာလဲ ခက်လိုက်တဲ့ ဖြစ်ခြင်း၊ ဒုက္ခရောက်နေတဲ့လူက နောက်ဒုက္ခ ရှာပြန်တယ်။ ဒုက္ခရောက်တဲ့လူ … (နောက်ဒုက္ခ ရှာပြန်ပါတယ် ဘုရား)။ ဒါဖြင့် ဆေးသက်ကုန်နေပါ ပေါ့လား … (ကုန်နေပါပြီ)။ ဒီဆရာနဲ့သာ မတွေ့ရင် ဆေးသက် ကုန်ပြီ … (တင်ပါ့)။ အင်မတန် ကြောက်စရာ ကောင်းပါတယ် … (မှန်ပါ့)။
သံယောဇဉ်နဲ့ နတ်ပြည်ရောက်မလား
ဒကာ ဒကာမတွေ မဆိုးရွားဘူးလား … (ဆိုးရွားပါတယ်)။ ကိုင်း.. ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ပုဏ္ဏားကို မေးကြည့် ဦးစို့။ ပုဏ္ဏားက ဒုတိယတစ်ချက် မေးခွန်းထုတ်ပြန်တယ်။ အရှင်ဘုရား လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည် ရောက်ပါ့မလားတဲ့။ အို..တစ်ထောင်မဘူး။ တစ်သိန်းမကဘူးကွ ရောက်တယ်။ သုဂတိတော့ ရောက်ပါတယ်။
သိန်းသန်းမက ရောက်တယ်
ခုနက အဖြေနဲ့ တူသေးရဲ့လား … (မတူပါဘုရား)။ ဒကာ ဒကာမတွေ တူသေးရဲ့လား … (မတူပါ)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည် ရောက်ပါ့မလားလို့။ ဦးမြ ၀စ္ဆဂေါတ္တပုဏ္ဏားက မေးတယ် … (မှန်ပါ့)။ ဘုရားက ဘယ့်နှယ် ဖြေသလဲ… (ရောက်ပါတယ်)။ အို.. သိန်းသန်းမကဘူးကွ ရောက်တယ်တဲ့။ သုဂတိ ရောက်တယ် … (မှန်ပါ့)။ 
နိဗ္ဗာန်တော့ မရောက်ပါ
နိဗ္ဗာန်ကျတော့ … (မရောက်ပါ)။ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဒါဖြင့် ခင်ဗျားတို့ လုပ်နေတဲ့ ကုသိုလ်တွေဟာ သုဂတိ အကျိုးပေး ပါလိမ့်မယ်လို့ ဟောတယ်။ ဒါမပြတ်ဘဲကိုး။ တဏှာနဲ့ ဆုတောင်းတယ် … (မှန်ပါ့)။ တောင်းတော့ကို ၂ က ၃ ကို မကူးဘူးလား ကူးသလား … (ကူးပါတယ်)။ ကူးလို့ရှိရင်ဖြင် သုဂတိ ရောက်တော့ ဟောဒါ ဇာတိ, ဇရာ, မရဏဟာ သုဂတိပဲ … (မှန်ပါ့)။ မရောက်ပေဘူးလား … (ရောက်ပါတယ်) ။ ရောက်ပေမယ့် ဘာသစ္စာလဲ …(ဒုက္ခသစ္စာပါ)။ ဦးမြ ပေါ်ပလား … (ပေါ်ပါပြီ)။ ဘာသစ္စာ ရကြတုံး … (ဒုက္ခသစ္စာ ရပါတယ်)။ သစ္စာနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာရတယ်။ ဒီဒုက္ခသစ္စာ ရတဲ့လူက တော်သေးရဲ့  ဆိုတော့ ၀မ်းသာလို့ ပြောတဲ့ အသံလား၊ ၀မ်းနည်းလို့ ပြောတဲ့ အသံလား … (၀မ်းသာလို့ ပြောတဲ့ အသံပါ ဘုရား)။ အမယ်လေး ရတာက … (ဒုက္ခသစ္စာ)။ ခက်ပြီ။ အကောင်း အဆိုးကို မရွေးတတ်တော့ဘူး …(မရွေးတတ် ပါ)။ ဘယ့်နှယ်ဖြစ်နေကြလဲ … (အကောင်းအဆိုးကို မရွေးတတ်ပါ ဘုရား)။ မရွေးတတ်လို့ ခင်ဗျားတို့ သုဂတိ ရောက်ချင်တာ ပေါ့ဗျ … (မှန်ပါ့)။ အဲဒါ သစ္စာ မသိလို့။ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ တရားတကာ့ တရားထဲမှာ ဘယ်ဟာ သိဖို့ အရေး အကြီးဆုံးလဲ…(သစ္စာသိဖို့ အရေးကြီးပါတယ်)။ သစ္စာ သိဖို့ အရေးကြီး တယ်။ သစ္စာ ဘယ်ကလာ သတုံးလို့ မေးတော့မှ ဒီ ပဋိစ္စသမုပ္ပါဒ်က လာတယ်။ ကြည့်လေဒါ …သမုဒယသစ္စာ … (မှန်ပါ့)။ ဒါက ဘာတုံး … (ဒုက္ခသစ္စာပါဘုရား)။ ဒါကဘာတုံး … (သမုဒယ သစ္စာပါဘုရား)။ ဒါက ဘာတုံး … (ဒုက္ခသစ္စာပါဘုရား)။ 
သစ္စာမသိရင် နိဗ္ဗာန်မရောက်
ကဲ.. ဖြတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါက ဘာတုံး … (မဂ္ဂသစ္စာပါ)။ ဒီဘက်က ချုပ်သွားတာတွေကရော … (နိရောဓသစ္စာပါ ဘုရား)။ သစ္စာသိမှ ခင်ဗျားတို့ ရောက်မယ် … (မှန်ပါ့)။ သစ္စာ မသိသေးလို့ ရှိရင် … (မရောက်ပါ)။ စာတွေ ခေါင်းချဉ်း နေအောင်တတ် … (မရောက်ပါဘုရား)။ ရောက်နိုင်ကြပါ့မလား … (မရောက်နိုင်ပါဘုရား)။ မရောက်နိုင်ဘူး ဆိုတာ သေချာ ပလား … (သေချာပါပြီ)။ အဲဒါကြောင့် ခင်ဗျားတို့ ယခုအချိန်မှာ အချိန်မီ ပါသေးတယ် ဦးမြ … (မှန်ပါ့)။ ရောက်နိုင်ပါသေး တယ်လို့ လေးလေးနက်နက် အားပေးတာ … (မှန်လှပါ)။ လုပ်မှ ရမှာ၊ မလုပ်ရင်တော့ … (မရပါဘုရား)။ မရဘူး ဆိုတာ သဘောပါ သလား … (ပါ,ပါပြီ)။ ပါပြီ။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ့် ဖြေသလဲ … (ရောက်ပါတယ်)။ ရောက်တယ်။ ဒါဖြင့် တဏှာပို့တဲ့ နေရာပဲဗျ .. (မှန်လှပါ)။ မပေါ်သေးဘူးလား …(ပေါ်ပါပြီ)။ သုဂတိတွေဟာ ဘယ်သူ ပြုပြင်ထားတာ ပါလိမ့် … (တဏှာပြုပြင် ထားတာ)။ ပုဏ္ဏား မေးတာ ကြည့်လေ။ ဘုရားကလည်း အဖြေ ထွက်တယ် … (မှန်ပါ့)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်ပါ့မလား ဆိုတော့ အို.. တစ်သောင်း၊ တစ်သိန်း မကဘူးကွ … (မှန်ပါ့)။ ဘာဖြစ်လို့ မကန့်ကွက် သတုံး မေးတော့ သံယောဇဉ်က ဘာသစ္စာတုံး … (သမုဒယသစ္စာ)။ ဒီ .. လူ့ပြည် နတ်ပြည် က ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)။
သစ္စာမသိသေးရင် အကန်း
ဒါတော့ ဘယ်ကန့်ကွက်မလဲ။ သစ္စာမသိတဲ့ လူ ရမ်းပေးချလိုက်တာပေါ့ … (မှန်ပါ့)။ ပေါ်ပလား … (ပေါ်ပါပြီ)။ ဒါဖြင့် သစ္စာ မသိသေးသရွေ့  ကာလပတ်လုံး မျက်စိ စုံလုံးကန်းလို့ သာမှတ် … (မှန်ပါဘုရား)။ သစ္စာမသိ သေးရင် … (စုံလုံးကန်းပါ ဘုရား)။ မွေးတုန်းကတော့ … (အကန်းပါဘုရား)။ သေတော့ …(အကန်းပါဘုရား)။ ဒါကြောင့် မနေ့ကပြောခဲ့တယ်။ ခင်ဗျားတို့ မသာဖိတ်ရင် အကန်းလို့ ဖိတ်ကြစမ်းပါလို့ သစ္စာမသိတဲ့ လူ သေသွားရင် အကန်းမသာ ကြွတော်မူပါ လို့သာ ဖိတ်ပါလို့ ဆိုတာ ဘုန်းကြီး ပြောတာ စကားရိုင်းသလား … (မရိုင်းပါဘုရား)။ ဖြစ်စဉ် ကိုက်သလား … (ဖြစ်စဉ်နဲ့ ကိုက်ပါ တယ်ဘုရား)။ ဖြစ်စဉ် ကိုက်တယ်ဆိုတော့ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ဟာ ဒုက္ခနဲ့ သမုဒယချည်းပဲ။ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ ရှိရင် မဂ္ဂနဲ့ နိရောဓချည်း မှတ် … (မှန်ပါ့)။
ဖြစ်ပျက်အလုပ်လုပ်မှ မဂ္ဂနိရောဓလာမယ်
ပဋိစ္စသမုပ္ပါဒ် အ၀ိုင်းပြေးနေရင် ဘာပါလိမ့် … (ဒုက္ခနဲ့ သမုဒယပါ)။ အဲ ..ဒါဖြင့် အခုနက ဒကာ ဒကာမတွေ ဖြစ်ပျက် အလုပ် ကို လုပ်ပါပြီ ဆိုတော့ ဘာလာတုံး… (မဂ္ဂနဲ့နိရောဓ လာပါတယ်)။ ဒါက သူများ ပြောနဲ့ ရတာလား။ ကိုယ်တိုင်ဖြတ်လို့ ရတာလား … (ကိုယ်တိုင်ဖြတ်လို့ ရတာပါဘုရား)။ မဂ္ဂနဲ့ နိရောဓ …(ကိုယ်တိုင်ဖြတ်လို့ ရတာ)။ ကိုယ်တိုင်ဖြတ်လို့ ရတာ … (မှန်ပါ့)။ ဒါဖြင့် သားကယ်နိုင်၊ သမီးကယ်နိုင်တဲ့ တရားလား။ ကိုယ်တိုင်ဖြတ်မှ ရမှာလား … (ကိုယ်တိုင်ဖြတ်မှ ရမှာပါ)။ အဲဒီတော့ ခင်ဗျားတို့က အရေးရှိရင် သမီးကလေး ချောင်ချောင်လည်လည် ရှိတယ် ဆိုပြီး အားကိုးချင် အားကိုးနေဦးမယ်။ အဲဒီ ချောင်ချောင်လည်လည် ကြောင့်လဲ အပါယ်ကျချက် နာတာပဲ … (မှန်ပါ့)။ သားကလေးက ချောင်ချောင်လည်လည် ရှိတယ် ဆိုလို့ ရှိရင်လဲ ခင်ဗျားတို့က ပြုံးများနေလိုက်သေးတယ်။ မနေဘူးလား … (နေပါတယ်ဘုရား)။ 
ဒါပြတ်တဲ့အချိန် ပြုံးပါ
အဲဒါ အပါယ်ကျဖို့ ပြုံးတာ။ ဘယ်ရောက်ဖို့ ပြုံးတာတုံး … (အပါယ်ရောက်ဖို့ ပြုံးတာ)။ အတော် မဆိုးဝါးဘူးလား … (ဆိုးဝါး ပါတယ်ဘုရား)။ ကိုင်း..ဒါဖြင့် ခင်ဗျားတို့ကို ပြုံးစေချင်လို့ သတိပေးလိုက် ပါတယ်။ ဒါပြတ်တဲ့အချိန် ပြုံးပါ …(မှန်ပါ့)။ ဒါမပြတ်လို့ ရှိရင်ဖြင့် ငါ ကိုယ်ကျိုးနည်းပြီလို့ မဲ့ချည်းနေရမယ် … (မှန်လှပါ)။ ဒါပြတ်အောင် လုပ်နေတော့ ဘယ့်နှယ်ဆိုကြ မလဲ … (ပြုံးရမယ်)။ ပြုံးရမယ်။ သံသရာ စခန်းသတ်ပြီကွ … (မှန်ပါ့)။ ဒါမပြတ်သေးရင် … (မဲ့ရမယ်)။ ဒါဖြင့် ..ခင်ဗျားတို့ သားနဲ့, သမီးနဲ့, ဆွေနဲ့, မျိုးနဲ့, စိန်နဲ့, မြနဲ့ ပြုံးတာတွေ ကျတော့ ဘယ်လို ဆုံးဖြတ်ချက်ချ မလဲ … (မဲ့ပြုံးတာပါ)။ မဲ့ရမယ့် ကိစ္စ ပြုံးနေသောကြောင့် အရူးတွေဟေ့ … (မှန်ပါ့)။ ဘယ့်နှယ်ဆိုကြမယ် … (အရူးဖြစ်ပါတယ်)။ မဲ့ရမယ့် ကိစ္စမှာ … (ပြုံးနေတယ်)။ ခက်ပြီပေါ့။ လင်းတက ခွေးသားစားပြီး ပြုံးနေတာ ဘယ့်နှယ့်ဆိုကြမလဲ။ ရိပ်မိပလား … (တင်ပါ့)။ လင်းတက ခွေးသားစားတော့ ခင်ဗျားတို့က ဘေးကနေကြည့်ပါ … (တင်ပါ့)။ သြော် .. မသိရှာလိုက်တာ လွန်လို့ပါလား။ ပြုံး စရာ အချက် ပါရဲ့ လား … (မပါ,ပါဘုရား)။
ခင်ဗျားတို့ ပြုံးနေတာ ကြောက်စရာကြီး
ဟိုကလဲ လင်းတဆိုတော့ တိရစ္ဆာန်၊ ခွေးသားကလဲ အပုပ်အစပ်။ ဒါစားပြီး ပြုံးနေတယ်ဆိုတော့ ဒကာ ဒကာမတွေတဲ့ ခင်ဗျားတို့ ပြုံးနေပုံက ကြောက်စရာကြီး … (မှန်ပါ့)။ လင်းတ ပြုံးပြုံး တာကိုး။ ရိပ်မိရဲ့ လား … (ရိပ်မိပါတယ်)။ အတော် မဆိုးဘူးလား … (ဆိုးပါတယ်)။ ဒါ ဒကာရင်း ဆရာရင်းမို့လို့ အမှန်ပြောပါတယ် … (မှန်ပါ့)။ ဒါကြောင့် ခင်ဗျားတို့ ပြုံးလိုက်မှာကို ဘုန်းကြီးက သိပ်ကြောက်တယ်။ ဒီလူဟာ ပြုံးချိန်လဲ မဟုတ်သေးဘဲနဲ့ ဘာပြုံး တာပါလိမ့် မတုံး။ အတော် မဆိုးဘူးလား … (ဆိုးဝါးပါတယ်)။ အဲဒါ နားကြီးကြီးနဲ့ နားထောင်တော့မှ ကိုယ်ပြုံးတာ လွဲမှန်းသိတယ် … (မှန်ပါ့)။ နို့မို့ရင် သိပါ့မလား … (မသိပါ)။ ကိုင်း ဒါဖြင့် ခင်ဗျားတို့ ပြုံးချိန်လား၊ မဲ့ချိန်လား … (မဲ့ချိန်ပါဘုရား)။ ဒါဖြင့် ခင်ဗျားတို့သည် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြုံးသေမဲ့သေ၊ သေတဲ့ အခါ နှစ်မျိုးရှိတယ်ကွ … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ 
သွားရာလမ်း မြင်ပြီးမှ သေတယ်
အရူးလို ပြုံးနေတာက တော့ကိုတဲ့ သေတော့မယ် ဆိုလို့ ရှိရင် သေခါနီးမှာ ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါ။ သွားရာလမ်း ကို မမြင်ဘဲနဲ့ သေတဲ့လူ ဘယ်သူမှ မရှိဘူး … (မှန်ပါ့)။ သေခါနီးမှာ မရဏာသန္နဇော ကလေ … (မှန်ပါ့)။ အဲဒီကျတော့မှ ငါ သားရေး, သမီးရေး, စီးပွားရေးနဲ့ အချိန်တွေ ဖြုန်းခဲ့တာဖြင့် ငါ့မှာ ကိုယ်ကျိုးလှလှကြီး နည်းပြီ ဆိုပြီး မျက်ရည်တွေ ခေါင်းအုံး ပေါ် စီးကျတယ် … (မှန်လှပါဘုရား)။ ဒကာ ဒကာမတွေ ကြောက်စရာနော် … (မှန်လှပါ)။
အချိန်တွေဖြုန်းခဲ့တာတွေ
သြော် ..သားရေး, သမီးရေး, စီးပွားရေးနဲ့ ငါအချိန်တွေ ဖြုန်းခဲ့တာလဲ အခုတော့ဖြင့် သူတို့က ဘယ့်နှယ်နေတုံးသာ မေးဖော် ရတော့တယ်။ ငါ သွားရမယ့် လမ်းက အတော်ကြမ်း နေတယ် … (မှန်ပါ့ဘုရား)။ ကိုယ့်ဟာကိုယ် မျက်ရည်ကျတယ် … (မှန်ပါ့ဘုရား)။ ဒကာ ဒကာမတွေ မဆိုးဘူးလား … (ဆိုးပါတယ်)။ ဘယ်သူ ကယ်နိုင်သေးတုံး … (မကယ်နိုင်ပါဘုရား)။ အဲဒီတော့ ခင်ဗျားတို့ အခုပြုံးနေတာက သြော် ..ရူးလို့ ပြုံးပြန်။ သေခါနီးကျမှ မဲ့ချင်လို့ သဘောကျလား … (ကျပါတယ်)။ သေခါနီး ကျတော့မှ … (မဲ့ချင်လို့)။ ဒါကြောင့် ခင်ဗျားတို့ မသာ ဓာတ်ပုံရိုက်ရမှာ သိပ်ကြောက်စရာ ကောင်းတယ် … (မှန်လှပါ)။ သားအာရုံ၊ သမီးအာရုံ၊ ပစ္စည်းအာရုံ ကြားထဲမှာ သေမယ်ဆိုတော့ သြော် … မခွဲချင်တာနဲ့ ခွဲရတော့မယ်။ မစွန့် ချင်ဘဲနဲ့ စွန့်ရတော့မယ် ဆိုတော့ ဒီစိတ်က လာကတည်းက နိမိတ်ထင်တော့ ကောင်းပါ ဦးမလား … (မကောင်းပါဘုရား)။ ဒါဖြင် ဒီမသာ ဓာတ်ပုံ ရိုက်ပြီး ဘယ်သူက ကိုးကွယ်သင့်သတုံး …(မှန်ပါ၊ မကိုးကွယ်သင့်ပါဘုရား)။ မောင်ကိုရော … ကိုးကွယ် သင့်ပါ့မလား …(မကိုးကွယ်သင့် ပါဘုရား)။ 
ပြုံးသေဖြစ်အောင် လုပ်ကြစမ်းပါ
ဒါဖြင့် ပြုံးသေ ဖြစ်အောင် လုပ်စမ်းပါ … (မှန်ပါ့)။ ဒကာ ဒကာမတွေ ဒါပြတ်သွားလို့ ရှိရင် ဘာသေ ဆိုကြမလဲ … (ပြုံးသေပါ ဘုရား)။ ဒီဘက်မှာ တဏှာ, ဥပါဒါန်လဲ မရှိ။ ဇာတိ, ဇရာ, မရဏ တွေရော လာစရာ မြင်သေးရဲ့ လား … (မမြင်ပါဘုရား)။ သြော် ..ငါဝဋ်ကျွတ်ပြီ ဆိုပြီး ပြုံးကြ။ သဘောကျပလား … (ကျပါတယ်)။ ဒါ ၀တ္ထု မထုတ်ချင် ပါဘူးတဲ့။ ပြုံးသေ မဲ့သေ ၀တ္ထု ရှိတယ် … (မှန်ပါ့)။ ၀ဿကာရ ပုဏ္ဏားက မေးလို့ ဘုရားက ဖြေရှာတယ်။ တပည့်တော်ကတော့ ဘုရား၊ သေတဲ့ ပုဂ္ဂိုလ်မှန် အကုန်ကြောက်သေ တယ်ချည်း ဆုံးဖြတ်ချက် ချတာ။ ဟ ..ပုဏ္ဏားက မင်းဟာလွန်တယ်။ မဲ့သေတဲ့ ပုဂ္ဂိုလ်လဲရှိတယ်ကွ။ ပြုံးသေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်ကွ။ နှစ်ချက်ဟောတယ်။ ဒီလို ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဦးမြကြီး ဘယ့်နှယ့် ဆိုမယ် … (ပြုံးသေပါဘုရား)။ 
ပဋိစ္စသမုပ္ပာဒ် ပြတ်ရင် ပြုံးသေ
မောင်ထွန်းရင် မင်းဘယ်ဟာ ကြိုက်သလဲ … (ပြုံးသေကြိုက်ပါတယ်ဘုရား)။ မင်းဟာမင်း ကြိုက်နေတာကိုးကွ။ လုပ်မှ မလုပ်ဘဲ။ ကိုင်း..ဒကာ ဒကာမတွေ … (ရှင်းပါတယ်)။ သေမှ အရှက်မကွဲ ကြပါစေနဲ့ … (မှန်ပါ့)။ သေမှ ဓါတ်ပုံ ရိုက်ခံရ တော့ အရှက် ကွဲတယ်။ မကွဲဘူးလား … (ကွဲပါတယ်ဘုရား)။ ဦးမြကြီး … နာမည်တော့ ကြီးပါ့ဗျာ။ သေမှ ဓါတ်ပုံ ရိုက်လို့ ရှိရင်ဖြင့် ဘယ့်နှယ်နေမလဲ။ ကဲ .. ဒကာ ဒကာမတွေ ဆွေနဲ့ မျိုးနဲ့ ကြားထဲမှာ အရှက်ကွဲမှာနော်။ ဘယ်သူ့ ကြားထဲမှာ အရှက် ကွဲမယ် ထင်ကြသတုံး … (ဆွေနဲ့မျိုးနဲ့ကြားထဲမှာ)။ ကဲ .. တစ်သက်လုံး ဖုံးလေသမျှ ဘယ့်နှယ်လုပ်မလဲ … (ပေါ်ကုန် မှာပေါ့ဘုရား)။ 
ဒါဖြတ်ပြီးတော့ သေလိုက်စမ်းပါ
ခုမှ အကုန်ပေါ်ကုန်မယ် … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ အဲဒါကြောင့် ဒါဖြတ်ပြီးတော့ကို သခင်ဝတင် သေလိုက် စမ်းပါ ဆိုတာ ယနေ့ သတိပေးတယ် … (မှန်ပါ့ဘုရား)။ ဒါဖြတ်ပုံ ဖြတ်နည်း အကျယ်ကိုတော့ နက်ဖြန်မှ ဒီနေရာ ဟောမယ် … (မှန်ပါ့ဘုရား)။ သဘောကျပြီလား … (ကျပါတယ်ဘုရား)။ ခင်ဗျားတို့ မနက်ဖြန် နာရီကိုက်လာကြ … (မှန်ပါ့)။ နာရီမကိုက်ရင် ရကို မရဘူး … (မှန်ပါ့)။
ကဲ ..ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု … သာဓု … သာဓု …။

No comments:

Post a Comment