Sunday, July 23

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော "နှလုံးသွင်းမှန်မှု တရားတော်"


၁။ "နှလုံးသွင်းမှန်တယ်" ဆိုတာ အရေးကြီး ပါတယ် ။ နှလုံးသွင်းမှန်ဖို့ ဆိုတာက (အားထုတ်မှ) သမထ ၀ိပဿနာကျင့်ကြံနေမှ မှန်မှာ ကိုး။ သို့ ပေမဲ့  ခင်ဗျားတို့ ထင်နေတာက အိမ်မှာ၊ အလုပ်မှာ သားနဲ့  သမီးနဲ့ စီပွားရေးနဲ့  နေ နေတုန်း နှလုံးသွင်းမှန်မယ်လို့ထင်နေသကိုး။ ဘယ်လိုလုပ် နှလုံးသွင်းမှန်နိုင်ပါ မလဲ။

သမာဓိက မတည်၊ စိတ်က ဟိုပြေးလိုက် ဒီ ပြေးလိုက်နဲ့ ၊ ခန္ဓာ ငါးပါးမှာ ပေါ်သမျှ ကို "ငါ" လို့ ထင် နေတဲ့  (ဒိဋ္ဌိ)ရှိ နေသမျှ နှလုံးသွင်းအမှန် ဆိုတာ ဘယ်တော့မှ မလာပါဖူး။ ဒါဟာ "ငရဲမျိုးစေ့" ပါ။ ဒါအင်မတန် ကြောက်စရာ ကောင်းပါတယ်။

၂။ ဒါကြောင့် ဒီ ကြောက်စရာကောင်းတဲ့ ဒိဋ္ဌိ ဘယ်ကလာပါသလဲ လို့ ကြည့်ရင်ဖြင့် ခန္ဓာမှာ ပေါ်နေတဲ့ ဝေဒနာကို နှလုံးသွင်းမှားနဲ့  ကြည့်လိုက်တော့ ငါ ဆိုတာ ပေါ်လာလို့ပဲ။ ဝေဒနာ က "ငါ" ဖြစ်၊ သညာ ကလည်း သိတယ် "ငါ"တတ် တယ် ဆိုပြီး) " ငါ" ဖြစ် နေပြန် ရော မဟုတ်လား၊ ဒီလို တစ်နေ့လုံး၊ တစ်သက်လုံး ထင်မှတ်မှား နေတာဟာဖြင့် ငရဲ မျိုးစေ့ ပေါက် စေတာပဲ။ ဒီလို " ဒိဋ္ဌိ" ပါနေသ၍ုပြုသမျှကံတွေ ဟာလည်း "၀တ္တကံ" တွေ ပဲ ရနေမှာ။ ဒီလိုသာ ဆိုရင်ဖြင့် ဒိဋ္ဌိ နဲ့  ၀တ္တကံ စီမံ ရာ ခံနေရမှာ ပါပဲ။ အထက်ခဏနေရပေမဲ့  အရှိန်ကုန်ရင် အောက် (အပါယ်) ပြန်ကျနေမှာပါပဲ။ ဒီ အပါယ် ဘယ်သူ ကဆွဲချလည်း၊ တရာခံက ဒိဋ္ဌိ။ မိမိ သဘောနဲ့  များဘယ်တုံးကနေခဲ့ရလို့ လဲ၊ သားတွေ သမီးတွေနဲ့  မခွဲချင်ပေမဲ့  ခွဲရ သေရ၊ "ဒိဋ္ဌိ" က အပါယ်ဆွဲချတာ ခံကြရပြန်တဲ့  သံသရာ ခရီး သည်တွေကိုး။

၃။ ဒါ ကြောင့် ဒီ "ဒိဋ္ဌိ" ပြုတ်ဖို့  အရေးမကြီးပေ ဘူးလား-ဒကာ၊ ဒကာ မတို့  "ဥာဏ် နား" ကြီးကြီး နဲ့  နား ထောင်ကြပါ"။

မြတ်စွာဘုရားက သမ္မာဒိဋ္ဌိ မဂ္ဂင် မှ တစ်ပါး အားကိုးစရာ မရှိဟု မဟောခဲ့ပေဘူးလား။ နှလုံးသွင်းမှန်မှ သမ္မာဒိဋ္ဌိ က ဖြစ် မှာ မဟုတ်လား၊ နှလုံးသွင်းမှားသရွေ့ကတော့ မိစ္ဆာဒိဋ္ဌိထဲ က မထွက်နိုင်ပါဘူး။

"ဒိဋ္ဌိ" ပြုတ်ဖို့  ဘာကြေင့် အရေးကြီးလည်းဆို တော့ ဒီ ဒိဋ္ဌိ ပြုတ်ရင် ၀ီစိ ကိစ္ဆာ ပါ တွဲပြုတ် တယ်၊ ဒီ နှစ်ခု ပြုတ်ရင် ဖြင့် ငရဲမျိုးစေ့ပြုတ်၊ အပါယ်တံခါးပိတ်ပြီ။ ဒါကြောင့် ဒိဋ္ဌိပြုတ်ဖို့ က တရားကိုကျင့်ကြံမှ ၊ အားထုတ်မှရမှာ၊ တရားကို ကျင့်ကြံမှ နှလုံးသွင်းမှန်မယ်၊ နှလုံးသွင်းမှန်မှ ငရဲမျိုးစေ့ ပြုတ်မှာ။

၎။ ဒကာ၊ ဒကာမတို့  သင်ပြပေးမဲ့ ဆရာသမားကောင်းနဲ့ တွေ့တုံး လုပ်ကြည့်ကြပါ၊ သမာဓိ တည်အောင် ၀င်လေ၊ ထွက်လေကို သိနေ အောင်ကြည့် ကြည့်ပါ။ ဒီလို သမာဓိ တည်လာပြီဆိုရင် ခန္ဓာကိုယ်မှာ ယားတာ၊ နံတာ၊ စိတ်တွေ ဟိုရောက် ဒီရောက် တွေးတာ၊(ခန္ဓာ ငါးပါး) မှာ ဖြစ်ပျက်နေတာတွေကို ထင်ထင် ရှားရှားသိလာလိမ့် မယ်။ အဲ့ဒီ ဖြစ်နေတာ၊ ပျက်နေတာ ဖေါက်ပြန် ပျက်ဆီးနေတာ ပါလားလို့ မြင်လာပါလိမ့် မယ်၊

အဲ ဒါ ကို "ဥာဏ်မျက်လုံးနဲ့  မြင်တယ်" လို့  ခေါ် တယ်။

ဒါ ကိုနှလုံး သွင်းမှန်တယ်လို့  ခေါ်တယ်။ ဒီလို နှလုံးသွင်းမှန်မှ သမ္မာဒိဋ္ဌိမဂ္ဂင် နဲ့  အခြားမဂ္ဂင် တွေပါ တွဲပေါ်တယ်။ ဒါမှ ငရဲမျိုးစေ့ပြုတ်မှာ။

ဒကာ၊ ဒကာမတို့  ဒီလို ငရဲမျိုးစေ့ (အပါယ် တံခါးပိတ်) ပြုတ်ဖို့ ကတော့ ကျင့်မှရမယ်။ မကျင့်ဘဲနဲ့ တော့ မရဘူး။ ဒါကြောင့် နေ့ စဉ် နှလုံးသွင်းမှန်ဖို့  ကျင့်ရမှာ မဟုတ်လား၊ ဒီလို ကျင့်ရင်ဖြင့် နှလုံးသွင်းမှန်ရင်ဖြင့် ခန္ဓာမှာ ဖြစ်ပျက်တွေ ပေါ်လာတာကို ဥာဏ်နဲ့  မြင်လာမှာ (မပေါ်ပါနဲ့လို့  တားလို့မရပါ ဒကာ၊ ဒကာမတို့ ၊ မရပါဘူး)၊ ဒီလို ကြည့်ပါ များလာရင် ဖြင့် မုန်းလာမှာ၊ နောက်ဆုံး အဆုံး (သမ္မာဒိဋ္ဌိ မဂ္ဂင် တွေ ပေါ်မှာမို့ ) အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ ထင်ပြီး မဂ်တရား ဖိုလ်တရားက မဝေးပါဘူးလို့ မှတ်ပါ။

၅။ ဒါကြောင့် မိစ္ဆာဒိဋ္ဌိပြုတ်ဖို့ ၊ အပါယ်တံခါးပိတ်ဖို့ နှလုံးသွင်းမှန်ဖို့က ကျင့်မှရမယ် ဒကာ၊ ဒကာမတို့ မဂ္ဂင်ဆိုတာ အလုပ် အကျင့်ကိုပြောတာ။ ဒကာ၊ ဒကာမတို့  နှလုံးသွင်းမှန်တဲ့အလုပ်၊အကျင့်နဲ့သာ ခန္ဓာကြည့်လို့ရှိရင်ဖြင့် မဂ္ဂင်သည် ဒုက္ခသစ္စာ ကိုလည်း စွန့်ပေးမယ်၊ နိရာဓသစ္စာဆီလည်း အရောက်ပို့ပေးမယ်၊ အပါယ်သွားတတ်တဲ့ အကုသိုလ်ကံ၊ ကိလေသာတွေကိုလည်း ဖြတ်ပေးမယ်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်ကို ဥာဏ်တွေပေါ်စေ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုစေတယ်။

ကိုင်း ဒကာ၊ ဒကာ မတို့  ဒီ အလုပ် -လုပ်သင့် သလား၊ လုပ်ထိုက်သလား၊ မလုပ်ထိုက်ဘူးလား၊ သေသေချာချာ စဉ်းစားကြ။

No comments:

Post a Comment