Sunday, July 2
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့ တွင် ဟောကြားတော်မူသော တရားတော် အချောင်သမားတွေ နိဗ္ဗာန်လိုချင်လို့မရ (မာဂဏ္ဍိပုဏ္ဏား)
ဆုပေးလိုက်တယ်လို့ ကိုစောမောင်တို့နော် ….. (မှန်ပါ့)။ ဘယ်လိုပေးလိုက်သတုံးဆိုတော့ မအို၊ မသေ၊ အမြဲနေသော နိဗ္ဗာန်သို့၎င်း၊ နိဗ္ဗာန်ဆိုတာ မအို၊ မသေ၊ အမြဲနေတာလို့ မှတ်ထားလိုက်စမ်းပါ …. (မှန်ပါ့)၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းသော နိဗ္ဗာန်ဆိုတော့ ဒုက္ခဆိုတာ ဘာမှ မရှိတဲ့ နိဗ္ဗာန်လို့ မှတ်လိုက်တာပေါ့ …. (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ
            ထောင့်ငါးရာကိလေသာတို့၏ ချုပ်ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာလဲ ခန္ဓာကိုယ်ထဲမှာ အပူဓာတ်အလောင်ဓာတ်တွေ အကုန် ကုန်တာကို ဆိုတယ် …. (မှန်ပါ့)။
            ဒါဖြင့် နိဗ္ဗာန်ဟာ အားလုံး ဒကာ ဒကာမတွေ မှတ်ထားတာပေါ့၊ ချမ်းသာသက်သက် တစ်ခုတည်းပဲကိုးလို့ …. (မှန်ပါ့ဘုရား)၊ ဘာပါလိမ့် ….. (ချမ်းသာသက်သက် တစ်ခုတည်းပါဘုရား)။
            ချမ်းသာသက်သက် တစ်ခုတည်းလို့ မှတ်ထားတော့ သြော် … ဒါရမှ အေးမှာပဲ၊ ဒါမှ မရသ၍ ကာလပတ်လုံးငါတို့သည်ကားလို့ဆိုရင်ဖြင့် ဒုက္ခခပ်သိမ်းနဲ့လည်း ကြုံရမယ်၊ ကိလေသာ အပူဓာတ်၊ အလောင်ဓာတ်တွေကလည်း ခန္ဓာကိုယ်ထဲလောင်လိမ့်မယ်၊ အိုမှု၊ သေမှု၊ နာမှုတွေကလည်း အမြဲနှိပ်စက်လိမ့်မယ်လို့ မဆိုထိုက်ဘူးလား ….. (ဆိုထိုက်ပါတယ်ဘုရား)။
နိဗ္ဗာန်သည် ဘယ်သဘောရှိသတုံး
            အဲဒါကြောင့် နိဗ္ဗာန်သည် ဘယ်သဘောသတ္တိရှိသတုံးလို့ မေးလို့ရှိရင်ဖြင့် မအို မသေ အမြဲနေသော သဘောသတ္တိရှိတယ်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းခြင်းသဘော သတ္တိရှိတယ်၊ ထောင့်ငါးရာ ကိလေသာဆိုတဲ့ အပူဓာတ် အလောင်ဓာတ်တွေ ငြိမ်းသတ်ရာ အရပ်လည်းဖြစ်တယ်၊ နိဗ္ဗာန်၏ ဂုဏ်ပုဒ်တွေနော် ….. (မှန်ပါ့)၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။
            အဲဒါကြောင့် နိဗ္ဗာန်ရအောင် လုပ်ပါလို့ တိုက်တွန်းလိုက်မယ်၊ နိဗ္ဗာန်မရသေးလို့ရှိရင် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတာ …. အမိနို့ရည်သောက်ပြီးနေရတာ ခင်ဗျားတို့ နောက်ကို သမုဒ္ဒရာ လေးစင်းရေလောက် သောက်ရဦးမယ် …. (မှန်ပါ့)၊ သောက်ရတယ်ဆိုကတည်းက သေဦးမှာပဲ ကိုစောမောင် ….. (မှန်ပါ့)၊ သောက်လိုက် …. သေလိုက်၊ သောက်လိုက် ….. သေလိုက် နေဦးမှာပဲ …. (မှန်ပါ့)။
            ဒါ …. ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာ …. တဲ့၊ လူဖြစ်တဲ့ဘ၀ပြောတာဟေ့ …. တဲ့၊ အမိနို့ရည် မသောက်ဘဲနဲ့ သေတဲ့ဘ၀တွေ ငါထည့်မပြောသေးဘူးတဲ့ …. (မှန်ပ့ါ)။
            ဦးဘရှင်း ….. ဘယ်လောက်များ သံသရာရှည်သတုံး ….. (ရှည်ပါတယ်ဘုရား)။
            အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာတွေ ဆရာကလဲ လမ်းညွန်ပြီးသကာလနေတယ်၊ ခင်ဗျားတို့ကလဲ ဖြောင့်ဖြောင့်လိုက်ပြီးသကာလ ဒီဘ၀နဲ့ အပြတ်လုပ်ပါလို့ ပြောလိုက်တယ် …. (မှန်ပါ့)။
            ဒုက္ခဆက်ချင်ကြသေးလား … (မဆက်ချင်ပါဘုရား)၊ ဒုက္ခလည်း မဆက်ချင်ပါနဲ့ဆိုတာ သတိပေးလိုက်တယ်၊ ကိလေသာ အပူဓာတ်တွေလည်း နောက်ထပ် မလောင်ပါစေနဲ့ ဆိုတာ သတိပေးလိုက်တယ် …. (မှန်ပါ့)၊ မပေးထိုက်ဘူးလား …. (ပေးထိုက်ပါတယ်ဘုရား)။
            အဲဒီတော့ နိဗ္ဗာန်လိုချင်လို့ရှိရင် ခုနင်က အသေဓာတ်တွေ လွတ်ချင်လို့ အပူဓာတ်တွေ အလောင်ဓာတ်တွေ ငြိမ်းသတ်ချင်လို့ရှိရင်ဖြင့်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ဒါကလေးမှတ်ထားပါကွာ …. တဲ့၊ ‘’အာရောဂျံပရမာ လာဘာ ‘’ ကလေးမှတ်ထားလိုက်စမ်းပါ … ။
အချမ်းသာဆုံးဟာနိဗ္ဗာန်ပဲ
            ‘’ အာရောဂျ ပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ ….. ‘’ တဲ့ ကိုစောမောင်နော် …. (မှန်ပါ့)။
            အာရောဂျ = အနာကင်းခြင်းသည်၊ ပရမာ = မြတ်သော၊ လာဘာ = လာဘ်ကြီးတစ်ခုပဲ၊ နိဗ္ဗာနံ = နိဗ္ဗာန်သည်၊ ပရမံ = လွန်ကဲသော၊ သုခံ = ချမ်းသာအစစ်ပဲ။
            အနာကင်းခြင်းဟာ လာဘ်ကြီးတစ်ခုပေါ့ဗျာ …. အချမ်းသာဆုံးဟာ နိဗ္ဗာန်ပဲ၊ သဘောကျပလား …. (ကျပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးနဲ့ နိဗ္ဗာန်ကိုသွားပါ
            အဋ္ဌင်္ဂီကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ ဆိုတဲ့ အတိုင်းတဲ့၊ မဂ္ဂင်ရှစ်ပါးတရားသည် နိဗ္ဗာန်ရောက်ကြောင်း တရား အစစ်လို့မှတ်လိုက် …. (မှန်ပါ့)။
            ဒါဖြင့် အနာကင်းခြင်းဟာ မောင်နိုင် လာဘ်ကြီးတစ်ခု ….. (မှန်ပါ့)။
            ကိုပေါ် …. အနာကင်းခြင်းဟာ …. (လာဘ်ကြီးတစ်ခုပါ ဘုရား)၊ လာဘ်ကြီးတစ်ခုလို့ မှတ်ထားလိုက်စမ်းပါ။
            နိဗ္ဗာနံ ပရမံ သုခံ တဲ့၊ နိဗ္ဗာန်မှာ အနာမရှိဘူးဆိုတဲ့ ဥစ္စာရှင်းသွားပလား … (ရှင်းသွားပါပြီ)၊ ဘယ်လို လုပ်သွားရမှာတုံးဆိုတော့ အဋ္ဌင်္ဂီကောစ မဂ္ဂါနံ မဂ္ဂင်ရှစ်ပါးနဲ့ သွားပါကွာ … တဲ့။
မာဂဏ္ဍီပုဏ္ဏားကြီး
            ဘယ်ရောက်မှတုံးဆိုတော့ ခုနင်က ခေမံ အမတ ဂါမိနံ ဆိုတော့ အနာကင်းတဲ့ နိဗ္ဗာန်ရောက်ပါလိမ့်မယ်ဆိုတော့ ဒီနေ့ည ဟောရမည့်တရားက မာဂဏ္ဍီပုဏ္ဏားကြီးကို ဒီဂါထာရွတ်လိုက်တော့ မောင်နိုင် မာဂဏ္ဍီပုဏ္ဏားကြီး ဒီဂါထာရထားတယ် …. (မှန်ပါ့)။
            ဒီဂါထာရထားတော့ ဟာ …. ရှင်ကြီး ဂေါတမ နေရာကျလိုက်တာ၊ ဒီဂါထာကို ကျုပ်လဲ ရထားတယ်၊ ရထားတာက ကိုစောမောင် ကဿပ မြတ်စွာဘုရားလက်ထက်က ဂါထာ … (မှန်ပါ့)။
            သူက ဂေါတမဘုရားလက်ထက်ကျအောင် ရထားတယ် …. (မှန်ပါ့)၊ ရထားတာက ပုဏ္ဏားပညာရှိတွေ အဆင့်ဆင့် ဆောင်လာတာနဲ့ ဒီဂါထာက အခုထက်ထိကျန်နေတယ်၊ ဂေါတမဘုရား လက်ထက်ကျအောင် …. (မှန်ပါ့)။
            သို့သော်လည်း အယူအဆက လွဲနေတယ်၊ အာရောဂျံ ပရမံ လာဘံ ဘုရားက ရွတ်လိုက်တော့ သူက သဘောကျတယ်၊ သြော် …. ကျုပ်ဟာ အနာကင်းတဲ့ ပုဂ္ဂိုလ်ပဲလို့ ခန္ဓာကိုယ်ကြီးကို သူကပြောတယ် ….. (မှန်ပါ့)။
ခန္ဓာကိုယ်ကို နိဗ္ဗာန်ယူလိုက်တယ်
            နိဗ္ဗာနံ ပရမံ သုခံ ဆိုတော့၊ အို … ကျုပ်အနာကင်းနေတာ နိဗ္ဗာန်ပဲ …. တဲ့၊ သူ့ခန္ဓာကိုယ်ကြီးကို နိဗ္ဗာန်ယူလိုက်တယ် … (မှန်ပါ့)၊ အယူက မလွဲဘူးလား … (လွဲပါတယ် ဘုရား)။
            အာရောဂျ ပရမာ လာဘာ လဲ သူ့မှာ အနာမရှိပါဘူးတဲ့၊ ဒီခန္ဓာကိုယ်ကြီးပဲ …. တဲ့၊ အခုကျန်းမာလို့ အရှင်ဘုရားများနဲ့ ပြောနိုင်ဆိုနိုင် တရားနာနိုင်တာပေါ့ဆိုတော့ သူ့ခန္ဓာကိုယ်ကြီးကို ကျန်းမာတယ်လို့ ယူလိုက်ပြန်တယ် …. (မှန်ပါ့)။
            နိဗ္ဗာနံ ပရမံ သုခံ ကို ဘုရားက ဆက်ရွတ်လိုက်ပြန်တော့လဲ၊ သြော် … ကျုပ် ကျန်းမာနေတာ ဟာ နိဗ္ဗာန်ပဲ၊ ဒါချမ်းသာနေတာဆိုတော့ ဒီခန္ဓာကိုယ်ကြီးပဲ ယူလိုက်ပြန်တယ် ဦးဘရှင်းရဲ့ ….. (မှန်ပါ့)။
            ခန္ဓာကြီးဘယ်နှစ်ချက်ရှိပြီလဲ ယူလိုက်တာ …. (နှစ်ချက်ရှိပါပြီဘုရား)။
            အနာကင်းတာနဲ့ မိမိခန္ဓာပဲ …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီ)၊ နိဗ္ဗာန်ဆိုတာဘာလဲ …. (မိမိခန္ဓာပါ ဘုရား)။ 
            မိမိခန္ဓာပဲလို့ ယူလိုက်တော့ မာဂဏ္ဍီပုဏ္ဏားကြီးက ဒီလိုသဘောကျပြီးသကာလနေတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဟ …. မာဂဏ္ဍီ ပုဏ္ဏားကြီး …. 
            အာရောဂျ ပရမာ လာဘာ
            နိဗ္ဗာနံ ပရမံ သုခံ၊
            အဋ္ဌင်္ဂီကောစ မဂ္ဂါနံ၊
            ခေမံ အမတဂါမိနံ ….. ။
လို့ ရွတ်လိုက်တဲ့ ဂါထာသည်ကား …. လို့ ဆိုလို့ရှိရင် မင်းက မင်းကိုယ်ကြီးဟာ အနာကင်းတာပဲ၊ မင်းကိုယ်ကြီးဟာ နိဗ္ဗာန်ပဲလို့ ယူလိုက်တာ၊ မင်းက ကွာ …. တဲ့ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်နဲ့ တူလိုက်တာ။
မျက်စိနှစ်ကွင်းအလင်းမရတဲ့ ပုဂ္ဂိုလ်
            ဘယ့်နှစ်ကြောင့် မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်နဲ့ တူပါလိမ့်မတုံးဆိုတော့ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ဟာကွာ …. တဲ့၊ သူတစ်ပါးက အိုးမည်းတွေနဲ့ သုတ်ထားတဲ့ အ၀တ်ကိုဝတ်ခိုင်းလိုက်တယ်၊ ၀တ်ပြီးသကာလ ဟောဒီအ၀တ်ဟာ အင်မတန် ဖြူစင်ပါတယ်လို့ မျက်စိမမြင်တဲ့လူကပြောတော့ မျက်စိနှစ်ကွင်း အလင်းမရတဲ့လူက ဆီသုတ်တဲ့ အ၀တ်ကို ၀တ်ပြီးသကာလ …. ဒီအ၀တ်နဲ့ သူနဲ့လိုက်တယ် …. လိုက်တယ်လို့ မင်းမြို့ ထဲမှာ လည်ပြီး ပြောစမ်းဆိုတော့ ကိုစောမောင် မျက်စိက မမြင်တော့ ဒီအ၀တ်နဲ့ ကျုပ်နဲ့ မလိုက်ဘူးလားလို့ လည်ပြီးမေးနေတယ် ….. (မေးပါတယ်ဘုရား)။
            ဘာဖြစ်လို့ မေးပါလိမ့်မတုံးဆိုတော့ ဦးဘရှင်း အဖြေထွက်စမ်းပါ …(မျက်စိမမြင်လို့ပါ ဘုရား)၊ မျက်စိမမြင်တော့ သူ့ဟာသူ ဟုတ်နေတာပဲ …. (မှန်ပါ့)။
            အဲဒီတော့ကွာ … တဲ့ မင်းကလဲ အာရောဂျ ပရမာ လာဘာ ဆိုတဲ့ ဥစ္စာ မင်းခန္ဓာကြီး အနာကင်းတယ်လို့ ယူလိုက်တယ်၊ ခေမံ အမတဂါမိနံ ဆိုတဲ့ ဥစ္စာလဲ နိဗ္ဗာနံ ပရမံ သုခံ ဆိုတာလဲ မင်းက မင့်ခန္ဓာကြီးလို့ ယူလိုက်တော့ မင်းက အနာရှိတာလဲမသိ၊ နိဗ္ဗာန်လဲမသိ၊ သူများ ပြောသံကြားတာနဲ့ မျက်စိနှစ်ကွင်း အလင်းမရတော့ မင်းဝတ်ထားတဲ့ အ၀တ်ကြီး ခြေသုတ်ထားတာကြီးကို ငါနဲ့မလိုက်ဘူးလား၊ ငါနဲ့ အင်မတန်လိုက်တယ် ဆိုတာ ပြောတာနဲ့ အတူတူဖြစ်နေပြီ …. (မှန်ပါ့)၊ ဘုရားက ကဲ့ရဲ့တော်မူတယ် ….. (မှန်ပါ့)။
            ကိုပေါ် မကဲ့ရဲ့ထိုက်ဘူးလား …. (ကဲ့ရဲ့ထိုက်ပါတယ် ဘုရား)၊ သူက မျက်စိနှစ်ကွင်း အလင်းမရတော့ သူ့အ၀တ်နဲ့ သူနဲ့ဟုတ်နေတာကိုး ….. (မှန်ပါ့)၊ ဟုတ်တော့ ကျုပ်တို့ မျက်စိနှစ်ကွင်း အလင်းရတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီအ၀တ်နဲ့ ဒီဟာ ဟုတ်ပါရဲ့လား …. (မဟုတ်ပါဘုရား)။
            မဟုတ်ပါဘူး၊ သူ့မှာ လူများပြောသ၍ နဲ့ ပြီးနေတာဆိုတဲ့ အဓိပ္ပာယ် ဦးဘရှင်း ရှင်းလင်းပေါ့ဗျာ … (မှန်ပါ့)။
            ဒကာကြီးလှိုင် ပေါ်သွားပြီနော် ….. (ပေါ်သွားပါပြီ ဘုရား)။
ကျုပ်ကို မျက်လုံးဖွင့်ပေးပါဦး
            အဲဒီတော့ ပုဏ္ဏားက ဇာတ်ရည်လည်လာတော့ ဒါဖြင့် ရှင်ကြီးဂေါတမ …. ကျုပ်က အာရောဂျ ပရမာ လာဘာ ဆိုတာ ကျုပ်ခန္ဓာကိုယ် ကျုပ်အနာကင်းတယ်လို့ ယူထားတယ်၊ နိဗ္ဗာနံ ပရမံ သုခံ ဆိုတာလဲ ကျုပ် အခုချမ်းသာနေတာလဲ နိဗ္ဗာန်ပဲလို့ ကျုပ်ယူထားတာ၊ ကျုပ်မျက်စိနှစ်ကွင်း အလင်းမရလို့ သူများက ဆီသုတ်တဲ့ အ၀တ်ကြီး ၀တ်ပြီးသကာလ ငါ့အ၀တ်နဲ့ ငါနဲ့ မလိုက်ဘူးလားလို့ လည်ပြောနေတာနဲ့ ကျုပ်ကို တူပါတယ် ဆိုလို့ရှိရင် ကျုပ်ကို မျက်လုံးဖွင့်ပေးပါဦး၊ တောင်းပန်ပါတယ် …. (မှန်ပါ့)။ 
            အနာကင်းတာလဲသိရအောင်၊ နိဗ္ဗာန်လဲသိရအောင် ကျုပ်ကို မျက်လုံးဖွင့်ပေးပါဦး …. တဲ့၊ တောင်းပန်ပြီ …. (မှန်ပါ့)၊ ရှင်းကြပလား ဒကာ ဒကာမတို့ …. (ရှင်းပါပြီဘုရား)။
သူတော်ကောင်းဆီ ဆည်းကပ်ပါဦး
            တောင်းပန်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းမျက်လုံး ဖွင့်ပေးရမယ်ဆိုလို့ရှိရင်ကွာ …. တဲ့ သူတော်ကောင်းဆီ ဆည်းကပ်ပါဦး …. တဲ့၊ ရှင်းပလား …. (ရှင်းပါပြီ)။
            ဘာလုပ်ရဦးမလဲ …. (သူတော်ကောင်းဆီ ဆည်းကပ်ရပါမယ်ဘုရား)၊ သစ္စာတရား နာရပါမယ်ဘုရား)၊ နှစ်ချက်ရှိသွားပြီ ကိုစောမောင်နော် …. (မှန်ပါ့)။
            သစ္စာကိုလဲ မြင်အောင် ကျင့်ပါဦး … တဲ့၊ သုံးခုရှိသွားပြီ …. (မှန်ပါ့)။
ဒီသုံးခုအရေးကြီးတယ်
            ဒကာ ဒကာမတွေ ဘယ်နှစ်ခုပါလိမ့် … (သုံးခုပါ ဘုရား)။ မျက်စိနှစ်ကွင်း အလင်းရချင်လို့ရှိရင် မင်း …. ဒီသုံးခုအရေးကြီးတယ်ကွ …. လို့ ဟောပြန်တယ် … (မှန်ပါ့)။
            ဦးဘအုန်း သဘောကျပလား …. (ကျပါပြီ) မျက်စိနှစ်ကွင်း အလင်းရချင်ရင် ဘယ်နှစ်ခုပါလိမ့် …. (သုံးခုပါဘုရား)။
            ၁။ သူတော်ကောင်း ဆည်းကပ်ရဦးမယ်၊ ၁ နံပါတ် (မှန်ပါ့)။
            ၂။ သစ္စာတရားနာရမှာက ၂ နံပါတ် ….. (မှန်ပါ့)။
            ၃။ နာထားတဲ့အတိုင်း သစ္စာကိုမြင်အောင် ကျင့်ရမှာက ….. (၃ နံပါတ်ပါ ဘုရား)။
            ဒီသုံးခုရမှ အနာကင်းတာကိုလဲ သိမယ်၊ နိဗ္ဗာန်လဲ သိမယ်ကွာ …. လို့ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီသုံးခုကို မင်းရှေးဦးစွာ ဆည်းပူးပါဦး၊ ဒါမှ မင့် ခန္ဓာကိုယ်ကြီး အနာရှိတာ ကိုလဲ သိမယ်၊ အနာကင်းတဲ့ နိဗ္ဗာန်ကိုလဲ သိမယ်လို့ ဘုရားက ပြောရှာတယ် … (မှန်ပါ့)၊ သဘောကျပလား … (ပါ ပါပြီဘုရား)။
            ဒါဖြင့် ဒါက မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ လာတဲ့ မာဂဏ္ဍီပုဏ္ဏားကြီးကို ဟောနေတယ်ဆိုတဲ့ ဥစ္စာ မောင်နိုင် ရှင်းပလားကွ ….. (ရှင်းပါပြီဘုရား)၊ ဇာတ်အကုန်ဟောဖို့ မဟုတ်ပါဘူးတဲ့၊ ဒီဥစ္စာ ဒကာ ဒကာမတွေ အလုပ်ပေးချင်လို့ စလာတာ … (မှန်ပါ့)။
            ကိုင်း …. ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းအနာရှိတာကိုလဲ သိချင်တယ်၊ နိဗ္ဗာန်ကိုလဲ သိချင်ရင် သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအားထုတ် ဆိုတဲ့ အရင်ကပြောထားတဲ့အတိုင်း သူတော်ကောင်းလဲ ဆည်းကပ်ပါဦး၊ သစ္စာတရားလဲ …. (နာပါ)၊ နာတဲ့အတိုင်း သစ္စာကို မြင်အောင်လဲ ကျင့်ပါဦးတဲ့ …. (မှန်ပါ့)။
ဒီသုံးခုရှိမှ မျက်စိအလင်းရမယ်
            ဒီသုံးခုရှိမှ မင်းသည် မျက်စိနှစ်ကွင်း အလင်းရသွားမယ် … နို့မဟုတ်လို့ရှိရင် မင်း သူများပေးတဲ့ ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးတဲ့ ငါနဲ့ မလိုက်ဘူးလားဆိုတဲ့ မျက်စိကန်း ပြောပြော နေမှာပဲလို့ ဘုရားကပြောလိုက်တယ် … (မှန်ပါ့)။
            ဒီမှာလဲ ဒကာ ဒကာမတွေ ဒီနေ့ အခု တရားနာလာကြတာ ဒကာ ဒကာမတွေက သြော် … တပည့်တော်တို့ ဘုရား ….. မိုးထဲလာကြရတာ ကျန်းမာလို့လာနိုင်တာလို့ ဆိုပြီးသကာလ အာရောဂျ ပရမာ လာဘာ ထဲ ဒီ ဒကာ ဒကာမတွေပါနေတယ် …. (မှန်ပါ့)။
            တပည့်တော်ဘုရား …. အခု ကျန်းမာလို့ လာနိုင်ကြတာဘုရား …. ဆိုတော့ အင်း … ကျန်းမာလို့ လာနိုင်ကြတယ်ဆိုတော့ ဘုန်းကြီးကပဲ ၀မ်းသာရဦးတော့ မလိုလို ဖြစ်ပြီးသကာလ နေတော့ သမုတိနယ်ကတော့လဲ ဦးဘရှင်း ၀မ်းသာရမှာပဲ ….. (မှန်ပါ့)၊ အင်း …. ကြိုးစားကြပေ တယ်၊ ကိုယ့်အရေး ကိုယ်သိပေတယ်လို့ ၀မ်းသာရပါတယ်။
သစ္စာမျက်လုံးမတပ်ရသေးတော့
            သို့သော်လဲတဲ့ သစ္စာမျက်လုံး မတပ်ရသေးတော့ ၀ိပဿနာ မျက်လုံး၊ သစ္စာမျက်လုံး မတပ်ရသေးတော့ မကျန်းမာတာကိုဘဲ မကျန်းမာတာ မသိသေးဘဲ ဖြစ်နေတယ် …. (မှန်ပါ့)၊ ကျန်းမာတယ် ထင်တုန်းပဲ … (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
            ဒါဖြင့် အခု သူတော်ကောင်းနားလဲ ဆည်းကပ်လို့ တရားကလဲ နာနေတော့ ဒကာ ဒကာမတွေက တွေးတာပေါ့ ….. တဲ့ ခန္ဓာကိုယ်ကို တစ်ခါတည်း ကမ္မဋ္ဌာန်းခွင် သဘောပေါ့ ကိုစောမောင်ရာ …. (မှန်ပါ)၊ ထိုင်ပြီး မျက်လုံးလေးမှိတ်ပြီးသကာလ ထွက်သက်၊ ၀င်သက်လေကလေး မှန်မှန်ရှုပြီးသကာလ နေတဲ့အခါကျရင်တော့မှ ဦးဘရှင်းရေ …. ဟိုက ယား၊ ဒီကနာ၊ ဟိုကအောင့်၊ ဒီကခဲ ဆိုတာတွေ မလာဘူးလား ….. (လာပါတယ်ဘုရား)၊ အင်း …. နဂိုသွားလာတုန်းကတော့ ဒီလိုမထင်ဘူး၊ ဆရာနည်းပေးတဲ့အတိုင်း စောင့်ကြည့် မျက်လုံးကလေးနဲ့ စောင့်ကြည့်လိုက်တဲ့အခါကျတော့မှ သြော် … ထိုင်လဲ အောက်ပိုင်းကအနာတွေနဲ့၊ ဘေးကလဲ ယားတဲ့ အနာတွေနဲ့၊ ဒီအနာတွေ ကားလို့ဆိုလို့ရှိရင်ဖြင့် တော်တော်ကြာစောင်းရ၊ တော်တော်ကြာ တည့်ရ …. ကိုစောမောင် မနေရဘူးလား … (နေရပါတယ်ဘုရား)။ တော်တော်ကြာ ကျင်ကြီးစွန့်ချင်၊ ကျင်ငယ်စွန့်ချင်နဲ့ မလာဘူးလား … (လာရပါတယ်ဘုရား)။
            တော်တော်ကြာ ထိုင်ပါများလို့ ကျဉ်တာတွေကော မလာဘူးလား …(လာပါတယ်ဘုရား)။
            အင်း … ဦးဘရှင်း ဒီဥစ္စာတွေ၊ အနာတွေမှ ဟုတ်ကဲ့လား …. (ဟုတ်ပါတယ်ဘုရား)။
သစ္စာမျကလုံးတပ်ကြည့်လိုက်တော့
            သြော် … ဒါဖြင့် ဒကာ ဒကာမတွေ အနာကင်းကြရဲ့လားလို့ မေးတော့ ဘုရား … ဒီတွင် သွားရင်း လာရင်းတော့ တပည့်တော်တို့ ခုနင်က သစ္စာမျက်လုံး မတပ်ခင်တုန်းကတော့ဖြင့် အနာကင်းတယ်လို့ ထင်ပါတယ်ဘုရား၊ အခု သစ္စာမျက်လုံး၊ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ တပ်ကြည့်လိုက်တဲ့ အခါကျတော့ဖြင့် ဟိုကယား ဒီကနာနဲ့၊ ဟိုကအောင့်လိုက်၊ ဟိုနေရာပြောင်း ဒီနေရာ ရွှေ့လိုက်နဲ့ မောင်နိုင် မနေရဘူးလား … (နေရပါတယ်ဘုရား)။
            ဟိုဟာကလေး ဆွဲခြုံလိုက်ရ၊ ဒီဟာကလေးဆွဲခွာလိုက်ရ … ။ ဟ …. ဘာဖြစ်ကြတာတုံး မေးတော့ ဘယ့်နှယ်ပြောကြမလဲ … (အနာနှိပ်စက်လို့ပါဘုရား)၊ အနာနှိပ်စက်လို့။ 
            နောက်က ဒကာ ဒကာမတွေ ဘာဖြစ်ကြတာတုံး … (အနာနှိပ်စက်လို့ပါ ဘုရား)။
အနာရှိလျက်နဲ့ တရားနာနေတာ
            သြော် … ဒါဖြင့် ကျန်းမာလို့ တရားနာနိုင်တာလား အနာရှိလျက်နဲ့ နာနေတာလား …. (အနာရှိလျက်နဲ့ နာနေတာပါဘုရား)။
            ဒီကျတော့ သူတော်ကောင်း ဆည်းကပ်တဲ့အခါကျတော့ သစ္စာမျက်လုံးကလေး တပ်ပေးလိုက်တော့ ကိုစောမောင်ရေ … ကမ္မဋ္ဌာန်းထိုင်တဲ့ အချိန်ကျတော့ အနာတွေပေါ်လာတယ် … (ပေါ်ပါတယ်ဘုရား)။
            ဒါဖြင့် အာရောဂျ ပရမာ လာဘာ ဆိုတာ အရောဂျံ = အနာကင်းခြင်းသည်၊ ပရမံ = မြတ်သော၊ လာဘံ = နိဗ္ဗာန်လာဘ်ကြီးပဲဆိုတဲ့ ဥစ္စာ ကိုစောမောင် ဒီအနာတွေ အကုန်ကင်းမှ …. (မှန်ပါ့)၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ပင်ကိုက မကျန်းမာတဲ့ အနာ
            အင်း … ဒကာ ဒကာမတွေထင်တဲ့ အနာမျိုးဟုတ်ပါရဲ့လား …. (မဟုတ်ပါဘုရား)၊ ပင်ကိုကိုက ပင်ကိုသဘောနာကို ဆိုပါတယ်။ ဖောက်ပြန်တဲ့အနာကို မဆိုဘူး … (မှန်ပါ့)၊ ပင်ကိုကိုက မကျန်းမာတဲ့အနာတွေ ဘုရားက ဟောပါတယ် … (မှန်ပါ့)၊ ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။
            ဘာပါလိမ့် …. (ပင်ကို မကျန်းမာတဲ့ အနာဆိုပါတယ် ဘုရား)။
            စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ဒီမှာ လာကြတော့ အခုမိုးကလေးက တစိမ့်စိမ့်နဲ့၊ အင်း … ထီးကလေး ကူခဲ့ရရဲ့လားဆိုတာလည်း ရိပ်မိကြပလား … (ကူခဲ့ကြရပါတယ်ဘုရား) ခြုံထည်ကလေး ထူထူခြုံခဲ့ကြရရဲ့လား …(ခြုံခဲ့ရပါတယ်ဘုရား)၊ ကျန်းမာလို့လား … မကျန်းမာလို့လား … (မကျန်းမာလို့ပါဘုရား)။
            မကျန်းမာလို့နော် …. ၊ ဒီအထဲကပဲ ခြေထောက်ကကော အေးတဲ့ဝေဒနာကလေးများ ပေါ်သေးလား …. (ပေါ်ပါတယ်ဘုရား)။
            ပေါ်တယ် … တဲ့၊ အေးရာကနေပြီးသကာလ … အခုထိုင်ပြီးသကာလ နေကြငြား သော်လည်းတဲ့၊ ဟိုနေရာက စစ်စစ် ဒီနေရာက ယားသလိုလို ဒီနေရာက အောင့်သလို လိုကော မလာဘူးလား … (လာပါတယ်ဘုရား)၊ ဟင် …. ဒါဖြင့် ဒကာ ဒကာမတို့ ကျန်းမာကြရဲ့လား …. (မကျန်းမာပါဘုရား)။
မကျန်းမာတဲ့ခန္ဓာကြီး
            ဒါဖြင့် ဒီခန္ဓာကြီးဟာ တထစ်ချ မှတ်လိုက်တော့ မကျန်းမာတဲ့ ခန္ဓာကြီး …. (မှန်ပါ့)၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)၊ ဘာတဲ့တုံး …. (မကျန်းမာတဲ့ ခန္ဓာကြိးပါဘုရား)။
            ဘယ်အချိန် ကျန်းမာကြသလဲ …. (ဘယ်အချိန်မှ မကျန်းမာပါဘုရား)။
            အဲဒါသိမှကွ …. ဒီလို သစ္စာမျက်လုံးတပ်ပြီး ကြည့်လိုက်မှ …. မင်းက ကျန်းမာလို့ သူ့ရင်ဘတ်များ သူပုတ်ပြလိုက် သေးတယ် အာရောဂျ ပရမာ လာဘာ ဆိုတာ ကျုပ်ကို ဆိုတာ၊ မာဂဏ္ဍီပုဏ္ဏားက မောင်နိုင်သူ့ရင်ဘတ်များ ပုတ်ပြလိုက်သေးတယ် ….. (မှန်ပါ့)။
            နိဗ္ဗာနံ ပရမံ သုခံ ….. ဆိုတာ သူ့ခန္ဓာကြီးဟာ နိဗ္ဗာန်ပဲ ပြောနေတယ်။
            မင်းဟာ အရိယာမျက်လုံး မတပ်ရသေးတော့ ခက်တယ်ကွာဆိုတော့ အရိယာမျက်လုံး ဆိုတာ သစ္စာမျက်လုံးပါပဲ …. (မှန်ပါ့)၊ ရိပ်မိကြပလား …. (ရိပ်မိပါပြီဘုရား)။
            အရိယာမျက်လုံးဆိုတာ ဘာပါလိမ့် ….. (သစ္စာမျက်လုံးပါဘုရား)
သစ္စာမျက်လုံးတပ်ကြည့်လိုက်ပါ
            အဲ …. သစ္စာမျက်လုံးတပ်ပြီး ကြည့်လိုက်တော့မှ ဒကာ ဒကာမတွေ သမာဓိကလေး ကောင်းကောင်းနဲ့ ပညာလေးနဲ့ တည့်ပြီးကြည့်လိုက်တော့ ခန္ဓာကိုယ်ထဲမှာ ဟိုကရွရွ၊ ဒီကရွရွနဲ့ ကိုစောမောင် = ဟိုကအောင့်၊ ဒီကနာ ဟင် … (မှန်ပါ့)၊ ဟိုကရွှေ့ချင် ဒီကပြောင်းချင်နဲ့၊ ဟင်း …. ဒီလိုထိုင်လို့ မဖြစ်သေးဘူး၊ ဟိုလိုမှ ဒီလိုခြုံလို့မဖြစ်ဘူး၊ ဟိုလိုခြုံမှ၊ ဒီလိုခြုံပြန် ဟိုလိုခွာဦးမှ၊ မလာဘူးလား ….. (လာပါတယ်ဘုရား)။
            ဟ …. ဘာဖြစ်ကြတာတုံးလို့ မေးရင်ဘယ့်နှယ့်ဖြေကြမယ် …. (အနာနှိပ်စက်တာပါ ဘုရား)၊ အနာထကြွလို့ အနာထ တာပါဘုရား ဆိုတာ ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား)။
            အဲဒါက အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါတဲ့ အရိယာမျက်လုံး တပ်ကြည့်တော့မှ မမာမှန်းသိတာကိုး …. (မှန်ပါ့ဘုရား)။
            ဘယ်လိုပါလိမ့် …. (အရိယာ မျက်လုံး တပ်ကြည့်တော့မှ မမာမှန်းသိပါတယ်ဘုရား)။
ဝိပဿနာအလုပ်ဆိုတာ စောင့်ကြည့်ရတာ
            အဲဒီလို ၀ိပဿနာအလုပ်ဆိုတာ ကိုယ်က အနာရှာရတာ မဟုတ်ပါဘူး …. တဲ့၊ သမာဓိနဲ့ ပညာနဲ့ စောင့်ကြည့်လိုက်လို့ရှိရင်ဖြင့် အနာတွေ အကုန်ပေါ်လာတယ် …. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
            အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရောဂါဘူတောဆိုတာ ဒါပဲဟေ့၊ ရောဂါတွေများတယ်ဆိုတာ ဒါရောဂါတွေပဲ …. (မှန်ပါ့)၊ ဂဏ္ဍဘူတောဆိုတာ အနာတွေ၊ အစုကြီးဆိုတာလည်း ဒါကိုဆိုတာဟေ့ …. (မှန်ပါ့)၊ သလ္လဘူတော … တဲ့၊ ဟိုကစူး၊ ဒီကစူးနဲ့ ကိုစောမောင် မရှိဘူးလး …. (ရှိပါတယ် ဘုရား)၊ အဃတော ….. တဲ့ အလကား အသုံးမကျတဲ့ အချည်းနှီးချည်းပဲဆိုတာကော မပေါ်ဘူးလား …. (ပေါ်လာပါတယ် ဘုရား)။
            အဲဒီတော့ ဒါတွေက ဘယ်မျက်လုံးတပ်ကြည့်မှ မြင်မှာတုံးဆိုတာကော တရားတစ်ပွဲလုံး ပေါ်ကြပလား …. (ပေါ်ပါပြီ) ဦးဘကလေး ဘယ်မျက်လုံးတပ်ရမလဲ ….. (အရိယာမျက်လုံးတပ်ရပါ မယ်ဘုရား)။
            အဲ … အရိယာမျက်လုံးတပ် (၀ါ) သစ္စာမျက်လုံးတပ်၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။
            ဒီလို မျက်လုံးတပ်ကြည့်လိုက်တဲ့အခါကျတော့မှ ဒီခန္ဓာကြီးဟာ ဣနြေ္ဒရရ၊ သမာဓိရှိရှိ ဥာဏ်မျက်စိနဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ ကိုသောင်းတို့ ဒီအတိုင်းကို ထားလို့မရတော့ဘူး …. (မရပါဘုရား)၊ ရသေးရဲ့လား …. (မရပါဘုရား)။
အနာထလို့ပြင်ရတာ
            ခန္ဓာတစ်မျိုးဟုတ်လား၊ စွန့်ချင်တဲ့အနာက …. (တစ်မျိုးပါဘုရား)၊ စောင်းချင်တဲ့အနာက … (တစ်မျိုးပါဘုရား)၊ မစောင်းဘဲနဲ့ကို အယားပျောက်ချင်တဲ့အနာက ….. (တစ်မျိုးပါဘုရား)၊ အ၀တ်ထူထူကလေး ကပ်ချင်တာကလည်း …. (တစ်မျိုးပါဘုရား)။ သဘောကျပလား …. (ကျပါပြီဘုရား)၊ ထူလို့ ပါးချင်တဲ့သဘောတွေလည်း အနာထလို့ ပြင်ရတာတွေကော ….. (တစ်မျိုးပါဘုရား)၊ ဦးဘရှင်း ဘယ်အချိန် ကျန်းမာသတုံး ….. (ဘယ်အချိန်မှ မကျန်းမာပါဘုရား)။
            အဲဒါ မြင်မှသာလျှင်ကွာ … တဲ့၊ မာဂဏ္ဍီပုဏ္ဏားကြီး …. မင်းသည်ကား ….. လို့ ဆိုလို့ရှိရင်ဖြင့် အရိယာမျက်လုံးတပ်ကြည့်မှ မင်းက အာရောဂျ ပရမာ လာဘာ ဆို …. မင်း ခန္ဓာကိုယ်ကြီး ရင်ပပ်ပုတ်ပြတယ်၊ နိဗ္ဗာနံ ပရမံ သုခံ ဆိုတာ ကျုပ်ခန္ဓာကြီးဟာ နိဗ္ဗာန်ပဲလို့ ပြောနေတယ်၊ မင်း - အရိယာမျက်လုံး မတပ်သေးသ၍ ကာလပတ်လုံးတော့ဖြင့် ဒီစုံလုံးကန်းဟာ ပျောက်မှာမဟုတ်ပါဘူး၊ သဘောပါကြလား ….. (ပါ ပါတယ်ဘုရား)။
ဒုက္ခသစ္စာဆိုတာ
            အခု ဒကာ ဒကာမတွေ …. အလုပ် ထိုင်ကြည့်တော့မှ ခန္ဓာကိုယ်ထဲ ဟိုကဖျပ်ဖျပ်၊ ဟိုကအောင့်၊ ဒီကနာနဲ့ ဒါတွေ ရှောက်ပြီး သြော် … ရောဂဘူတော ရောဂါတွေဆိုတာ ဒါတွေပါလား ဒုက္ခသစ္စာဆိုတာ ဒါတွေပါလား၊ ဒုက္ခသစ္စာဆိုတာ ဒါတွေပါလားလို့ ကိုစောမောင် ဥာဏ်နဲ့စောင့်ကြည့်နေရမယ် …. (မှန်ပါ့)။
            အဲဒီကျတော့မှ ရောဂဘူတော ပေါ်လာတာ မောင်နိုင် …. (မှန်ပါ့)၊ ပေါ်ကြပလား … (ပေါ်ပါပြီ)၊ ဒါ ဘာမျက်လုံးတပ်ကြည့်လိုက်တာတုံး …. (အရိယာမျက်လုံး တပ်ကြည့်လိုက်တာပါ ဘုရား)။
            အဲဒီတော့ အာရောဂျ ပရမာ လာဘာ ဆိုတော့ သြော် …. ဒီခန္ဓာမရှိမှ အာရောဂျ ပရမံ လာဘာ ဆိုတဲ့ နိဗ္ဗာန် လာဘ်ကြီးရမှာပါကလား၊ ဒီခန္ဓာရှိရင်ဖြင့် ရောဂါချည့်ပဲ … (မှန်ပါ့)၊ ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား)။
ခန္ဓာရှိနေရင် ရောဂါချည့်ပဲ
            ဒီခန္ဓာရှိနေရင် …. (ရောဂါချည့်ပါပဲ ဘုရား)။
            နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)။
            အဲဒါ ဘုန်းကြီးပြောတာလည်း တရားပါပဲ၊ ကိုယ့်ဥာဏ်နဲ့ ကိုယ်အိမ်ကျတော့ ထိုင်ပြီး စောင့်ကြစမ်းပါ၊ အဲဒါ အလုပ်ထိုင်တာပဲ …. (မှန်ပါ့)။
            အဲဒါ အလုပ်ထိုင်တာ၊ ဟိုနေရာကယား ဒီနေရာက အောင့်၊ ဒီနေရာကနာ၊ ဒီနေရာရွှေ့ချင်၊ ဟိုနေရာရွှေ့ချင် သြော် … ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတော့ အဲဒီနာတဲ့၊ အောင့်တဲ့နေရာကလေးပဲ ဒုက္ခသစ္စာဆိုတော့ အောင့်တဲ့၊ နာတဲ့နေရာက ဒုက္ခသစ္စာ ကိုစောမောင် …. (မှန်ပါ့)၊ မျက်လုံးက မဂ္ဂသစ္စာဖြစ်သွားတယ် …. (မှန်ပါ့)။
စောင့်ကြည့်တဲ့ မျက်လုံးက မဂ္ဂသစ္စာ
            စောင့်ကြည့်တဲ့မျက်လုံးက ….. (မဂ္ဂသစ္စာသွားဖြစ်ပါတယ် ဘုရား)။
            မဂ္ဂသစ္စာသွားဖြစ်တော့မှ သြော် …. ဒါ အရိယာမျက်လုံး တပ်ကြည့်လိုက်တာပါလား ဆိုတာ တရားတစ်ပွဲလုံး ပေါ်လာတယ် … (ပေါ်ပါတယ်ဘုရား)။
            အင်း … ဘယ်မျက်လုံး တပ်ကြည့်သလဲ …. (အရိယာ မျက်လုံးတပ်ကြည့်လိုက်ပါတယ် ဘုရား)။
            ဒါ့ကြောင့် ဝေဒနာဆိုတာ ရှာပြီး ရှုရတာ မဟုတ်ပါဘူး၊ စောင့်ကြည့်လိုက် ပေါ်တာပါ …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
            ဝေဒနာဆိုတာ ရှာကြည့်ရတာလား၊ စောင့်ကြည့်ရတာလား …. (စောင့်ကြည့်ရတာပါဘုရား)။
            စောင့်ကြည့်တော့ ခန္ဓာကြီးက ဘုရားကရောဂဘူတောကွ … တဲ့၊ ရောဂါအပြည့်နဲ့တဲ့ …. (မှန်ပါ့)။
            ဒါ ကိုယ်လုပ်ကြည့်ရမှာလား … (မဟုတ်ပါဘုရား)၊ ခန္ဓာကပြတယ် …. (ပြပါတယ်ဘုရား)၊ နဂိုက ဘာခန္ဓာပါလိမ့် ….. (ရောဂါခန္ဓာပါဘုရား)၊ ရောဂါခန္ဓာကြီးဆိုတာ သေချာပလား …. (သေချာပါပြီဘုရား)။
ဝိပဿနာနည်းပေးနေတာ
            အဲဒါ …. အိမ်ကျတော့ မထိုင်တတ် မပြုတတ်မှာစိုးလို့ မဂဏ္ဍီဟောချင်လို့ မဟုတ်ပါဘူး ဒကာ ဒကာမတို့ မကြည့်တတ်မှာစိုးလို့ အကြည့်သင်တာပါ … (မှန်ပါ့)၊ ၀ိပဿနာနည်းပေးနေတာ၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
            အခု တရားနာရင်လည်း နားကထောင်ပြီးး စောင့်ကြည့်နေလို့ရှိရင်ဖြင့် ပြောင်းချင် တာကလေးကလည်း အနာထ တာပဲ ….. (မှန်ပါ့)၊ ရွှေ့ချင်တာကလေးကလည်း ….. (အနာထ ပါတယ်ဘုရား)၊ ခြုံထည်ကလေးပြင်ခြုံတာကကော … (အနာထ တာပါဘုရား)၊ ဟိုနေရာ ဒီနေရာကလေး လုပ်လိုက်ချင်တာကော …. (အနာထ တာပါဘုရား)၊ ဘယ်နေရာ လွတ်သတုံး …. (ဘယ်နေရာမှ မလွတ်ပါဘုရား)။
            ဒါဖြင့် ရောဂါတော ဆိုတဲ့ တောလေးဆယ်မှာပါတဲ့ ဥစ္စာဘုရားက ပုဏ္ဏားမင်း အရိယာမျက်လုံး မတပ်သေးတော့ မင်းက မင်းခန္ဓာကြီးကိုပဲ ရောဂါကင်းတယ်၊ မင်းခန္ဓာကြီးကိုပဲ နိဗ္ဗာန်လို့ ထင်နေတဲ့ ဥစ္စာ မင်းဆီသုတ်တဲ့ အ၀တ် ၀တ်ပြီး ငါနဲ့မလိုက်လျောဘူးလား၊ ပြောနေတဲ့ အကန်းနဲ့ တူပါပေါ့လားကွ ….၊ ကိုစောမောင် မပြောထိုက်ဘူးလား …. (ပြောထိုက်ပါတယ် ဘုရား)၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
            ဒီမှာလဲ ဒကာ ဒကာမတွေဟာ …… တဲ့ ၀ိပဿနာအလုပ်ခွင် မ၀င်သေးလို့ရှိရင် ကျုပ် ကျန်းမာတယ်၊ ဒါကြောင့် သွားစရာရှိတာ သွားရတယ်၊ လုပ်စရာရှိတာ လုပ်နိုင်သေးလို့ တော် တော်သေးရဲ့ဆိုပြီး တဏှာများ ဒီခန္ဓာပေါ်မှာ သူကျန်းမာလို့ ကျေးဇူးတင်သေးရဲ့များ တဏှာများတောင် လာလိုက်သေးတယ် …. (မှန်ပါ့)၊ မလာဘူးလား ….. (လာပါတယ်ဘုရား)။
စုံလုံးကန်းပြောတဲ့စကား
            အင်း …. ဒီသားတွေ၊ ဒီသမီးတွေနဲ့ လုပ်ကိုင်ကျွေးပြီး ခေါင်းဆောင်ပြီး နေရတော့ ခန္ဓာကိုယ်က ကျန်းမာပေလို့မြင်တဲ့ အတိုင်းပဲ၊ ကျုပ်သာလဲရင် မခက်ဘူးလားဆိုတဲ့ ဂုဏ်ယူနေတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုစောမောင်တို့ ကြားဘူးမှာပဲ … (ကြားဘူးပါတယ်ဘုရား)၊ မကြားဖူးဘူးလား … (ကြားဘူးပါတယ်ဘုရား) ဒါစုံလုံးကန်းပြောတဲ့စကား …. (မှန်ပါ့)။
            ဦးဘကလေး ဘယ်သူပြောတာလဲ …. (စုံလုံးကန်းပြောတာပါဘုရား)၊ စုံလုံးကန်းပြောတဲ့ စကားဆိုတာကော ကျေနပ်ကြပလား …. (ကျေနပ်ပါပြီဘုရား)။
            အဲဒီတော့ အခုတော့ဖြင့် စောင့်ကြည့်လိုက်တဲ့အခါကျတော့ ကိုစောမောင် ဘယ်နေရာမှ အပ်သွားချစရာ မရှိဘူး …. (မှန်ပါ့)၊ ဘာတွေပြည့်နှက်နေသလဲ …. (ရောဂါတွေပြည့်နေပါတယ် ဘုရား)။
            ကဲ …. ဒါဖြင့် ဒီရောဂါတွေ ပြည့်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာတဲ့ မင်းခန္ဓာတစ်ကိုယ်လုံး ဒုက္ခသစ္စာကြီးပါပဲကွ ဆိုတဲ့ဥစ္စာ အဲဒီကျမှ အရိယာမျက်လုံး တပ်ကြည့်လိုက်တော့မှ ဦးဘရှင်းမြင်လာတာ …. (မှန်ပါ့)။
            ဒါဖြင့် ဒီလိုမြင်လာတော့ အမြင်ခံရတာ ဒုက္ခသစ္စာ …. (မှန်ပါ့)၊ မြင်ဥာဏ်သည် … (မဂ္ဂသစ္စာပါဘုရား)။
ဒါကြောင့်ကွာတဲ့ မာဂဏ္ဍီပုဏ္ဏားကြီး မင်းကလည်း မင်းခန္ဓာကြီး ကျန်းမာတယ်၊ မင့်ခန္ဓာကြီး နိဗ္ဗာန်လို့ထင်ပြီး သကာလ နေလိုက်တာ သူတော်ကောင်းလည်း မင်းကမဆည်းကပ်၊ သစ္စာတရားလည်း မင်းကမနာ၊ ကိုယ်တိုင်လည်း ကျင့်မကြည့်သေးတော့ မင်းဟာ အနာရှိလို့လည်း ရှိမှန်းမသိဘူး၊ နိဗ္ဗာန်မဟုတ်တာလည်း မဟုတ်မှန်းမသိဘူး၊ မင်းအတွက်ကဖြင့် မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ဆီချေးပေနေတဲ့ အ၀တ်ကြီးဝတ်ပြီး ငါနဲ့မလိုက်ဘူးလားလို့ မြို့ ထဲကြွား နေတာနဲ့တော့ဖြင့် မင်းသိပ်တူတာပဲ …. (မှန်ပါ့)။
            ဒကာ ဒကာမတွေ ဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ခန္ဓာကိုယ်ကြည့်တတ်အောင် သင်နေတာ
            အဲဒါကြောင့် ဒါမာဂဏ္ဍီ ဟောချင်လို့လား၊ ခန္ဓာကိုယ်ကြည့်တတ်အောင်လို့ မောင်နိုင် သင်နေတာလား ….. (ခန္ဓာကိုယ်ကြည့်တတ်အောင်လို့ သင်နေတာပါဘုရား)၊ ကိုပေါ်တို့ ဒါ အလုပ်ပေးပါတယ် … (မှန်ပါ့)။
            ဒါကြောင့် ညဟောတဲ့တရားသည် ဘာတရားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အလုပ်ပေးတရား … (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
            ကောင်းပြီ၊ ဒကာ ဒကာမတို့ အိမ်ကျလို့ရှိရင် စောင့်ကြည့်ကြစမ်းပါနော် …. (မှန်ပါ့)၊ အင်း …. သမာဓိကောင်းကောင်း ကလေးထားပြီးသကာလ ကိုစောမောင် ပညာမျက်လုံးကလေးနဲ့ ကြည့်ပေးနော် …. (မှန်ပါ့)။
            သမာဓိ တည်အောင်လုပ်ပြီး ပညာမျက်လုံးနဲ့ ကြည့်လိုက်တော့ ခန္ဓာကိုယ်ထဲ ဘာတွေ တွေ့မတုံးဗျာ …. (ရောဂါတွေ တွေ့ပါတယ်ဘုရား)၊ ရောဂါ ဘာသစ္စာပါလိမ့် …. (ဒုက္ခသစ္စာပါဘုရား)။
ဒီအတိုင်းကြည့်ကြစမ်းပါနော်
            အဲ …. ဒုက္ခသစ္စာကို အရိယာမျက်လုံးတပ်ပြီးတော့ မဂ္ဂသစ္စာနဲ့သွားမြင်တာကိုး … (မှန်ပါ့)။
            ဦးလှိုင်ရေ … အိမ်ကျတော့ ဒီအတိုင်း ကြည့်စမ်းပါနော် ….. (မှန်ပါ့)။
            အားလုံး ဒကာ ဒကာမတွေ ဒီအတိုင်းကြည့်ကြစမ်းပါ ….. (မှန်ပါ့)။
            ဒီလို ကြည့်လိုက်တဲ့အခါကျတော့မှ သြော် … ဒီရောဂါကြီး ဘယ်နေရာမှ အပ်သွားချစရာ မရှိပါလား၊ အကုန်ရောဂါတုံး ရောဂါခဲကြီးပါလား၊ ရောဂါတွေ အကုန်စုနေပါကလား ဆိုတာ အရိယာမျက်လုံးတပ်ကြည့်လိုက်တော့မှ မောင်နိုင်ရှင်းရှင်းကြီး ပေါ်လာပါတယ် ….. (မှန်ပါ့)၊ မပေါ်ဘူးလား … (ပေါ်လာပါတယ်ဘုရား)။
အရပ်မျက်လုံးနဲ့ တယ်ခြားပါလား
            ကဲ … ကိုစောမောင်ရေ ဒါဖြင့် ကျုပ်တို့ အရပ်မျက်လုံးနဲ့ အရိယာမျက်လုံးနဲ့ တယ်ခြား နေပါလား …. (ခြားနာပါတယ် ဘုရား)။
            ဒကာကြီးလှိုင် …. (ခြားနားပါတယ်ဘုရား)။
            အဲဒီတော့ ဒကာကြီးလှိုင် တရားရှာမနေနဲ့ စောင့်ကြည့်ပြီး ခန္ဓာကိုယ်က ဟိုကနာတာ၊ ဒီက ကိုက်တာ၊ ဒီက ခဲတာ၊ ဟိုက ရွှေ့ချင်တာ၊ ဒီကရွှေ့နေတာတွေသာ ကြည့်နေလို့ရှိရင်ဖြင့် ဒါ … ပင်ကိုက ပေါ်လာတာကိုယ်လုပ်ရှုတာ မဟုတ်ပါဘူး ….. (မှန်ပါ့)၊ ရှုတတ်ပလား … (ရှုတတ်ပါပြီ ဘုရား)။
            အဲဒီတော့ ဒကာကြီးလှိုင်တို့အတွက်ကို အထူးတလည်ပဲ သင်ပေးနေတယ်ဆိုတာ ကိုစောမောင်မှတ်ပါ …. (မှန်ပါ့)။
            ကဲ … ဒါဖြင့် ဒီဟာတွေ မြင်ဖန်များလာတဲ့အခါကျတော့မှ အင်း … ဒီကျတဲ့အခါကျတော့မှ မျက်စိနှစ်ကွင်း အလင်းရတယ်လို့ မဆိုနိုင်ဘူးလား …(ဆိုနိုင်ပါတယ်ဘုရား)။
သိုးမွေးဖြူကြီး၊ ၀တ်နေသလိုထင်နေ
            မျက်စိနှစ်ကွင်း အလင်းရတော့မှ ခုနင်က ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးဝတ်နေတဲ့ ပုဂ္ဂိုလ်သူ့ကို ဆရာကောင်း၊ သမားကောင်းတွေနဲ့ ဆေးကောင်း၊ ၀ါးကောင်းတွေ အမေမိဘတွေက ကုပေးလိုက်တဲ့အခါကျတော့မှ ခုနင်က သူ့ကို ဒီအ၀တ်နဲ့ မင်းနဲ့ တယ်လိုက်တယ်၊ သူ့မှာ သိုးမွေးဖြူကြီးများ ၀တ်နေသလို ထင်နေတဲ့ ဥစ္စာ ခုနင်က သူ့ကိုဆင်လိုက်တဲ့ ပုဂ္ဂိုလ်ကို ဆဲချင်ဆိုချင် ကြိမ်းဝါးချင်၊ သူမျက်စိနှစ်ကွင်း အလင်းရတော့ မလာပေဘူးလား …. (လာပါတယ်ဘုရား) ငါ့ကို တစ်သက်လုံး လှည့်စားနေတာလို့ မလာပေဘူးလား … (လာပါတယ်ဘုရား)။
            ဒီမှာလည်း ခင်ဗျားတို့ ခန္ဓာကြီးက တစ်သံသရာလုံး လှည့်စားနေတာ …. (လှည့်စားနေပါတယ် ဘုရား) ပေါ်ပြီ … (ပေါ်ပါပြီဘုရား)။
တစ်သံသရာလုံး လှည့်စားနေတာ
            တစ်သံသရာလုံးပဲ …. (လှည့်စားနေပါတယ် ဘုရား) လှည့်စားနေတယ်၊ ကျန်းမာတုန်းလုပ်ဟေ့ ….. ကျန်းမာတုန်း သွားဟဲ့ … ကျန်းမာတုန်းဝယ်ဟဲ့၊ ကျန်းကျန်းမာမာ ရှိတုန်းကို လုပ်ဟဲ့ …. ကိုင်ဟဲ့၊ အံမာလေး …. သူကျန်းကျန်းမာမာရှိတုန်း လုပ်ဟဲ့ …. ကိုင်ဟဲ့နဲ့ ခန္ဓာကိုယ်ကြီးမှာ သက္ကာယဒိဋ္ဌိက ၀င်ပြီးညာနေတော့ ကိုစောမောင်တို့က ခုနင်က မကျန်းမာတာ တွေ ကြည့်မိသေးရဲ့လား … (မကြည့်မိပါဘုရား)။
            မကြည့်မိတော့ အခု သေသေချာချာ အရိယာမျက်လုံးတပ်ကြည့်တော့မှ သြော် … ငါတို့ ကျန်းမာတယ်၊ လှတယ်၊ ပတယ် ထင်ခဲ့သ၍ ဟာဖြင့် ဒိဋ္ဌိ၊ တဏှာ၊ လိမ်ချက်တွေပဲ၊ မင်းတို့ အတော်ဆိုးတဲ့ လူတွေပါကလားလို့ ပေါ်လာတယ် …. (ပေါ်ပါတယ်ဘုရား)။
ဘုရားဆေးနဲ့ ကုပေးလိုက်တယ်
            ခင်ဗျားတို့ မျက်လုံးကို ဆရာဘုန်းကြီးက ကုပေးလိုက်တယ်၊ ဆေးကောင်း၊ ၀ါးကောင်းနဲ့ မြတ်စွာဘုရားပေးတော်မူတဲ့ ဆေးနဲ့ ကုပေးလိုက်တဲ့အခါကျတော့မှ သြော် …. ဘယ်နေရာကမှ ကျန်းမာတာ တစ်ကွက်မှ မပါ ပါကလား … (မပါ ပါဘုရား) ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။
            ပါသေးလား နောက်က ဒကာ ဒကာမတွေ …. (မပါ ပါဘုရား) ပါတယ်ထင်လို့ရှိရင် အိမ်ကျတော့ ဘုရားရှေ့မှာ ထိုင်ပြီ ဘာမှမလုပ်ဘဲနဲ့ ဒီခန္ဓာကြီး စောင့်ကြည့်နေပါ ….. (မှန်ပါ့ဘုရား)။
            စောင့်ကြည့်နေရင် ဦးဘရှင်း ခန္ဓာကိုယ်က ဘာတွေပြောမယ်ထင်သတုံး … (ရောဂါတွေ ပြောပါမယ် ဘုရား) ရောဂါတွေ မကျန်းမာတာတွေ အကုန်မပြောပေဘူးလား … (ပြောပါတယ်ဘုရား)။
            ပြောတော့မှ သြော် …. တို့ပင်ကို မျက်လုံးနဲ့ ကတော့ ကျန်းမာတယ်လို့ ထင်ပြီးသကာလ တကြွားတည်း ကြွားပြီးသကာလ တလုပ်တည်း အလုပ်တွေ လုပ်နေကြတာ ရှေးက မျက်စိနှစ်ကွင်း အလင်းမရတဲ့လူကို ဆီချေးပေနေတဲ့ ပုဆိုးကြီးဆင်လွှတ်လိုက်တာနဲ့ တို့မှာကြွားလုံးထုတ်နေတာ တို့ အကန်းကြွား ကြွားနေတာကိုးဆိုတာ ပေါ်သွားပါပြီ …. (ပေါ်ပါပြီ ဘုရား)။
အကန်းကြွား ကြွားနေတာ
            အခု အရိယာမျက်လုံး တပ်ကြည့်တော့မှ တဏှာဒိဋ္ဌိတို့ လိမ်ခြင်းကြောင့် အကန်းကြွား ကြွားနေတာ အခု တဏှာ ဒိဋ္ဌိမပါဘဲနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ် ခင်လုံးပါဘဲနဲ့ ခန္ဓာကိုယ် ငါမထင်ဘဲနဲ့ ကြည့်လိုက်တော့မှ ရောဂါတွေ တွေ့တယ် …. (မှန်ပါ့)။
            ဒကာ ဒကာမတွေ ဘာတွေတွေ့သလဲ …. (ရောဂါတွေ တွေ့ပါတယ်ဘုရား)။
            ရောဂါတွေ တွေ့လာကြတော့မှ သြော် …. ဒုက္ခသစ္စာ အစစ်ပါလားလို့ ဥာဏ်က ဆုံးဖြတ်ချက်ချတယ် ….. (မှန်ပါ့)။ 
            အင်မတန် အဖိုးတန်ပါလား ဦးဘကလေး …. (တန်ပါတယ်ဘုရား)။
            ဘုရားပေးတဲ့ဥပမာနဲ့ အခု ဆရာဘုန်းကြီးက ဖြည့်စွက်ပြီး သင်လွှတ်တာနဲ့ဆိုတော့ ဦးဘအုန်းကြီးတို့ သိပ်ကျေးဇူးများတယ် ….. (များပါတယ်ဘုရား)။
            စောင့်ကြည့်ပါနော် ဒကာ ဒကာမတို့ …… (မှန်ပါ့) အိမ်ကျတော့ ဘာလုပ်ကြရမယ် …. (စောင့်ကြည့်ရပါမယ် ဘုရား)။
အိမ်ကျတော့၊ စောင့်ကြည့်ပါ
            အဲ …. သမာဓိကောင်းကောင်းထားပြီး ပညာမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ အင်း …. ဒါ ဒုက္ခသစ္စာတွေပါလား၊ ဖြစ်ပျက်တွေပါလား ဖြစ်ပျက်တွေပါလား၊ ဖြစ်ပြီးပျက်၊ ဒီနေရာ ယားတာတွေလည်း ဖြစ်ပျက်၊ ဒီနေရာ အောင့်တာတွေလည်း …. (ဖြစ်ပြီးပျက်ပါဘုရား) အင်း … ဒါ ဘာသစ္စာတွေပါလိမ့် …. (ဒုက္ခသစ္စာတွေပါဘုရား)။
            အဲ …. ဒါဖြင့် ရောဂါမှ ဟုတ်ရဲ့လား … (ဟုတ်ပါတယ် ဘုရား) ဒုက္ခရောက်တယ်ဆိုတဲ့ ဥစ္စာ ကိုစောမောင် ရောဂါတွေပဲ …. (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ထိုင်ပြီးကြည့်ကြည့်၊ အိပ်ပြီးကြည့်ကြည့်
            နက်ဖြန်ကျတော့ ဘုန်းကြီးပေးတဲ့ အခုနည်းနဲ့ မာဂဏ္ဍီပုဏ္ဏားကြီး ဘုရားပေးတဲ့နည်းကို မူထားပြီး ထိုင်ပြီး ကြည့်ကြည့်၊ အိပ်ပဲကြည့်ကြည့် သမာဓိကောင်းကောင်းနဲ့ ကြည့်တဲ့အခါသစ္စာတွေ အကုန်တွေ့ပါလိမ့်မယ် ….. (မှန်ပါ့) ဘာသစ္စာတွေ တွေ့မလဲ …. (ဒုက္ခသစ္စာတွေ တွေ့ပါမယ်ဘုရား)။
            အဲ ….. ဒုက္ခသစ္စာတွေ ကိုယ့်ဥာဏ်နဲ့ တွေ့ပါလိမ့်မယ်လို့ မှတ်လိုက်ကြစမ်းပါ …. (မှန်ပါ့)။
            ဘာတွေ တွေ့ကြမယ် … (ဒုက္ခသစ္စာတွေ ကိုယ့်ဥာဏ်နဲ့ တွေ့ပါတယ်ဘုရား) အဲ …. ဒုက္ခသစ္စာတွေ ကိုယ့်ဥာဏ်နဲ့ တွေ့တဲ့အခါကျတော့ မျက်စိနှစ်ကွင်း အလင်းရလို့ဟေ့ …. ဆိုတာ မှတ်လိုက်စမ်းပါ ….. (မှန်ပါ့)။
            ဦးဘရှင်း ဘယ်လိုမှတ်မယ် …. (မျက်စိနှစ်ကွင်း အလင်းရလို့ပါဘုရား)။
မကျန်းမာလျက်နဲ့ ထလုပ်နေတာ
            မျက်စိနှစ်ကွင်း အလင်းရတာနဲ့ အရင်တုန်းကတော့ဖြင့် ကျန်းမာလို့ တရားနာနိုင်တယ်လို့ ထင်ကြတယ်မဟုတ်လား …. (မှန်ပါ့) ကျန်းမာလို့ အရောင်းအ၀ယ် ထွက်နိုင်တယ်လို့ ထင်ကြတယ် …. (မှန်ပါ့) ကျန်းမာလို့ ဒီသား ဒီသမီးတွေကို ဒီထမင်းအိုးကြီးနဲ့ နေ့တိုင်း မကြောင့်မကြ မတောင့်မတနဲ့ ကျွေးနိုင်တယ်၊ မွေးနိုင်တယ်လို့ ထင်ကြတယ် …. (မှန်ပါ့) အပြီးသတ်တော့ ဘယ်ဟုတ်မလဲ …. မကျန်းမာလျက်နဲ့ ထလုပ်နေတာ …. (မှန်ပါ့ဘုရား)။
            ဦးဘကလေး - ဘယ့်နှယ်တုံး …. (မကျန်းမာလျက်နဲ့ ထလုပ်နေတာပါဘုရား)။
            အရင်က မျက်လုံးက စုံလုံးကန်း မျက်လုံးနဲ့ ပြောနေတာ ….. (မှန်ပါ့) အခု အရိယာမျက်လုံး တပ်ကြည့်လိုက်တော့ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်ပြန်လည်း မကျန်းမာလျက်နဲ့ လုပ်ရတယ် ဆိုတော့ သစ္စာမြင်ပြီးလုပ်တာ ….. (မှန်ပါ့) မပေါ်သေးဘူးလား …… (ပေါ်ပါပြီဘုရား) ဘာမြင် လုပ်ကြသလဲ …… (သစ္စာမြင်ပြီးလုပ်တာပါဘုရား)။
            သစ္စာမြင်ပြီးလုပ်တော့ နောက်က တဏှာသေနေတယ် …. (မှန်ပါ့) သစ္စာဥာဏ်နဲ့ လုပ်လိုက်တာကိုး ….. (မှန်ပါ့) သဘောပါကြပလား …. (ပါ ပါတယ်ဘုရား)။
            သြော် .. ဒါဖြင့် ဆရာကောင်း သမားကောင်း ဆေးကောင်း ၀ါးကောင်းနဲ့ မင်းခုနင်က ဆီချေးတွေပေတဲ့ အ၀တ်ကြီး ၀တ်နေတဲ့ စုံလုံးကန်းကို ဆေးကောင်း ၀ါးကောင်းနဲ့ ကုလိုက်တဲ့ အခါကျတော့ အရင်က ဆင်ထားတဲ့ပုဂ္ဂိုလ်ကို ဆဲချင်ဆိုချင်တွေ ကိုစောမောင် လာ မလာ (လာပါတယ်ဘုရား)။
ငါ့ကိုလှည့်ဖြားတာကြာလှပြီ
            ငါ့ကိုလိမ်လည်လှည့်ဖြားတာကြာလှပြီ …. (မှန်ပါ့) စုံလုံးကန်းဖြစ်နေတုန်းက ငါ့အ၀တ်နဲ့ ငါလိုက်တယ် ထင်နေတာ၊ အခုမှ မျက်စိနှစ်ကွင်း အလင်းရတော့မှ ငါ့လှည့်စားလာတာ ကြာလှပြီဆိုပြီးသကာလ ဒီဆင်တဲ့ ပြင်တဲ့ ပုဂ္ဂိုလ်ကိုပဲ အတော်စိတ်ဆိုးတယ် …. (မှန်ပါ့) မဆိုးပေဘူးလား …. (ဆိုးပါတယ်ဘုရား)။
            ဘယ့်နှယ် ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးကို အဖြူလုပ်ပြီးသကာလ မင်းနဲ့တယ်လိုက်တယ်လို့ ပြောပြီးဆင်ထားတာကိုး …. (မှန်ပါ့)။
            အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တဏှာက အင်း …. မင်း ခန္ဓာမင်းခင်နေတာပဲ ဆိုတာလည်း တဏှာက အ၀တ်ဆင်ထားတာ ….. (မှန်ပါ့)။ ဒိဋ္ဌိကလည်း မင်းခန္ဓာကိုယ်ကြီးဟာ ရောဂါဥပါဒ် အန္တရာယ်ကင်းတုန်း ကြိုးစားလုပ်ကွ …. (မှန်ပါ့)။
            အင်း …. ဒိဋ္ဌိကလည် အ၀တ်ဆင်ပေးပြန်တယ် …. (မှန်ပါ့)။
            ဒိဋ္ဌိက အကြိုးစားခိုင်း၊ တဏှာက အ၀တ်ဆင်ပေးဆိုတော့ ကျုပ်တို့ကလည်း မျက်စိနှစ်ကွင်း အလင်းမရသေးတော့ အနာတွေ မမြင် …. (မှန်ပါ့) ဘယ့်နှယ်ဖြစ်နေကြပါလိမ့်မတုံး ….. (ကန်းနေကြပါတယ်ဘုရား)။
            ဒကာ ဒကာမကြီးတွေ ပေါ်ပလား …. (ပေါ်ပါပြီ) ကန်းချက် ပြင်းထန်လိုက်တာ …. (မှန်ပါ့)။
            ဘယ်လောက်ကြာပြီတုံး … ဒီခန္ဓာအ၀တ်ကြီးကို ရောဂါမရှိဘူးဆိုပြီး ထင်ပြီးသကာလ ဒီခန္ဓာကြီး ထမ်းပိုးပြီး ၀တ်ဆင်လာကြတာ ဘယ်လောက်ကြာပလဲ ….. (မရေတွက်နိုင်ပါဘုရား)။
            ကိုင်း - ခင်ဗျားတို့ ဆီချေးတွေ ပေနေတဲ့ အ၀တ်ကြီးနဲ့ တိုင်းပြည်လှည့်နေတယ် … (မှန်ပါ့) ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား)။
အရိယာမျက်လုံးနဲ့ ကြည့်ပါ။
            မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားညွန်ပြဆုံးမြတဲ့ ဥစ္စာ ….. ပုထုဇဉ် မျက်လုံးနဲ့ အရိယာမျက်လုံးခွဲခြားပြီး ဟောလိုက်တော့မှ မောင်နိုင် - ရှင်းရှင်းကြီး ပေါ်လာတယ် …. (ပေါ်ပါတယ်ဘုရား) မပေါ်လာဘူးလား …. (ပေါ်လာပါတယ်ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)။
            ဒါဖြင့် အခု ဘာမျက်လုံးနဲ့ ကြည့်မယ်ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ ဓိဋ္ဌာန်ပါတော့ …. (မှန်ပါ့) အိမ်ကျလို့ရှိရင်ဖြင့် ဟေ့ …. အရိယာ မျက်လုံးဆိုတဲ့ သစ္စာမျက်လုံးနဲ့ ကြည့်မဟ ….. (မှန်ပါ့)၊ သစ္စာမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ ခန္ဓာကိုယ်ထဲ ရောဂါတွေ အကုန်အပြည့် မြင်ရပါလိမ့်မယ် …. (မှန်ပါ့)။
            ဘယ်ရောဂါတွေပါလိမ့် …. (သေလောက်အောင် ရောဂါချည့်ပါဘုရား)။
ဝေဒနာလေးဖြစ်ပြီ ပျောက်သွားတယ်
            အင်း … ဝေဒနာကလေး ဖြစ်လည်း ဖြစ်ပြီး ပျောက်သွားတာပဲ၊ သေသွားတာပဲ၊ ဦးဘရှင်း ဘာကျန်သေးသတုံး …. (မကျန်ပါဘုရား)။
            စိတ်ကလေးပေါ်လာလည်း …. (ဖြစ်ပြီး ပျောက်သွားတာပဲ)၊ သေနာပေါ်ချည်းပဲ …. (မှန်ပါ့)၊ အသေလွတ်ကလေးများ ပါသေးသလား … (မပါ ပါဘုရား)၊ ဒါဖြင့် ဒီ့ထက်ကြီးတဲ့ရောဂါကော … (မရှိပါဘုရား) မရှိဘူးဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်းရှင်းကြပလား …. (ရှင်းပါပြီ ဘုရား)။
            သြော် … ဒါဖြင့် ဘယ်မျက်လုံး တပ်ပေးလိုက်လို့ ဒီအခြေအနေ ရောက်သွားပါလိမ့်မတုံးဆို တာကကော ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား) အင်း …. ဘယ်မျက်လုံးပါလိမ့် ….. (အရိယာမျက်လုံးပါဘုရား)။
            အဲဒါကြောင့် ခင်ဗျားတို့ ဆရာသမားများ မကယ်ရင် ဒီအရိယာမျက်လုံး ဘယ်ကလာရမှာ တုံး …. (မှန်ပါ့)၊ ဦးလှိုင်ရနိုင်ပါ့မလား …. (မရနိုင်ပါဘုရား)။
            မရနိုင်ဘူးဗျ၊ မင်းတို့ဘ၀ အရတော်တယ်လို့ ဟောနေဦးမှာ …. (မှန်ပါ့) မောင်နိုင် မလွဲပေဘူးလား … (လွဲပါတယ်ဘုရား)။
အရတော်တာ ဟုတ်ကဲ့လား
            အင်း … အရတော်လိုက်တာကွာ၊ ယောက်ျားလည်း ဖြစ်တယ်ကွာ၊ စီးပွားရေးလည်း ဖြောင့်တယ်ကွာ၊ သားတွေ သမီးတွေကလည်း ကိုယ့်စကားလိုက်နာသကွာ၊ မင်းတို့လောက် ကံကောင်းတာ ဘယ်ရှာတွေ့မတုံးဆိုတော့ ခုနင်က ဆီချေးတွေ ပေနေတဲ့ အ၀တ်ကို ၀တ်ပေးပြန်ပြီ …. (မှန်ပါ့)၊ တော်တော်ကြာ အဆဲခံရလိမ့်မယ် ဒီဆရာ (မှန်ပါ့) မခံရပေဘူးလား …. (ခံရပါတယ်ဘုရား)။
            ကဲ … မျက်စိနှစ်ကွင်း သစ္စာမျက်လုံးနဲ့ အရိယာမျက်လုံး တပ်ပေးတဲ့ပုဂ္ဂိုလ်နဲ့ ဆေးကုပေးလိုက်ပြီ ဆိုမှဖြင့် သြော် …. တစ်သက်လုံးလှည့်စားပြီး သကာလ …. ငါ့မှာဖြင့် ဒီလူ့အဖြစ်က အင်မတန်ကြီးပါကလားဆိုပြီး အကြီးအကျယ် စိတ်ဆိုးလိုက်တယ် … (မှန်ပါ့ဘုရား)။
            ဒီမှာလည်း ခင်ဗျားတို့မှာ တဏှာဒိဋ္ဌိက တစ်ခါတည်း ခန္ဓာကိုယ်ကြီး လှည့်စားပြီး ထားလိုက်တာ မင်းအဖြစ်နဲ့ မင်းနဲ့ လိုက် လိုက်တာကွာ … ကျန်းမာရေးကလည်း ဟန်ကျ၊ အင်း …. စီးပွားရေးကလည်း ပြေပြစ်ဆိုပြီး တဏှာဒိဋ္ဌိက ဦးဘရှင်းတို့ မြှောက်လာတာ ဘ၀ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ …(မရေမတွက်နိုင်ပါဘုရား)။
ဆီချေးတွေပေနေတဲ့ အ၀တ်
            ကြည့်စမ်း …. ဆီချေးတွေ ပေနေတဲ့ အ၀တ်ကြီး ၀တ်ထားတယ် ….. (မှန်ပါ့)၊ ဆီချေးတွေ ပေနေတဲ့အ၀တ် ၀တ်ပြီး သကာလ သံသရာခရီးသည်အဖြစ်နဲ့ ဟိုအလည်ခိုင်း၊ ဒီအလည်ခိုင်း အရှက်တကွဲ အကျိုးနည်းလည်နေကြတယ် …. (မှန်ပါ့)။
            ဘယ်လိုလည်ကြတာတုံး … (အရှက်တကွဲ အကျိုးနည်း လည်နေကြတာပါဘုရား)။
            အရှက်တကွဲ အကျိုးနည်း အလည်ခိုင်းတာသည် တဏှာဒိဋ္ဌိ ….. (မှန်ပါ့)၊ ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား)။
            အင်း … ဘယ်သူက အလည်ခိုင်းတာပါလိမ့်….. (တဏှာဒိဋ္ဌိကပါဘုရား)။
            တဏှာဒိဋ္ဌိက အလည်ခိုင်းတယ်ဆိုတော့ အခုအရိယာမျက်လုံးကလေး တပ်ကြည့်လိုက် တော့မှ သြော် …. ဒီရောဂါတုံး ဒီရောဂါခဲကြီးနဲ့ ဟိုဘုံမှာသွားပြ၊ ဒီဘုံမှာသွားပြ၊ နတ်ပြည်သွားပြ၊ ဗြဟ္မာပြည်မှာ သွားပြလိုက် ကျုပ် ရောဂါသည်ပါဆိုတဲ့ ဥစ္စာ …. ဟိုက အရိယာနတ်တွေ ကြည့်တဲ့အခါကျတော့ ဘယ်လောက်များ စက်ဆုပ်ရှာမတုံး …. (စက်ဆုပ်ပါတယ် ဘုရား) ဘယ်လောက်များ သနားရှာမတုံး …. (သနားပါတယ် ဘုရား) မသနားပေဘူးလား …. (သနားပါတယ် ဘုရား)။
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
            အဲဒီမှာလည်း ဒကာ ဒကာမတွေက ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပြီး သူကတော်တယ်၊ ငါက မကျန်းမာဘူး၊ သူကနေရာကျပြီ၊ သားရေး သမီးရေး စီးပွားရေးကော ငါက လိုသေးတယ်လို့ ဒီအကန်းချင်းတော့ စကားပြောမနေပါနဲ့ …. (မှန်ပါ့)၊ အရိယာမျက်လုံး အကုန်တညီတညွတ်တည်း တပ်ပြီးကြည့်လိုက်ပါ …. (မှန်ပါ့)။
            တပ်ကြည့်လိုက်တော့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တဲ့ အနာသည်တွေ တွေ့နေတယ် …. (မှန်ပါ့)။
            ကိုစောမောင် ဘာတွေ တွေ့သလဲ …. (ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တဲ့ အနာသည်တွေ တွေ့ပါတယ်ဘုရား)။
ဘယ်သူ့ဘယ်သူကယ်နိုင်သတုံး
            ဘယ်သူ့ ဘယ်သူ ကယ်နိုင်ကြသေးသတုံး …. (မကယ်နိုင်ပါဘုရား)၊ သူလည်း အနာမျိုးစုံနဲ့ …. (မှန်ပါ့)၊ ကိုယ်ကကော …. (အနာမျိုးစုံနဲ့ပါဘုရား)။
            ကဲ …. ဒါဖြင့် ဒီအနာမျိုးစုံတွေကို … တဲ့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ တပည့်သားများ နည်းပေတဲ့ ဆေးနဲ့မှ ခန္ဓာချုပ်ရေးကို ခင်ဗျားတို့ မလုပ်တော့ပါဘူးဆိုရင် အနာနဲ့ သံသရာလည်ကြပေတော့ …. (မှန်ပါ့)၊ ဆီချေးတွေ ပေနေတဲ့ အ၀တ် ၀တ်ပြီးသကာလ … ငါနဲ့ မလိုက်လာဘူးလားဆိုတဲ့ မျက်လုံးကန်းကြွားသာ ကြွားကြပေရော့ ….. (မှန်ပါ့)။
            ဒီ့ပြင် ဘာရှိသေးသတုံး …. (မရှိပါဘုရား) တယ်လည်း ဆိုးပါလား …(ဆိုးပါတယ်ဘုရား)။
            ဒကာ ဒကာမတွေ ပေါ်ကြပလား ….. (ပေါ်ပါပြီ)၊ တယ်လည်း ဆိုးပါလား …. (ဆိုးပါတယ်ဘုရား)။
အနာသမားချင်း၊ ရန်ဖြစ်ကြတယ်
            သေသေချာချာအကြောင်း အကျိုးဆက်ပြီး ပြောတော့မှ ကိုယ့်အခြေအနေကလေးဟာ အခုကြည့်စမ်း ဟိုအနာသမားနဲ့ ဒီအနာသမားမတည့်ကြ - ရန်ဖြစ်ကြ၊ အမျိုးမျိုးအဖုံဖုံပေါ့ဗျာ (မှန်ပါ့)၊ ဒါ အမြင်မှားမှုတွေပေါ့ ….. (မှန်ပါ့)၊ သဘောပါကြလား …. (ပါ ပါပြီဘုရား)။
            အနာမမြင်တော့ ဦးဘရှင်းတို့က ဟေ့ …. ဘယ်သူနဲ့ ဖြင့် မပေါင်းနိုင်ဘူးကွာ၊ ဘယ်သူနဲ့ဖြင့် မသင်းနိုင်ဘူးကွာ ဟုတ်လား (မှန်ပါ့)၊ ဟာ မာန်တွေထ၊ မာနတွေထက်၊ အင်း …. တစ်ခါ တစ်ခါ ပေါ့ဗျာ မလာတတ်ဘူးလား …(လာပါတယ်ဘုရား)၊ အဲဒါ ဘာမမြင်လို့ပါလိမ့် ….. (အနာမမြင်လို့ပါ ဘုရား)။
            အင်း … သူ့လည်း အနာနဲ့၊ ငါ့လည်း အနာနဲ့ ငါပျောက်ဖို့သာ အရေးကြီးတယ်ဆိုပြီး သကာလ ဒီစိတ်က မလာဘူးလား ….. (မလာပါဘုရား)။
ဘာနဲ့ကြွားနေတာတုံး
            သူနဲ့ ငါဖြင့် တန်းမတူဘူး၊ သူနဲ့ ငါနဲ့ဖြင့် တန်းမတူဘူး၊ သူနဲ့ ငါနဲ့သည်ကားလို့ ဆိုရင် စကားပြောလို့ နေရာမကျဘူး အစရှိသည်နဲ့ မလာခဲ့နဲ့ကွာ ….. အိမ်ရိပ်တောင် မနင်းနဲ့ဟေ့ …. အစရှိသည်နဲ့ ကိုစောမောင် အနာသည်ကနေပြီး သကာလ ….. ကိုစောမင်း … အနာသည်ကနေပြီး တစ်ခါတည်း ငါနဲ့မလိုက်ဘူးလား ပြောနေတယ်၊ ငါနဲ့တူတာ ဘယ်သူရှိသေးသတုံး …. ငါလို စီးပွားရေးနဲ့ ငါလို အိမ်ကောင်း တိုက်ကောင်းနဲ့နေတာ ဘယ်သူရှိသေးသတုံးဆိုပြီး ခုနင်က ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးနဲ့ ကြွားနေတာကိုး ….. (မှန်ပါ့)။
            ဘာနဲ့ကြွားနေတာတုံး …. (ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးနဲ့ ကြွားနေတာပါဘုရား) ရိပ်မိလား …. (ရိပ်မိပါပြီဘုရား)။
            အမာလေး … ဦးဘအုန်းရေ - ဖြစ်နေလိုက်တာဟင် ….. (မှန်ပါ့) ဘာမျက်လုံးမရခင် ဖြစ်နေကြပါလိမ့် … (အရိယာမျက်လုံးမရခင် ဖြစ်နေကြတာပါဘုရား)။
            ကိုင်း … ဒါဖြင့် ဒီအရိယာမျက်လုံး မရသ၍ ကာလပတ်လုံး ဒီအကန်းကြွားကဖြင့် ထက်သန်လိမ့်မယ် ….. (မှန်ပါ့)။
            ဦးလှိုင် - ဘယ်လိုပါလိမ့် …. (ထက်သန်ပါလိမ့်မယ် ဘုရား)၊ အကန်ကြွား ထည့်ပါဦး …. (မှန်ပါ့ - အကန်းကြွားထက်သန်ပါတယ်ဘုရား)။
            အကန်ကြွား သိပ်ထက်သန်လိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား … (မလိုပါဘူး)။
            ဒါဖြင့် အဲဒီအကန်းကြွားဟာ ဘယ်လောက်ကြာခဲ့ကြပြီတုံး …. (မရေတွက်နိုင်ပါဘုရား)၊ မရေတွက်နိုင်ဘူး ….. (မှန်ပါ့)၊ ဒီတစ်ခါဖြင့် ရောဂါပျောက်တဲ့ မျက်လုံးကို ခင်ဗျားတို့ကို ဆရာဘုန်းကြီးကလည်း ပေးပါပြီဆိုတော့ သြော် ….. အကန်းဇာတ်နဲ့ အနာဇာတ်ဖြင့် သိမ်းရတော့မယ်ဆိုတာ ၀မ်းမြောက်ဝမ်းသာနဲ့ ဒီဥစ္စာမှတ်ရတော့မယ် …(မှန်ပါ့)။
ဒီတရားလေးဟောချင်လို့
            အကန်းဇာတ်ကိုလည်း သိမ်းမယ်၊ အနာပျောက်တဲ့ နည်းကိုလည်း ပေးမယ်….. (မှန်ပါ့) သဘောပါပလား …..(ပါ ပါပြီဘုရား)။
            ဒီလိုဆိုလို့ရှိရင်ဖြင့် အထူးတလည်ဘဲ ကျေးဇူးများတော့ မယ်ဆိုတဲ့ဥစ္စာဖြင့် ဦးဘရှင်း - သံသယမရှိနဲ့တော့ … (မှန်ပါ့)။
            ဒါ - အင်မတန် ဖော်ရတယ်နော် …. (မှန်ပါ့) ကိုစောမောင် ဒီတရားကလေး ဟောချင်တော့ ဘယ်လောက်ဖော်ရတယ်ဆိုတာ နာရီ သုံးမတ်ရှိသွားပြီဗျ …. (မှန်ပါ့)။
            ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆီချေးတွေ ပေနေတဲ့ အ၀တ်ကြီးနဲ့ အကန်းက ကြွားပြီးသကာလ ….. လာခဲ့တာသံသရာမှာ ဘ၀ပေါင်း ဘယ်လောက်တုံး ….. (မရေတွက်နိုင်ပါဘုရား)၊ ဘယ်တော့များ မြင်ခဲ့သတုံး ….. (ဘယ့်တော့မှ မမြင်ခဲ့ပါဘုရား)။
မင်းဘ၀အရ တော်တယ်ဆိုတာ
            တဏှာကလည်း သူ့အ၀တ်နဲ့သူလိုက်တယ် ပြောတာပဲ။ မင်း ဘ၀အရ တော်တယ်ဆိုတာ သူ့အ၀တ်နဲ့ သူလိုက်တယ် ပြောတာ …. (မှန်ပါ့)။
            မင်းလိုလူ ရှာမှရှားတယ်လို့ မာနကလည် မြှောက်နေတာဘဲ ….. (မှန်ပါ့)၊ မမြှောက်ဘူးလား …. (မြှောက်ပါတယ်ဘုရား)။
            ဒိဋ္ဌိကလည်း အင်း … ငါ့ကိုယ်ငါဘဲ အရေးကြိးတာပဲ …. ဆိုတဲ့ ငါတွေကကော … (မြှောက်ပါတယ်ဘုရား)။
            မြှောက်နေတော့ ကိုယ့်အ၀တ်နဲ့ကိုယ် အနာသမားကနေပြီး သကာလ ဟာ ….တဏှာ မာန ဒိဋ္ဌိတည်းဟူသော သုံးခုက လှည့်စားလိုက်တာနဲ့ အနာလည်း မမြင်ဘဲနဲ့ ဘ၀င်သာ မြင့်ပြီး ငါ့အ၀တ်နဲ့ ငါမလိုက်ဘူးလားသာ ပြောနေတာပဲ … (မှန်ပါ့)၊ ဘယ်လောက်များ ဆိုးတယ်ဆိုတာ ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီဘုရား)။
            ကိုစောမောင်တို့ ဦးဘရှင်းတို့ ရှင်းလောက်ပါပြီ …. (ရှင်းပါပြီဘုရား)။
အနာမြင်မှ ပျောက်ချင်တာအမှန်
            အနာမြင်မှ ပျောက်ချင်တာသာ ဧကန် …. (မှန်ပါ့) အနာမမြင်ဘဲနဲ့ ပျောက်ချင်နေတဲ့ ပုဂ္ဂိုလ်ဟာဖြင့် အင်း … ထုံးစံအတိုင်း ရိုးရာပဲ ….. (မှန်ပါ့)၊ ပေါ်ကြပလား …. (ပေါ်ပါပြီဘုရား)။
            ဒါဖြင့် ဘယ်လိုမှ ပျောက်ချင်တာ အမှန်ပါလိမ့် …. (အနာမြင်မှ ပျောက်ချင်တာ အမှန်ပါဘုရား)။
            ဒါဖြင့် ဒုက္ခသစ္စာမြင်မှ နိရောဓသစ္စာကို သေသေချာချာရချင်မယ် ….. (မှန်ပါ့)၊ ဒုက္ခသစ္စာ မမြင်တဲ့ ပုဂ္ဂိုလ် ….. (နိရောဓသစ္စာမရချင်ပါဘုရား)။
            နိရောဓသစ္စာ သူလိုချင်ပါတယ်ဆိုတာ အပြောသမား ….. (မှန်ပါ့)၊ အကြိုက်သမားတော့ …. (မဟုတ်ပါဘုရား)။
ဒီတရားပြောရတာ ၀မ်းမြောက်တယ်
            အပြောသမားနဲ့ အကြိုက်သမားတော့ ကိုစောမောင် တခြားစီ ….. (တခြားစီပါဘုရား) သဘောပါကြပလား ….. (ပါ ပါပြီ)၊ သြော် … ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဝတ္ထုထုတ်ပြီးသကာလ ဒီနမူနာနဲ့ အရိယာမျက်လုံး တပ်ပေးရတာ ဘုန်းကြီးဖြင့် ဒီနေ့ တရားပြောရတာ အင်မတန် ၀မ်းမြောက်ပါတယ် ….. (မှန်ပါ့)။
            ဦးဘကလေး ၀မ်းမမြောက်သင့်ဘူးလား ……. (၀မ်းမြောက်သင့်ပါတယ်ဘုရား)။
            ဒကာကြီးလှိုင် ကြည့်နည်း နိဿရည်း ပေးတာနော် ….. (မှန်ပါ့)၊ သမာဓိကြီးကြီးထားပြီး ပညာမျက်လုံးဖွင့်ကြည့်စမ်းပါ …. (မှန်ပါ့)၊ ဖွင့်ကြည့်တော့ ဒကာကြီးလှိုင် - ရွှေ့ချင်၊ ပြောင်းချင် ယားချင်၊ ကုတ်ချင်ဆိုတာတွေ လာမလား၊ မလာဘူးလား …. (လာပါတယ်ဘုရား)။
ဒုက္ခသစ္စာတွေလို့သာရှုလိုက်ပါ
            အဲဒါတွေ ဖြစ်ပျက်သာ ရှုချပေးတော့ ဒါ - ဒုက္ခသစ္စာတွေဘဲ ဒါ ဒုက္ခသစ္စာတွေပဲလို့သာ ရှုလိုက်ပါ … (မှန်ပါ့) သဘောကျပလား …. (ကျပါပြီ) တရားရှာစရာ လိုသေးသလား ….. (မလိုပါဘုရား)။
            အင်း …. တရားရှာနေတာက ကိုယ့်ကိုယ်ကို ကျန်းမာတယ် ထင်နေတဲ့ပုဂ္ဂိုလ် ကျန်းမာတုန်း တရားရှာမှပဲလို့ သူက အလွဲပြောနေတယ် …. (မှန်ပါ့)။
            ဦးဘရှင်း - အလွဲပြောနေတာ … (မှန်ပါ့) ကျုပ် ကျန်းမာတယ် ခုချိန် တရားကလေး ရ ထားမှ တော်မယ်၊ တရားလိုက်ရှာဦးမယ်။
            ဆိုတော့ ဒါတဖက်လွဲနေပြီ ….. (မှန်ပါ့) မလွဲဘူးလား ….. (လွဲပါတယ်ဘုရား)။
            မကျန်းမာတဲ့ ခန္ဓာကိုယ်ကြီး ကြည့်လိုက်လို့ရှိရင်တရားတွေ့ မယ် …. (မှန်ပါ့)၊ ကျန်းမာတုန်း တရားရှာလို့ရှိရင် …. (မတွေ့နိုင်ပါဘုရား)။
            မတွေ့နိုင်ဘူးဆိုတော့ သူ့ကိုယ်က မျက်လုံးက တော်တော်ခက်နေတယ်…. (မှန်ပါ့)။
            ကိုစောမောင် ဒါ အပြောတတ်လို့လားတဲ့ သူအလွဲကြီးတာလား ….. (အလွဲကြီးတာပါဘုရား)၊ အလွဲကြီးတာပါဆိုတာ ဒကာ ဒကာမတွေ ပေါ်လာပါပြီ ….. (ပေါ်ပါပြီဘုရား)။
အချောင်နိဗ္ဗာန်လိုချင်တာ
            ဒါကြောင့် မောင်နိုင်တို့ စဉ်းစားပါတဲ့ ဒီတရားမျိုးပေါ်လာဖို့ လွယ်မှမလွယ်ဘဲ …. (မလွယ်ပါဘုရား)။
            ဦးဘရှင်း လွယ်ပါ့မလား …. (မလွယ်ပါဘုရား) မလွယ်ဘူး ကိုပေါ်ရ ….. (မှန်ပါ့)၊ အားကြီးခက်တယ် …. နော် … (မှန်ပါ့)။
            ခင်ဗျားတို့က ကျောင်းဆောက်ပြီး အချောင်နိဗ္ဗာန်လိုချင်တာ ….. (မှန်ပါ့)၊ ဘုရာတည်ပြီးတော့ …… (အချောင်နိဗ္ဗာန်လိုချင်တာပါဘုရား)၊ ဒုက္ခသစ္စာသိပြီး လိုချင်တာ ဟုတ်ကဲ့လား …. (မဟုတ်ပါဘုရား)။
            အဲဒီ အချောင်သမားတွေကတော့ဖြင့် မနည်းပါဘူး ….. (မှန်ပါ့) သဘောပါလား ….. (ပါ ပါပြီဘုရား)။
            ဒီအချောင်သမားကကော ရမှာလားလို့ ဒကာကြီးလှိုင်ပဲ စဉ်းစားကြည့်ပါ…. (မရနိုင်ပါဘုရား)။
ကျောင်းနဲ့ နိဗ္ဗာန်လဲမယ်ပြောတာ
            သူ့ဟာက ကျောင်းနဲ့နိဗ္ဗာန်လဲမယ် ပြောတာ …. (မှန်ပါ့ဘုရား)။
            မောင်နိုင် ဘယ့်နှယ်တုံး …. (ကျောင်းနဲ့ နိဗ္ဗာန်လဲမယ်ပြောတာပါဘုရား)။
ဘုရားတည်ပြီး နိဗ္ဗာန်နဲ့လဲမလို့
            ဘုရားတည်ပြီး နိဗ္ဗာန်နဲ့လဲမယ်လို့ ပြောတာ …. (မှန်ပါ့) သူဟာ ဒီကတည်းက သူ့ခန္ဓာသူလဲတဲ့ သဘောလား …. သူ့ခန္ဓာအပြစ်မြင်တဲ့ သဘောလားတဲ့၊ ချောင်ချောင်နဲ့ လဲယူမှာလား …. (ချောင်ချောင်နဲ့လဲယူမှာပါဘုရား)။
            ဟာ ….. မရဘူး မရဘူး၊ မရဘူး စိတ်ချ … (မှန်ပါ့)၊ တကယ်ပျောက်ချင်တယ် အနာရှိမှန်းသိလို့ ပျောက်ချင်တဲ့ပုဂ္ဂိုလ်မှရမယ် …. (မှန်ပါ့)။
            အနာရှိမှန်းသိလို့ …. (ပျောက်ချင်တဲ့ ပုဂ္ဂိုလ်မှ ရမှာပါဘုရား)၊ ဒီ့ပြင် ပုဂ္ဂိုလ်ဖြင့် ….. (မရနိုင်ပါဘုရား)။
            ကဲ … ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း ကိုစောမောင် ဟောပြီ …. (မှန်ပါ့) သစ္စသံယုတ်မှာ တောပြန်တယ်၊ ငါဟာကွာတဲ့ သစ္စာလေးပါးမှာ ပထမဒုက္ခသစ္စာ မသိဘဲနဲ့ ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုလို့ရှိရင်ဖြင့် အကြောင်းမဟုတ်ဘူး ကွာတဲ့ …. (မှန်ပါ့)။
တိုင်ပါမှ ဒိုင်းတင်လို့ရမယ်
            ဒုက္ခသစ္စာဆိုတဲ့ အနာတွေ မမြင်ဘဲနဲ့ ငါဒုက္ခသစ္စာမမြင်ဘဲနဲ့ ငါဒုက္ခဆုံးတဲ့ နိဗ္ဗာန်ရောက်ခဲ့ပါတယ် ဆိုလို့ရှိရင် ရိုးရိုးငါဥပမာပြောပါ့မယ်ကွာ … တဲ့ တိုင်တွေလည်း မပါဘူး၊ ယောက်ပတ်တွေလည်း မပတ်ဘဲနဲ့ ကျုပ်ဒိုင်းတင်ခဲ့တယ်လို့ ပြောတာနဲ့ အတူတူပဲတဲ့ …. (မှန်ပါ့ဘုရား)။
            တိုင်ယောက်ပတ်မှ မပါဘဲနဲ့ ဒိုင်းဘယ့်နှယ်လုပ်တင်မလဲ ….. (မတင်နိုင်ပါဘုရား)၊ အဲဒီလို ပြောတာနဲ့ အတူတူပဲကွတဲ့ ….. (မှန်ပါဘုရား)။
အချောင်သမား၊ နိဗ္ဗာန်လိုချင်လို့မရ
            ကိုင်း … ဒကာ ဒကာမတို့ ဘုန်းကြီးပြောတဲ့စကားက အချောင်သမား နိဗ္ဗာန်လိုချင်လို့ မရနိုင်ဘူးဆိုတာကို ဒီဥပမာနဲ့ပဲ ရှင်းလိုက်တယ် ကိုစောမောင် …. (မှန်ပါ့)၊ မရှင်းသေးဘူလား … (ရှင်းပါပြီ)။
            တိုင်မပါ ယောက်ပတ်မပါဘဲနဲ့ ဒိုင်းချည့်တင်ခဲ့တယ်၊ ကျုပ်အိမ်ဟာ တော်တော် ဆန်းဆန်းပြားပြား လုပ်ခဲ့တယ်ဆိုရင် မောင်နိုင်က ဟာ … ဒီလူ ရူးပြီလို့ ဆိုရပါလိမ့်မယ် … (မှန်ပါ့ ဆိုရပါမယ်ဘုရား)၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
            ဘာပြုံးလို့တုံး …. တိုင်လည်း မပါဘူး၊ ယောက်ပတ်လည်း မပါဘဲနဲ့ ဒိုင်းကို ဦးဘရှင်းက ဘယ်နေရာ သွားချိတ်မှာတုံး …. (မချိတ်နိုင်ပါဘုရား)။
            ဒကာကြီးလှိုင် …. (မချိတ်နိုင်ပါဘုရား)၊ ချိတ်စရာ မြင်ကြရဲ့လား …(မမြင်ပါဘုရား)။
            ဒီမှာလည်း ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အရိယာမျက်လုံးမတပ်ဘဲနဲ့ ဒုက္ခသစ္စာမမြင်နိုင်ပါဘူး … (မှန်ပါ့)။
            မမြင်ဘဲနဲ့ ကျုပ်ဖြင့် ပန်းတစ်ပွင့်နဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်၊ ကျောင်းတစ်ဆောင်နဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတာ မယုံနဲ့ ….. (မှန်ပါ့ဘုရား)၊ အချောင်သမား နိဗ္ဗာန် သာ မှတ်ပေတော့ … (မှန်ပါ့)၊ သဘောကျပလား… (ကျပါပြီ) တကယ်ရမည့် နိဗ္ဗာန်တော့ (မဟုတ်ပါဘုရား)။
ဒီအလုပ်ကမှ နိဗ္ဗာန်ပို့မှာ
            မဟုတ်ပါဘူးတဲ့၊ ဒီအလုပ်ကို လုပ်ယူရဦးးမယ် ….. (မှန်ပါ့) မဟုတ်ဘူးလား …. (မှန်ပါ့)၊ ကျောင်းဆောက်တဲ့ကုသိုလ်ကနေပြီး ဒီအလုပ် လုပ်ဖို့ ကျေးဇူးပြုရဦးမယ်၊ ပြုပြီးတော့မှ ဒီအလုပ်ကမှ နိဗ္ဗာန်ပို့မှာ ….(မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
            ဒါဖြင့် ကျောင်းဆောက် ဘုရားတည်တာ ကုသိုလ်မရဘူးလို့ မဟောဘူးတဲ့၊ သူကသစ္စာမြင်တဲ့ မျက်လုံးဆီကို ရောက်အောင်ပို့ရဦးမယ် ….. (မှန်ပါ့)၊ သဘောပါပလား …. (ပါ ပါပြီ)။
            သစ္စာမျက်လုံးဆီကို …. (ပို့ရဦးမှာပါဘုရား)၊ ပို့တော့မှ သစ္စာမျက်လုံးက မြင်မှ နိဗ္ဗာန်ရမှာ …. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီ)။
            ဒါဖြင့် ဟိုဟာကဝေးသောအကြောင်း …. (မှန်ပါ့)၊ ရှင်းကြပလား ….. (ရှင်းပါပြီ)။
သစ္စာမျက်လုံးတပ်ပေးတာ
            ဒီအခု သစ္စာမျက်လုံး ချက်ချင်းတပ်ပေးလိုက်တာက …… (နီးသောအကြောင်းပါဘုရား)၊ သဘောကျပလား ….. (ကျပါပြီ)။
            ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းမို့ နီးသောအကြောင်း ဝေးသောအကြောင်း ဟောနိုင်တာနော် …. (မှန်ပါ့) သာသနာပကျလို့ရှိရင် ထမင်းရေ ချောင်းစီးတာ ဒါ နိဗ္ဗာန်ရောက်ဖို့ပဲ ဆိုပြီး ဒါသာ သူတို့ယူတော့တာပဲ … (မှန်ပါ့)၊ ခုနင်က သစ္စာက ကွယ်သွားပြီ … (ကွယ်သွားပါပြီဘုရား)၊ မကွယ်သေးဘူးလား … (ကွယ်သွားပါပြီဘုရား)။
            အဲဒီတော့ နီးသောအကြောင်းရှိသေးရဲ့လား … (မရှိပါဘုရား)၊ အဲ …. နီးသော အကြောင်းက ဘုရားပွင့်မှ ပေါ်လာတာ …. (မှန်ပါ့)။
သစ္စာဟာ ဘုရားပွင့်မှ ပေါ်တာ
            ဒါကြောင့် သစ္စာဟာ ဘုရားပွင့်မှပေါ်လာတယ် ဆိုတာ ရိပ်မိကြပလား …. (ရိပ်မိပါပြီဘုရား)။
            ဒါဖြင့် ဒကာ ဒကာမတို့ အခု ဒီဆရာနဲ့ ဒီဘုန်းကြီးနဲ့ ဒီခေတ်နဲ့ ခင်ဗျားတို့ အခုနာတဲ့ နားနဲ့လွဲသွားရင် သွားပြီ …. (မှန်ပါ့)။
            မသွားသေးဘူးလား …. (သွားပါပြီ)၊ သေသေချာချာ သွားပြီဆိုတာ ရိပ်မိကြပလား ….. (ရိပ်မိပါပြီဘုရား)။
            သွားတော့ ဘယ်လိုသွားမှာတုံး …. အနာသည်က ဆီချေးတွေပေနေတဲ့ အ၀တ်ကြီးဝတ်ပြီး သကာလ ငါနဲ့မလိုက်ဘူးလား …. ဆိုတာနဲ့ဘဲ တစ်သံသရာလုံး လည်နေတော့မှာပဲ ….(မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
            လူကလည်း အနာသည်၊ သဘောကျပလား …. (ကျပါပြီ)၊ မျက်လုံးကကော အကန်း …. (မှန်ပါ့)။
            ဆီချေးတွေပေနေတဲ့ အ၀တ်ကြီး ၀တ်ပြီးသကာလ သူသံသရာထဲ လည်ကြွားဦးမယ် … (မှန်ပါ့)၊ တဏှာ မာန ဒိဋ္ဌိနဲ့ မကြွားကြပေဘူးလား … (ကြွားကြပါတယ်ဘုရား)၊ ကဲပေါ်ကျပလား … (ပေါ်ပါပြီ)၊ အဲဒါ - သံသရာ အသာထားစမ်းပါဦး၊ ကိုယ်ငယ်ငယ်တုန်းက ဘယ်လိုကြွားခဲ့တယ် ဆိုတာ ကိုပဲ အကဲခတ်ကြည့်လိုက်ရင် သံသရာကြီးဟာ ပေါ်သွားပါပြီ ….. (ပေါ်သွားပါပြီဘုရား)။
ရောဂါမမြင်လို့ အကန်းပြုံး၊ ပြုံးတာ
            ကိုယ်ငယ်ငယ်တုန်းကလေ ကိုယ့်အထင်နဲ့ ကိုယ်အမေမိဘက ၀ယ်ပေးတာ ကိုယ့်ဟာကိုယ် လုပ်နိုင်လို့ ၀တ်ရတဲ့ အ၀တ်နဲ့ ကိုယ်ဟာနဲ့ ကိုယ်များ နေရာကျနေတဲ့ အခါကျတော့ ဈေးထဲ အတော်ရွေးပြီး ငါ့အဆင်နဲ့ငါ အတော်လိုက်အောင် ၀ယ်လာခဲ့တာပဲ ဆိုတဲ့ဥစ္စာ ကိုစောမောင် ကိုယ့်ဟာကိုယ်များ မျက်စိကမမြင်တော့ ပြုံးများပြုံးလိုက်သေးတယ် …. (မှန်ပါ့)၊ မပြုံးဘူးလား ….. (ပြုံးပါတယ်ဘုရား)။
            အင်း …. ဘာပြုံး ပြုံးတာတုံးဆိုတော့ အကန်းပြုံး ….. (မှန်ပါ့) ရောဂါမမြင်လို့ဘာတုံး …. (အကန်းပြုံးပါဘုရားး)။
            အကန်းပြုံး၊ သူ့အ၀တ်နဲ့သူနဲ့ တယ်လိုက်တယ်ထင်တယ် …. (မှန်ပါ့)၊ ဘယ်သူက ဆင်ထားတာတုံး …. (တဏှာ မာန ဒိဋ္ဌိပါဘုရား)၊ ကိုင်း ဆင်တဲ့လူကလည်း လူယုတ်မာချည့်ပဲ …. (မှန်ပါ့)။
            အဲဒီတော့ သစ္စာမျက်လုံးတပ်လို့ ကိုယ့်အနာတွေမြင်တော့မှ မျက်လုံကလေး ပွင့်လာတော့မှ ငါ့လိမ်တာ တဏှာ မာန ဒိဋ္ဌိပဲဆိုတာ အဲဒီကျမှ ရန်ဖြစ်နိုင်ပါတယ် …. (မှန်ပါ့)။
တဏှာနဲ့ တောင်းတဲ့ဆုတွေ
            အခုတော့ တဏှာနဲ့ တောင်းနေတဲ့ ဆုတွေဆိုတော့ ကိုစောမောင် ဘုန်းကြီးက နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဟောရမှာလား …. (မဟောနိုင်ပါဘုရား)၊ တဏှာ မာန ဖြတ်ရဦးမှာကိုး …. (ဖြတ်ရမှာပါဘုရား)၊ သဘောပါပလား …. (ပါ ပါပြီ)။
            သြော် … ဒါဖြင့် ဒီအရေးဟာ အခုပြောတဲ့ ဒီနေ့ညအရေးဟာ မောင်နိုင် သေးသေးကွေးကွေး အရေးရယ်လို့ မမှတ်လိုက်ပါနဲ့ ….. (မှန်ပါ့ဘုရား)။
            နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား …. (ရှင်းပါတယ်ဘုရား)။
            ဒါဖြင့် ဘာမျက်လုံးဒီနေ့တပ်ပေးပါလိမ့် ….. (အရိယာမျက်လုံးတပ်ပေးပါတယ်ဘုရား)။
            အရိယာမျက်လုံး တပ်ပြီးသကာလ ကြည့်လိုက်တဲ့အခါကျတော့ တစ်ဖက်က သမာဓိမျက်လုံး၊ တစ်ဖက်က ပညာမျက်လုံးနဲ့ ကိုစောမောင် အိမ်ကျတော့ တပ်ကြည် …. (မှန်ပါ့)၊ တပ်ကြည့်တော့ ဘာတွေတွေ့မယ် ထင်သတုံး …. (အနာရောဂါတွေ တွေ့ပါမယ်ဘုရား)။
တစ်ကိုယ်လုံးဟာ ရောဂါတွေ
            ရောဂါတွေ မတွေ့ပေဘူးလား … (တွေ့ပါတယ် ဘုရား)၊ အင်း …. ရောဂါတွေသည်ကားလို့ ဆိုရင် တစ်ခုတည်းလား၊ အများကြီးလာမလား … (အများကြီးလာပါတယ်ဘုရား)၊ တစ်ကိုယ်လုံးဟာ ဘာတွေတုံး … (ရောဂါတွေပါဘုရား)။
            အကုန် ရောဂါချည့်မြင်တဲ့အခါကျတော့ ရောဂတော ဂဏ္ဍတောသလ္လတော ဆိုတာတွေ ဒီကျမှ ပေါ်လာတာ … (မှန်ပါ့)၊ မပေါ်လာဘူးလာ … (ပေါ်လာပါတယ်ဘုရား)၊ ပေါ်တော့မှ ဒါ ဒုက္ခသစ္စာမြင်တာ …. (မှန်ပါ့)။
            ဆရာဘုန်းကြီးတပ်ပေးလိုက်တဲ့ သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ အရိယာမျက်လုံးကို တပ်ပေးလိုက်တဲ့ အတွက် ကိုစောမောင် ရောဂတောဂဏ္ဍတော တွေမြင်လာတယ် (မြင်ပါတယ်ဘုရား)၊ မမြင်သေးဘူးလား … (မြင်ပါတယ်ဘုရား)။
            မြင်တဲ့အခါကျတော့ အမြင်ခံရတာက ဒုက္ခသစ္စာ၊ မြင်တဲ့ဥာဏ်က မဂ္ဂသစ္စာ ….. (မှန်ပါ့)။
နိဗ္ဗာန်ပေါ်လာတယ် 
            ဒါဖြင့် ဒီရောဂါလွတ်ရာပြေးမှပဲဆိုပြီး သကာလ ပြေးချင်တော့နိဗ္ဗာန်ကို တစ်ခါတည်း ပေါ်လာတယ် ….. (ပေါ်လာပါတယ်ဘုရား)၊ နို့မဟုတ်ရင်ဖြင့် ….. (မပေါ်ပါဘုရား)၊ သဘောကျပလား …. (ကျပါပြီ)။
            ဒီအရပ်ဝမ်းလျှောနေတယ်၊ ကာလ၀မ်းဖြစ်နေသတဲ့ ဆိုတော့ ကိုစောမောင် နေရဲပါ့မလား … (မနေရဲပါဘုရား)၊ ခင်ဗျားလွတ်ရာတော့ … (ပြေးမှာပါပဲ ဘုရား)။
            အဲ … ၀မ်းလျှောမှန်းသိမှ ပြေးချင်တာ …. (မှန်ပါ့ ဘုရား)။
            ကျုပ်ဖြင့် ဒီသား ဒီသမီးနဲ့ နေပဲ မနေချင်ပါဘူး။ သူတို့နဲ့ စိတ်ပျက်လွန်းလို့ နိဗ္ဗာန်သာ ရောက်ချင်တာပဲဆိုတော့ ဘာလုပ်ရမှာတုံး သူက သူ့ခန္ဓာသူမြင်တာလား၊ သူ့သား သူ့သမီး စိတ်ပျက်တာလား ….. (သားသမီးစိတ်ပျက်တာပါဘုရား)။
            ဒါနဲ့ နိဗ္ဗာန်သွားချင်တယ်ဆိုလို့ ယုံရမှာလား … (မယုံရပါဘုရား)၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။
            ဒီအရပ် စီးပွားရေးမဖြောင့်တာနဲ့ ကျုပ်တော့ဖြင့်ဗျာ ဒီဘ၀မျိုး ကြုံလည်း မကြုံချင်ဘူး၊ နိဗ္ဗာန်သာ ရောက်ချင်တာဆိုတော့ သူစီးပွားရေးမဖြောင့်လို့ သူ့ခန္ဓာကြီး မဆင်ရလို့ …. (မှန်ပါ့)၊ တဏှာ မာန ဒိဋ္ဌိ မဆင်ရလို့ပြောတာ …. (မှန်ပါ့)၊ ဆင်ရရင် သူ အကန်းကြွားကြွားဦးမှာ …. (မှန်ပါ့)။ ရိပ်မိပလား …. (ရိမ်မိပါပြီဘုရား)။
ပညာမျက်လုံးဖွင့်ကြည့်
            အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ယနေ့ သမာဓိမျက်လုံး တစ်ဖက်ထားပြီး ပညာမျက်လုံးကို ခပ်ပြူးပြူးကလေးဖွင့်ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲ ဘာတွေတွေ့ကြ သတုံး ….. (ရောဂါတွေ တွေ့ပါတယ်ဘုရား)။
            ရောဂါမှ ပြည်မမှည့်သေးတဲ့ရောဂါလား သေ သေနေတဲ့ ရောဂါတွေလား ….. (သေသေနေတဲ့ ရောဂါတွေပါဘုရား)။
            အဲ သေသေနေတဲ့ရောဂါဆိုတာ အနိစ္စလည်း ဟုတ်တာပဲ၊ ဒုက္ခလည်း ဟုတ်တာပဲ၊ အနတ္တလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာလည်း ဟုတ်တာပဲ …. (ဟုတ်ပါတယ်ဘုရား)၊ မြင်ကြပလား … (မြင်ပါပြီ)။
ရောဂါဆုံးမှ နိဗ္ဗာန်ရောက်မယ်
            အဲဒီတော့ ဒီနေရာမှာတော့ဖြင့် ရောဂါမြင်ပြီးသကာလ ….. ရောဂါကိုမုန်း၊ ရောဂါဆုံးမှ နိဗ္ဗာန်ရောက်မယ် …. (မှန်ပါ့)၊ ပေါ်ကြပလား ….. (ပေါ်ပါပြီဘုရား)။
            ပထမရှေးဦးစွာ ဘာမြင်အောင် ကြည့်ရမလဲ ….. (ရောဂါမြင်အောင် ကြည့်ရပါမယ်ဘုရား)။
            နောက်ကျတော့ ဆက်ကြည့်တော့ ရောဂါဘာဖြစ်ရမလဲ …. (မုန်းရပါတယ်ဘုရား)။
            မုန်းအောင် ကြည့်ရမယ်၊ နောက်ကျတော့ ဒီရောဂါနဲ့ဖြင့် နေကိုမနေချင်ပါဘူး၊ ဒါတွေသာ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်မှသာလျှင် ရောဂါလုံးလုံးပျောက်ပြီးသကာလ ….. ရောဂါကင်းတဲ့နိဗ္ဗာန်ရောက်ရမယ် ……. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ကဲ ….. ယနေ့ ဒီတွင် တော်ကြပါဦးစို့ ……
သာဓု ….. သာဓု ….. သာဓု ….။
No comments:
Post a Comment