Tuesday, July 4
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့ တွင် ဟောကြားတော်မူသော တရားတော် လူဘ၀အင်မတန်ရခဲလို့ အလွဲသုံးစား မလုပ်ကြစမ်းပါနဲ့
        ဒကာ ဒကာမတွေ လူ့ဘ၀သည် အင်မတန်မှ ရခဲတယ်ဆိုတဲ့ ဥစ္စာကို ကိုယ့်ဟာကိုယ်သိတော့မှ ရတဲ့ဘ၀ကလေးကို အသုံးချပါဆိုတာကို ဆရာဘုန်းကြီးက တိုက်တွန်းတယ် (မှန်လှပါဘုရား)။
            လူဘ၀ အင်မတန်ရခဲတယ်ဆိုတဲ့ ဥစ္စာ မှတ်ထားကြပါ။ (မှန်လှပါ) ရတဲ့ဘ၀ကလေးမှာလည်း ယခုလို သစ္စာတရားတွေနာရ၊ အမျိုးမျိုးနှလုံးသွင်းမှုတွေကို သိရတဲ့အတွက် တကယ်တမ်း ကျင့်ကြံကြမယ် ဆိုရင် ဒကာ ဒကာမတို့ ကိစ္စပြီး သွားအောင်လည်းဖြစ်နိုင်တယ်။ ဒီဘ၀မပြီးရင် နောက်ဘ၀ပြီးနိုင် တယ်ဆိုတာကိုလည်း ပါဠိတော်တွေရှိနေလို့ ဘာမှပူစရာမရှိဘူး။ (မှန်ပါ့)။
ဆရာကောင်းနဲ့ တွေ့နေချိန်
            ရတဲ့ဘ၀ကလေး၊ ရခဲတာကလေးကို ဆရာဘုန်းကြီးက အသုံးချတတ်ဖို့ ကလေးကိုသာ ကူပေးဖို့လိုတယ် (မှန်ပါ့)။
            ခင်ဗျားတို့ ဆုတောင်းပါရမီတွေက မရစဖူး အရထူးလာတာဖြင့် သေချာပါပြီ (မှန်လှပါဘုရား) အဲဒီ သေချာတာကလေးကို ဆရာကောင်းသမားကောာင်းတွေ အမျိုးမျိုးအဖုံဖုံ တွေ့နေတဲ့အချိန်မှာ အသုံးချ ပစ်လိုက်ပါဆိုတဲ့ ဥစ္စာကိုဖြင့် သတိပေးပါတယ် (မှန်ပါ့)။
            ကဲ ဒါဖြင့် သေသေချာချာတွေးကြစို့၊ လူ့ဘ၀ ရခဲတာကလေးဟာ ရှင်းရှင်းလင်းလင်းပဲ ပြောကြပါစို့ ဆိုတော့ ဒကာ ဒကာမတို့ ဟင်းချက်တဲ့နှမ်းဆီဆိုတဲ့ ဥစ္စာရှိပါတယ်။ အဲဒါကလေးကို ပဒုမ္မာပိတ်နဲ့ ပန်းကန်ကလေးထဲထည့်ပြီး စစ်ပါတဲ့။ အကြိမ်တစ်ရာစစ်ပါ။
အင်မတန်ကြည်တဲ့နှမ်းဆီ
            ဥပမာ၊ ဂုံညင်းလောက်ရှိတာကလေးကို အကြိမ်တစ်ရာစစ်၊ သဘောကျပလား၊ (ကျပါပြီ) အကြိမ်တစ်ရာလောက် စစ်လိုက်တဲ့အခါကျတော့ အင်မတန်ကြည်တာကလေး ကျန်မနေဘူးလား (ကျန်ပါတယ်ဘုရား) ဒါကလေးကို ထပ်ပြန်တလဲလဲ အကြိမ်တစ်ရာစစ်လိုက်တော့ အင်မတန်ကြည်တယ် (မှန်ပါ့)။
            အဲဒီ အင်မတန်ကြည်တဲ့၊ ဆီကြည်ကလေး ပန်းကန်ထဲမှာ နေပါစေ၊ ထားလိုက်ပါ။
အင်မတန်နူးညံ့တဲ့ သိုးအမွေး
            သိုးမကြီးတစ်ကောင်ရှိတယ်၊ အဲဒီ သိုးမကြီး၏ ၀မ်းထဲမှာ ပဋိသန္ဓေနေတဲ့ ပိုးကလေးရှိပါတယ်။ အဲဒီတော့ သိုးမကြီးမမွေးခင် သိုးကလေးကို ၀မ်းထဲက ခွဲပြီးသကာလ ယူပါ။ ယူပြီးအမွေးကလေး တစ်ပင်တည်း ကိုင်နုတ်ပါဆိုတော့၊ ၀မ်းထဲကလည်း မထွက်ရသေးတဲ့ သိုးကလေး အမွေးကလေးကလည်း ပါတော့ပါမှာပေါ့။ သို့သော် အင်မတန်နူးညံ့လိမ့်မယ် ဆိုတာတော့ဖြင့် ကိုပေါ် ငြင်းဖို့လိုသေးသလား (မလိုပါဘုရား)။
ခုနစ်ခါ၊ ခါပါ
            အဲဒီတစ်ပင်ကို ယူပါတဲ့ (မှန်ပါ့) အဲဒီတစ်ပင်ကို ယူပြီး ခုနင်က အကြိမ်တစ်ရာစစ်ထားတဲ့ ဆီထဲမှာ တို့လိုက်ပါတဲ့၊ တို့ပြီးသကာလ ခုနစ်ခါ၊ ခါပါဦးတဲ့ (မှန်ပါ့)။
            ဒီတော့ ပါနိုင်စရာရှိသေးသလား (မရှိပါဘူးဘုရား) နဂိုကလည်း နူးညံ့လိုက်တာ ဆီကလည်း စစ်ထားလိုက်တာ ကြည်လိုက်တာ (မှန်ပါ့) သိုးမွေးကလေးကလဲ နုလိုက်တာ ဒါကလေးနဲ့တို့ပြီး အကြိမ်ခုနစ်ခါ ခါတော့ကျန်ပဲ ကျန်ပါဦးမလား (မကျန်နိုင်ပါဘူးဘုရား)။
ပဋိသန္ဓေအစ
            အဲ … ကျုပ်တို့ ပဋိသန္ဓေအစဟာ အဲဒီသိုးမွေးကလေးအဖျားမှာ ဆီကြည်ကလေး ကျန်သလောက်က စခဲ့ကြတာ (မှန်ပါ့)။
            အားလုံး တရားနာကြတဲ့ ပုဂ္ဂိုလ်တွေ၏ အစဟာ အဲဒီသိုးမွေးဖျားမှာပါတဲ့၊ ဆီစက်ကလေး လောက်က စတာပေါ့ သဘောကျပလား (ကျပါပြီ)။
            အဲဒါကလေးလောက်က ကျုပ်တို့အမိဝမ်းခေါင်းထဲမှာ စပြီးတည်ကြတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ လွယ်ပါ့မလား (မလွယ်ပါဘုရား)။
            အဲဒါကလေးကနေပြီး သကာလ ၀မ်းထဲမှာ တစ်ခါစဉ်းစားဦး သိုးမျိုးရှစ်ဆယ်ဆိုတာ ရှိတယ် (မှန်ပါ့) သိုးမျိုးရှစ်ဆယ်ဆိုတာက အမျိုးပေါင်းရှစ်ဆယ် အကောင်ရေတော့ မရေတွက်နိုင်ဘူး (မှန်ပါ့)။
ကာလလရေကြည်ခေါ်တယ်
            အဲဒါတွေက ဒီလိုကာလလ ရေကြည်ကို အမွေးဖျားမှာပါလာသလောက် အရေကြည်ကလေးကို ကာလလရေကြည်ခေါ်တာပေါ့ဗျာ (မှန်ပါ့)၊ အဲဒါမျိုးတွေ ရှာစားနေတဲ့ သိုးမျိုးရှစ်ဆယ်ကလည်း ၀မ်းထဲမှာ အပြည့်ရှိတယ် အမေ့ဝမ်းထဲမှာ (မှန်ပါ့)။
            ဒကာ ဒကာမတို့ အဲဒါကျုပ်တို့ ကာလလ ရေကြည်ဘ၀က သိုးမျိုးရှစ်ဆယ်က ရှာဖွေစားသောက်လို့ တွေ့သွားရင် ၀မ်းထဲမှာ ဘုန်းကြီးပြောပါ့မယ် မသာပို့မပါပဲနဲ့ သေရရှာတယ်။
            မောင်နိုင်ဖြင့် မောင်နိုင်တစ်ယောက် ကိုပေါ်ဖြင့် ကိုပေါ်တစ်ယောက် ကိုစံလှမြင့် ကိုစံလှ တစ်ယောက်ပေါ့ဗျာ (မှန်ပါ့) ကျုပ်တို့ဖြစ်လာခဲ့ရတဲ့ ဖြစ်ထွေဟာ ဘယ်လောက်နူးညံ့တယ်ဆိုတာ သိပလား (သိသွားပါပြီဘုရား) အင်မတန် နူးညံ့တယ်၊ သိုးမျိုးရှစ်ဆယ်ကလည်း ရှာစားတော သိကြပြီ မဟုတ်လား (မှန်ပါ့)။
            ကဲ တစ်ခါ အမေကလည်း ပဋိသန္ဓေရှိမှန်းဆိုတာ ဒါလောက်ကလေးဆိုတော့ သိပါ့မလား (မသိပါဘုရား)၊ အမေကလဲ မသိပါဘူး ဘယ်နေ့ဘယ်ရက်က တည်တယ်လို့ မသိသေးပါဘူး တော်တော်ကလေးရင့်လာမှ သိနိုင်တာပါ (မှန်ပါ့ဘုရား)။
            အဲဒါကလေးဟာ အမေက ရေနွေးသောက်လိုက်ပြန်လည်း ရေနွေးနှိပ်စက်ပြန်တာပဲ ရေအေးသောက်ပြန်လည်း ရေအေး နှိပ်စက်ပြန်တာပဲ (မှန်ပါ့) အမျိုးမျိုးအဖုံဖုံနဲ့ ကုန်းလိုက်ကွလိုက်နဲ့ နေရာရွှေ့သွားရင်လည်း သေတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ ဖြစ်စဉ်လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား) ကဲ လူ့ဘ၀ရခဲတာပေါ်ပလား (ပေါ်ပါပြီ)။
            ဒါကြောင့် လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်းချပါ၊ အပ်သွားခြင်းထိဖို့ဟာက ရှိသေးတယ်။ လူ့ဘ၀ရဖို့က ဒါထက်ခဲယဉ်းတယ်ဆိုတာ ကာလလ ရေကြည်ကစပြောတော့ ဒကာ ဒကာမတို့ မသေချာဘူးလား (သေချာသွားပါပြီ ဘုရား)။
ဣန္ဒကဘီလူးကို ဟောတာ
            ကာလလ ရေကြည်ကလေးဆိုတဲ့ အဲဒီအပေါင်းအစုကလာပ်ကနေပြီ၊ ပဋ္ဌမံ ကလလံ ဟောတိ ဆိုတာ ကလေးက ခုနစ်ရက်နေရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ခုနစ်ရက်အတွင်း ပျက်စီးနိုင် မပျက်စီးနိုင် (ပျက်စီးနိုင်ပါတယ်ဘုရား) ဒီအထဲကလည်း မောင်နိုင်တို့ ဘုန်းကြီးတို့ တရားနာကြတဲ့ ဒကာ ဒကာမတွေ အပြင်ဘက်ရောက်လာတာ လွယ်ပါ့မလာ (မလွယ်ပါဘူး) အတော်ခဲယဉ်းပါတယ်နော် (မှန်ပါ့ခဲယဉ်းပါတယ် ဘုရား)။ ဘုရားဥာဏ်နဲပ ဣန္ဒက ဘီလူးကို ဟောတာလို့ မှတ်ထားစမ်းပါ။ သံယုတ်ပါဠိတော်မှာ ဟောတော်မူတာ (မှန်ပါ့)။
အမြှုပ်ခုနစ်ရက်
            ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါကလေး ခုနစ်ရက် ပြီးတော့မှ ဒါကလေးက အမြှုပ်ခုနစ်ရက်ဆိုပြီး ဖြစ်လာတယ် (မှန်ပါ့)။ ဒီအမြှုပ်ကလေးတွေကလည်း ခုနင်က သိုးမွေးဖျားမှာ ပါတာကလေးလောက်က ကြီးရင့်လာတော့ အမြှုပ်ကလေး ဖြစ်လာတော့လည်း မောင်နိုင် ခိုင်ခန့်စရာပါရဲ့လး (မပါ ပါဘုရား) ကိုပေါ်တို့ စဉ်းစားကြစမ်းပါ။ (မပါပါဘူး)။
            အမေလုပ်သူက ဒီအချိန်မှာ မသိသေးပါဘူး ငါ့ဝမ်းထဲမှာ ပဋိသန္ဓေနေတာ ဘယ်နှစ်ရက်ရှိပြီလို့ သိနိုင်ပါ့မလား (မသိနိုင်ပါဘုရား) ဘယ်မှာ သိနိုင်ပါ့မလဲ အင်မတန်သေးငယ်တာ ကလေးပဲ ဒီကြားထဲမှာ ပိုးကိုက်၊ လောက်စား၊အမေမိဘချော်လဲ၊ ရေသောက်မှား၊ အစားမှားနဲ့ ဒီဟာကလေးကို သွားပြီးထိခိုက်နိုင် တယ် (မှန်ပါ့) သားကောင်လျှောတယ်ဆိုတဲ့ သဘောမျိုးဖြစ်ရတာတွေကလည်း မရေတွက်နိုင်ပါဘူး (မှန်ပါ့) တော်တော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ်ဘုရား)။
            ဒါကြောင့် မပေါ့ပါနဲ့ သစ္စာတရားဟောတဲ့ ဆရာသမားနဲ့ တွေ့တုန်းကို ချက်ချင်းပင် နိဗ္ဗာန်ရနိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ တရားကို ဟောနေတော့ ဒကာ ဒကာမတို့ အမြန်သာယူလိုက်ပါတော့ ဆိုတာ ဇွတ်ပေးနေတာ ခင်ဗျားတို့ ငြင်းဖို့မလိုပါဘူး၊ (မလိုပါဘူးဘုရား) ဇွတ်ပေးနေတာ၊ ကိုစံလှ ငြင်းချင်သေးသလား (မငြင်းချင်ပါဘုရား) အဖိုးကလည်း မဖြတ်နိုင်တဲ့တရား (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
            အဲဒါကြောင့် ဆွဲဟောနေတဲ့ တရားမဟုတ်ပါဘူး ဣန္ဒကဘီလူးကို ဘုရားက ကာလလ ရေကြည်တည်ခဏ်းပဋိသန္ဓေကစပြီး ဟောတော်မူနေတာ မောင်နိုင် (မှန်ပါ့) လွယ့်ပါမလား (မလွယ်ပါဘူး ဘုရား)။
            ပဋ္ဌမံ ကလလံ ဟောတိ၊ ကလာလာ ဟောတိ အဗ္ဗုဒံ၊ အဗ္ဗုဒါ ဇယတေပေသိတဲ့။
            အဗ္ဗုဒ - အမြှုပ်ဆိုတော့ ၁၄ရက်ရှိသွားပြီနော် (မှန်ပါ့) ၁၄ရက်အတွင်း မသေခဲ့ပါမှနော် (မှန်ပါ့) အဲဒီ ၁၄ရက် အတွင်းမှာ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါတွေ ဘာမှ မပါသေးဘူးလို့ မှတ်လိုက်ကြစမ်းပါ၊ အမြှုပ်ပဲရှိသေးတယ် (မှန်ပါ)၊ ပဋ္ဌမခုနစ်ရက်က ရေကြည်၊ ရေကြည်ကနေပြီး အမြှုပ်ကလေးတက်လာတယ် ၁၄ ရက်ကျတော့ (မှန်ပါ့)။
ကိုယ့်ဘ၀ကလေးနှမြောကြစမ်းပါ
            ဒကာ ဒကာမတို့ လူဘ၀ရောက်လာတာ ဒီအချိန်ထိ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီးငယ်ဘာမှ မပါသေးဘူးနော် (မှန်ပါ့) ဒီအချိန်အတွင်း ဘယ်သူကစားလို့ ဘယ်သူက၀ါးလို့ သူကတုံ့ပြန်နိုင်တဲ့ သဘောပါရဲ့လား (မပါ ပါဘူးဘုရား)။
            သြော် .. ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ လူဖြစ်လာတာ ခြေ၊ လက်၊ အင်္ဂါကြီးငယ်အစုံနဲ့ မျက်စိအင်္ဂါကြီးငယ် အစုံနဲ့ အစကတည်းက ဖြစ်လာတဲ့လူရယ်လို့ အမိဝမ်းတွင်း ပဋိသန္ဓေနေခဲ့ရသူမှန်သမျှ မရှိနိုင်ပါဘူး (မရှိပါဘုရား) ဒါကြောင့် ကိုယ့်ဘ၀ကလေးကို ဒကာ ဒကာမတွေ နှမြောစမ်းပါလို့ဆိုတာ ဆရာဘုန်းကြီးဟောတာ နှမြောသင့် မနှမြောသင့်လည်း အကဲသာခတ်ပါ (နှမြောသင့်ပါတယ် ဘုရား)။
            သံဝေဂရရုံ ပြောနေတာမဟုတ်ဘူး ဖြစ်စဉ်ကိုက် ပြောနေတယ်လို့ အားလုံးတရားနာတဲ့ တစ်ပွဲလုံးက မှတ်ပါ (မှန်ပါ့) လွယ်တဲ့ကိစ္စလို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါဘူး ဘုရား)။
            ပဋ္ဌမံ - ရှေးဦးစွာ။ ကလလံ - ကလလ ရေကြည်ကလေးသည်၊ ဟောတိ - ဖြစ်၏။ ကလလာ ဟောတိ အဗ္ဗုဒံ။ အဲဒါကလေးက ရင့်ကျက်လာမှ အမြှုပ်ဖြစ်တာပါတဲ့ (မှန်ပါ့)။
လေးထောင့်သွေးခဲကလေး
            အဗ္ဗုဒါ ဇာယတေပေသိ အဲဒီကျတော့မှ သွေးခဲကလေးသွားဖြစ်တယ် (မှန်ပါ့) လေးထောင့်ခဲ ကလေးသွားဖြစ်တယ် (မှန်ပါ့) အဲဒီလေးထောင့်ခဲကလေးကလည်း ဘယ်လောက်ကြီးမလဲ မေးရင် ခင်ဗျားတို့ လက်ညှိုးထဲက ထွက်တဲ့သွေးပေါက်ကလေး တစ်ပေါက်စာလောက် ရှိတယ် (မှန်ပါ့)။
            ဒါကလေးကလည်း ၀မ်းထဲမှာ ပျက်စီးဖို့နဲ့ ခိုင်ခန့်ဖို့ ဘယ်ဟာကများကြသတုံး၊ (ပျက်စီးဖို့က များပါတယ်) ဒကာ ဒကာမတို့ သူကလည်း ခုနစ်ရက်ပဲနေရမှာ (မှန်ပါ့) ခုနစ်သုံးလီ ရှိသွားပြီ။ ခုနစ်သုံးလီဆိုတော့ နှစ်ဆယ့်တစ်ရက် ရှိသွားပြီ (၇x၃= ၂၁) အဲဒီအချိန်မှာ အမေက ငါ့ဝမ်းထဲမှာ ပဋိသန္ဓေနေပေါ့၊ စောင့်ရှောက်မှပဲဆိုတဲ့ စိတ်ဖြစ်ဖို့ ဘယ်နည်းနဲ့မှ အမေမသိသေးပါဘူး (မှန်ပါ့)။
            စားချင်တာစားလိမ့်မယ်၊ သွားချင်ရာသွားလိမ့်မယ်၊ ဆောင့်အောင့်ပြီးသကာလ နင်းချင်နင်းလိုက် လိမ့်မယ် ဒီလိုဆိုရင်လည်း ဒါကလေးက ပြုတ်ကျသွားနိုင်တာပဲ ပြုတ်ကျသွားရင် ဒီနေရာတွင် ပျက်စီးသေပဲ (မှန်ပါ့)။
            ဒကာ ဒကာမတို့ မသာပို့မပါပဲနဲ့ ၀မ်းထဲမှာ သေရတဲ့ဘ၀ပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါဘူး)။
            အဲဒါကြောင့် ထပ်ပြန်တလဲလဲ ပြောဆိုနေတယ်လို့ ဒကာ ဒကာမတွေက မအောက်မေ့ပါနဲ့ ရခဲတာသေချာပလား (သေချာပါပြီ) ရခဲတာသေချာပြီနော် (သေချာပါပြီ) သူငယ်နာဆိုတာ အပြင်ဘက်ရောက်ပြီး လူလားမြောက်ပြီးမှ ပေါ်တာပါ။ အခုဟာက သူငယ်နာမဟုတ်သေးပါဘူး သူငယ်ကို မဖြစ်သေးလို့ သူငယ်နာဆိုစရာ ပါလား (မပါသေးပါဘူး) ရှင်းပလား (ရှင်းပါပြီ)။
            အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါလောက် မသေချာတော့ သြော် အလွယ်ပါပဲ ထင်ပြီး သကာလ သားရေး၊ သမီးရေးနဲ့ ခန္ဓာကြီးကို အလွဲသုံးစား လုပ်လိုက်ပြီဆိုရင်ဖြင့် လူဘ၀ နောက်ရဖို့ ခဲယဉ်းသွားပြီ (မှန်ပါ့) ကုသိုလ်မပါဘဲ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ချည်းဆိုရင် မြှုပ်ဖို့ရာက များနေတာကိုး (မှန်ပါ့) ကိုယ်ပြုထားတဲ့ ဒါနကလေးလောက်နဲ့လည်း သားရေး၊ သမီးရး၊ စီးပွားရေး၊ နစ်မွမ်းနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဒုစရိုက်တွေနဲ့လည်း နှိုင်းချိန်လို့ မရလောက်အောင်ပဲ (မှန်ပါ့) ချိန်ခွင်ထဲ ထည့်ချိန်ကြည့်ရင် ဟိုဘက် ဇောက်ထိုးပါပဲ။
            လှူဒါန်းပေးကမ်းတာကလေး သာမညကုသိုလ်က ဒကာ ဒကာမတို့ နည်းနည်းကလေး လုပ်ခဲ့တယ်။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ လောဘ၊ ဒေါသ၊ မောဟတွေက ချိန်ခွင်ထဲ ထည့်ချိန်ရင် ဇောက်ထိုးကြီး ဖြစ်နေတယ် (မှန်ပါ့) ချိန်ခွင်လျှာက အောက်ပြနေမယ်။
            အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွယ်လွယ်နဲ့ ရလာတယ်လို့ ထင်ကြလို့ရှိရင်ဖြင့် ဂျွမ်းသမားလို့ ဖြစ်နေကြလိမ့်မယ် (မှန်ပါ့) ဂျွမ်းသမားတစ်ယောက် ငွေကလေးရပြီဆိုမှဖြင့် ရှူးဖိနပ်တွေဝယ်လိုက် ဆိုင်ကယ်ဝယ်လိုက်နဲ့၊ လွယ်လွယ်နဲ့ ရတာလည်း မဟုတ်ဘူး သူဟာက ဖြုန်းတော့ လွယ်လိုက်တာ (မှန်ပါ့)။
            ဒီမှာလည်း ဖြုန်းတော့ လွယ်လိုက်တဲ့ အထဲမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပါသွားမှာစိုးလို့ (မှန်ပါ့) လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ပါဘူး။ ရှင်းပလား (ရှင်းပါပြီဘုရား)။
မာကြောကလေး
            ပြီးတော့မှ အဲဒီ ၂၂- ရက်လောက်ကြာတဲ့အခါ ကျတော့မှ ခုနင်က သွေးခဲကလေးက မာလာတဲ့ အခဲကလေးဖြစ်လာတယ်။ မာကြောကလေး ဖြစ်လာတယ်။ မာကြောကလေး ဆိုတာလည်း ကျုပ်တို့ အခု နောက်နိုင်ငံများကလာတဲ့ ဆီးဆေးအပျော့ကလေးတွေလောက် နေမှာပေါ့ဗျာ (မှန်ပါ့) ဒါကလေးကလည်း ခိုင်ခံ့တည်တံ့ဖို့ အတော်ခဲယဉ်းပါတယ် (မှန်ပါ့) ပျက်စီးဖို့နဲ့ မပျက်စီးဖို့ စဉ်းစားစမ်း (ပျက်စီးဖို့က များပါတယ်)။
            ဒီလိုအဖြစ်ကနေပြီး လူလားမြောက်ပြီး အမိ၏ ၀မ်းထဲက အပြင်ဘက် ထွက်နိုင်တာများ သာမညကံနဲ့ဖြင့် ဒကာ ဒကာမတို့ အပြင်ဘက် မရောက်ပေဘူး (မှန်ပါ့) ရောက်နိုင်ကြပါ့မလား (မရောက်နိုင်ပါဘူး)။
            အဲဒါကြောင့် ခန္ဓာကိုယ်ကြီးကို ဆရာဘုန်းကြီးက ဘယ်လိုမှာပါလိမ့်မတုံးလို့ မေးတော့ အလွဲသုံးစား မလုပ်လိုက်ပါနဲ့ (မှန်ပါ့) အရခက်လွန်းလို့ပါ မှာထိုက်၊ မမှာထိုက် (မှာထိုက်ပါတယ်ဘုရား) အလွဲသုံးစားဖြင့် မလုပ်လိုက်ကြပါနဲ့ ဆိုတာ ဒီနေ့တရားမှာ သေသေချာချာ ပြောပါတယ်။
            ဒါဖြင့် ခုနစ်လေးလီ ရှိသွားပြီနော် (မှန်ပါ့) ၂၈ ရက်ရှိသွားပြီ ၂၈ ရက်နဲ့လည်း လူရုပ်လူပုံပေါ်ပါ့မလား (မပေါ်သေးပါဘူးဘုရား)။
            ကြပ်ကြပ်စဉ်းစားကြ ဒကာ ဒကာမတွေ ဒီအလွဲသုံးစားကြီးဟာနော် မင်းတယ်မိုက်ပါကလား။ ဆရာဘုန်းကြီးက အခု ဣန္ဒက ဘီလူးကို ဘုရားက ဟောသည့်အတိုင်း ဆုံးမနေပြီ မင်းတို့က သားရေးသမီးရေး စီးပွားရေးနဲ့ အချိန်ကုန်ပြီးသကာလ မရစဖူး အရထူးတာကြီးကို မင်းတို့ဖြုန်းပစ်ကြ တော့မှာလားလို့ ကိုယ့်ကိုယ်ကို မေးလိုက်စမ်းပါ (မှန်ပါ့) သူများမေးရမှာလည်း ကိုယ့်ကိုယ်ကို မေးရမှာလား (ကိုယ့်ကိုယ်ကို မေးရမှာပါဘုရား)။
            စဉ်းစားကြပါ စဉ်းစားကြပါ။ ဒကာ ဒကာမတို့ အင်မတန် အရေးကြီးတဲ့ အသုံးအနှုန်း အင်မတန် မှန်ကန်တဲ့ သစ္စာတရားကို ဟောနေပါတယ် (မှန်ပါ့)။
အဖုငါးခုထွက်လာတယ်
            ကိုင်း ဒါဖြင့် ခုနစ်ရက်လေးလီ ရှိသွားပြီနော် (မှန်ပါ့) အဲဒီနောက် ၂၉ ရက်မြောက် ကစပြီးတော့မှ ခုနင်က လေးထောင့် မာကြောကလေးက အဖုကလေးငါးခု ထွက်လာတယ် မောင်နိုင် (မှန်ပါ့) အဖုကလေးငါးခု ထွက်လာရုံ ခြေလက်ထိအောင် ထင်ရှားသေးတာ မဟုတ်သေးဘူးနော် (မှန်ပ့ါ)။
            အဖုကလေး ငါးခု ရွှံ့ ကို အရုပ်ကလေးလုပ်သလို ဒကာ ဒကာမတို့ အဖုကလေးငါးခု ထွက်လာတယ် ခေါင်းနေရာကလေးက တစ်ဖု၊ လက်ဖြစ်မည့်နေရာတွေက နှစ်ဖု၊ ခြေဖြစ်မည့်နေရာတွေက နှစ်ဖု။ လိပ်ကလေးသဏ္ဍာန်ဖြစ်လာတယ်။ ခက်မငါးဖြာခေါ်တယ်။ အဲဒါက ခုနစ်ရက်နေရဦးမယ် (မှန်ပါ့)။
            ဒါဘယ်လောက်ကြီးသလဲလို့မေးရင် ဒကာ ဒကာမတို့ ခုနင်ကပြောခဲ့တဲ့ သွေးကဖြစ်ရတာ၊ သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူးဘုရား)။ အဲဒါကလည်း ခုနစ်ရက်နေရဦးမယ် (မှန်ပါ့) ဒီအတွင်းမှာ သေတဲ့လူအပေါင်းလည်း မရေတွက်နိုင်ဘူး (မှန်ပါ့)။
            ကိုင်း - ဒကာ ဒကာမတို့ လွယ်ပါ့မလား (မလွယ်ပါဘူး) တယ်လဲ ခဲယဉ်းပါကလား (ခဲယဉ်းပါတယ်) နောက်အစားပြန်ရဖို့ကော (ခဲယဉ်းပါတယ်ဘုရား)။ မရနိုင်ဘူး တော်တော်နဲ့ကို ရဖို့မလွယ်ဘူး ဒကာ ဒကာမတို့။
            ဒါကြောင့် အချိန်မီကလေး ဂရုစိုက်လိုက်ကြစမ်းပါ ဆိုတဲ့ ဥစ္စာကိုဖြင့် ကရုဏာနဲ့ အင်မတန်ကြီးကျယ်တဲ့ ဘုရား၏ ဒေသနာတော်ကို ဘုန်းကြီးများက ယူပြီးသကာလ သြော် ဒို့ဒကာ ဒကာမတွေ အသိက နည်းသေးတယ် ကိုယ့်ဟာကိုယ် အလွဲသုံးစား လုပ်နေတာကို မသိသေးဘူး (မှန်ပါ့)။
အလွဲသုံးစားလုပ်နေကြတယ်
            ရလာတဲ့ပစ္စည်းက ခဲခဲယဉ်းယဉ်းသုံးနေတာက အလွဲသုံးစားဖောဖောသီသီလုပ်ပြီး အလဟဿ သုံးနေတယ်ဆိုတာကို အင်မတန်မျ အမြင်ကျယ်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ဟောနေလို့ ဒကာ ဒကာမတွေက လေးလေးစားစားနဲ့ နားထောင်ပြီး သြော် ဒီလိုနေလို့ မတော်ပါကလား ဆိုပြီး ချက်ချင်းပြင်ကြရမယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီဘုရား) ဒီလိုနေလို့တော့ မတော်ဘူးဆိုတဲ့ ဥစ္စာသိပြီး ချက်ချင်းပြင်ဆင်မှ (မှန်ပါ့)။
            လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်းထိဖို့ရာ ရှိသေးတယ်၊ လူ့ဘ၀ မရနိုင်ဘူးဆိုတာ ထားလိုက်စမ်းပါ အခုဒီကဖြစ်ခဲ့တဲ့ဥစ္စာ ဒကာ ဒကာမတို့၏ အဲဒီ အပ်တစ်စင်း ခဲယဉ်းတာဟာ ဒီလိုဖြစ်ခဲ့ရတာ တွေကြောင့် ခဲယဉ်းတယ်ဆိုတာ အကြောင်းရင်းကို သဘောပေါက်အောင် ဆရာဘုန်းကြီးက ပြတာ၊ သဘောကျပလား (ကျပါပြီဘုရား)။
လူ့ဘ၀ရဖို့ခဲယဉ်းတယ်
            အခုဟာ ဘာပါလိမ့်ဗျာ (အကြောင်းရင်းပြတာပါ) အကြောင်းရင်းကို ဣန္ဒက ဘီလူးကို ဘုရားကဟောလို့ ဘုန်းကြီးတစ်ဆင့် ဟောတာပါ (မှန်ပါ့) လူ့ဘ၀ရဖို့ ခဲယဉ်းတယ်ဆိုတာကို အစကစပြီး ပြပြီ၊ မောင်နိုင် လွယ်ကူပါ့မလား (မလွယ်ကူပါဘူးဘုရား)
            ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။
            အဗ္ဗုဒါဇာယတေပေသိ၊ ပေသိနိဗ္ဗတ္တဃနော။
            ပြီးတော့မှ သုံဆဲ့နှစ်ကောဋ္ဌာသ ဆိုတဲ့ ဟာတွေ ရင့်ကျက်တာခုနစ်ရက်နဲ့ လုပ်လိုက်တော့မှ ဆံပင်ကလေးတွေ ခေါင်းမှပေါက်နေတာ ခြေသည်းလက်သည်းကလေးတွေ ထွက်နေတာ ခုနစ်ရက်တဲ့ (မှန်ပါ့) အားလုံးပေါင်းလိုက်မယ်ဆိုရင် ခုနစ်လေးဆယ့်နှစ်လီ (၇x၄၂) ရက် ၄၂ သတ္တာဟ ကျမှ မွေးဖွားနိုင်တယ် (မှန်ပါ့) ၉လခွဲနဲ့ သွားကိုက်တာပါပဲ တစ်ချို့  ၁၀ လသွားကိုက်တယ် (မှန်ပါ့)။
မိခင်ကျောဘက်မျက်နှာမူ
            ကဲ ဒါလေးက ဘယ်လိုနေရသတုန်းဆိုတော့ အထည်ကလေးကြီးလာတော့ အမိကျောက်ဘက်မှာ မျက်နှာမူပြီးခေါင်းပေါ်မှာ လက်နှစ်ခုယှက်ပြီး အုပ်ထားရတယ် ကျောဘက်လည်း မျက်နှာမူရသေးတယ်၊ ထိုင်လည်းနေရသေးတယ် ဆိုတော့ ဗိုက်ထဲမှာ ဒကာ ဒကာမတို့ ထိုင်ရတာကလည်း ဘယ်လောက်တုန်း မေးတော့ ၉လခွဲ ၁၀ လ(မှန်ပါ့)။
            စဉ်းစားကြည့်ပါခင်ဗျားတို့ အခုတစ်နာရီ တရားနာတာတောင် ဟိုဘက်ဒီဘက် ပြောင်းကြရသေးတယ်နော် ဟိုမှာ ပြောင်းနိုင်တာ မဟုတ်ဘူး (မှန်ပါ့) အဲဒီတော့ သူ့ဝေဒနာနဲ့သူ သေနိုင်၊ မသေနိုင် ….. (သေနိုင်ပါတယ် ဘုရား)။
            သေရင် အဲဒီမှာ သားလျှောတယ် ဖြစ်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ) ကိုင်း လွယ်ကူပါ့မလား (မလွယ်ကူပါဘူး) ဒီနေရာကို ရောက်ကော ရောက်ချင်စရာကော ရှိပါ့မလား (မရှိပါဘူး) ဒီမှာလူဖြစ်ဖို့ ခဲယဉ်း။ ခဲယဉ်းတဲ့အထဲက ရောက်ချင်စရာကော ရှိပါရဲ့ လား (မရှိပါဘူး)။
ကမ္မဇလေကမှုတ်လိုက်တယ်
            ဒီတွင်မှ ၉လခွဲရှိတဲ့အခါကျတော့မှ ကံကြောင့်ဖြစ်တဲ့ ကမ္မဇလေကနေပြီး အမိကျောဘက် မျက်နှာမူပြီး ထိုင်နေတယ် ….. ထိုင်နေတာမှာလည်း မိုးစိုစို၊ မျောက်သစ်ငုတ်ပေါ်မှာ ထိုင်သလို ထိုင်နေတာ (မှန်ပါ့) အဲဒီတွင် အောက်နေပြီး သကာလ လေကနေမှုတ်လိုက်တာ ကမ္မဇလေဆိုတာ ရှိတယ်နော် (မှန်ပါ့) ကံကြောင့်ဖြစ်တဲ့ ကမ္မဇလေကနေပြီး မှုတ်လိုက်တော့ တစ်ခါတည်းဂျွမ်းပြန်ပြီး အမိဝမ်းခေါင်းထဲ မှာလဲသွားတယ် အထက်အာက်လှည့်တယ်ခေါ်မှာပေါ့ (မှန်ပါ့)။
            အဲဒါကြောင့် အမေ၀မ်းနာတယ် ဖြစ်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
            ဘုန်းကြီးက နားလည်တာမဟုတ်ဘူး၊ စာထဲကလာတာကို ပြောနေတာလို့ မှတ်ကြနော် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ) ဘုန်းကြီးက ခရေစေ့တွင်းကျ သိနေတယ်လို့ ခင်ဗျားတို့က ထင်နေမှာလည်း စိုးရိမ်ရသေးတယ်။ စာမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာကို သိနေလို့ ပြောရခြင်းဖြစ်ပါတယ်။
ခေါင်းက အောက်စိုက်သွားတယ်
            ခေါင်းအောက်စိုက်လို့ အပြင်ဘက်ထွက်တော့မလားလို့ မေးတဲ့အခါကျတော့ မထွက်နိုင်သေးဘူး၊ ခေါင်းအောက်စိုက်ရုံ အတော်ကြာနေတယ် .(မှန်ပါ့)။
            ဒီအချိန်မှာ ၀မ်းထဲရှိတဲ့ကလေးဟာ အသက်လည်း မရှူရတော့မောင်နိုင် ၀ဋ်ကောင်မို့၊ အသက်ရှည်နေတာ (မှန်ပါ့) အသက်ရှူရင်အမေ့ဗိုက်ဘယ်မှာ ခံနိုင်လိမ့်မလဲ (မှန်ပါ့) ဒီထက်ကြီးပြီးသကာလ အမေ့ဗိုက်ကို လန့်ကွဲသွားဖွယ်ရာပဲ။ သူ့လေကလေးက ပြင်ဘက်ထွက်မှာမှ မဟုတ်ဘဲ (မှန်ပါ့)။
            အသက်လည်း မရှူရဘူး၊ အစာလည်း ကျွေးမည့်သူမရှိဘူး၊ အ၀တ်လည်း မကပ်ဘူး၊ နဂိုထိုင်ခဲ့တဲ့ နေရာအောက်က ကျင်ကြီး၊ အပေါ်က အမေစားတဲ့ အစာသစ်အိမ်၊ ခေါင်းနဲ့ရွက်ထားရတယ်၊ ဘယ်နေရာက သန့်ရှင်းသတုန်း မေးတော့ (ဘယ်နေရာမှ မသန့်ရှင်းပါဘူး)။
            အပြင်ဘက်မှ ခင်ဗျားတို့ ကြွားလုံးထုတ်ပြီး ကျုပ်ကဘာဖြစ်ဖြစ်၊ အနေအထိုင် အစားအသောက်မှ စ၍ သန့်သန့်ရှင်းရှင်းမှ ကြိုက်တယ်တဲ့ အဲဒါကြွားလုံးထုတ်နေတာပါတဲ့၊ ကိုယ်နေခဲ့တဲ့နေရာကဖြင့် ဒကာ ဒကာမတို့ အရုပ်ဆိုး အကျည်းတန်တာမှ တန်းကုန်နေပြီ၊ ၀ဋ်ကောင်မို့ ဒီနေရာ ရလာကြတာ (မှန်ပါ့) ဒါကြောင့် မြတ်စွာဘုရားက ဇာတိပိ၊ ဒုက္ခာလို့ ဘုရားရှင်တိုင်း ဟောတော်မူတယ်လို့၊ မှတ်လိုက်စမ်းပါ။ (မှန်ပါ့) အမိဝမ်းခေါင်းထဲ နေရတဲ့ ဇာတိဟူသ၍ ဟာဖြင့် ဒုက္ခချည်းပဲ၊ သုခလို့ တစ်ခါမျှ မဟောဘူး (မှန်ပါ့)။
မင်းတို့ဘ၀ကို ဇာတ်သိမ်းကြစမ်းပါ
            ဒါကြောင့် မင်းတို့ဘ၀ကို ရွံကြစမ်းပါ မုန်းကြစမ်းပါ၊ ဘ၀ကိုဇာတ်သိမ်းကြစမ်းပါ၊ သစ္စာသိအောင် လုပ်လိုက်ကြစမ်းပါ၊ သစ္စာသိရင် ဇာတ်သိမ်းပါတယ်လို့ ဘုရားက အတန်တန်ဟောပါတယ် (မှန်ပါ့)။
            ကဲ … ဒကာ ဒကာမတို့ ကိုယ့်ပင်ရင်း ကိုယ်သိကြပလား (သိပါပြီ) မပျော်ပါနဲ့တော့ ဇာတ်သာသိမ်းကြပါတော့နော် (မှန်ပါ့) အမြဲတမ်းချမ်းသာတဲ့ နိဗ္ဗာန်ကိုသာ နေပါတော့မယ်ဆိုပြီး၊ နိဗ္ဗာန်ရောက်ကြောင်းကိုသာ လုပ်ကြပါ။ ဘာမှ နောက်ဆံတင်းပြီးတော့ မနေဘဲနဲ့ ပြင်းပြင်းထန်ထန်သာ ကြိုးစားပါဆိုတာ၊ ယနေ့ည အထူးတိုက်တွန်းပါတယ် (မှန်ပ့ါဘုရား) ကိုယ့်ဖြစ်စဉ်ဆိုးလွန်းလို့။ (မှန်ပါ့)။
            အခု ခေါင်းအောက်စိုက်နေတုန်းရှိသေးတယ်၊ ဒကာ ဒကာမတို့ အပြင်ဘက်ရောက်ပလား ….. (မရောက်သေးပါဘူးဘုရား) ကလေးစိတ်ထဲမှာ အောက်မေ့တယ်၊ ငါနောက်ဘ၀နေခဲ့ရတဲ့ဆင်းရဲတွေဟာ အင်မတန်ကြီးကျယ်ပါတယ်၊ ဒီတစ်ခါ ဒီလိုဆင်းရဲဖြင့်၊ အသူတစ်ရာနက်တဲ့ ချောက်ထဲကိုဖြင့် အကျကြီးကျပြီး သေပွဲတော့ လှလှကြီးဝင်တော့မှာဘဲလို့ အောက်မေ့လိမ့်မယ်၊ (မှန်ပါ့)။
            ခေါင်းအောက်စိုက်တယ် လေကနေပြီ၊ လှည့်ပစ်လိုက်တာကိုး (မှန်ပါ့) နဂိုက ဆောင့်ကြောင့် ထိုင်နေတာ (မှန်ပါ့) ဆောင့်ကြောင့်ထိုင်နေတာကို ကမ္မဇလေကအောက်နေပြီး၊ တင်ပါးကနေ မြှောက်လိုက်တဲ့အခါကျတော့ ခေါင်းက အောက်စိုက်တယ်၊ (မှန်ပါ့) ဒါကြောင့် ဒကာ ဒကာမတို့ ခြေကဖွားတာရှားတယ်ဆိုတာ သဘောကျပလား (ကျပါပြီဘုရား)။
ခြေကဖွားဆိုတာ အင်မတန်ရှားပါတယ် ဒကာ ဒကာမတို့ ခေါင်းက အောက်စိုက်ရတာကိုး၊ စိုက်လိုက်တော့ အမိ၏ဖွားရာဌာနကို ရောက်ပလားလို့ မေးတော့၊ မရောက်နိုင်သေးပါဘူး၊ (မှန်ပါ့) ဒုက္ခခံနေရတာပဲ အဲဒီမှာ ကလေးစိတ်ထဲက အသူတစ်ရာနက်တဲ့၊ ချောက်ထဲကို အရင်ဒုက္ခတွေထက် အဆပေါင်း၊ ထောင်ပေါင်းများစွာ ဒုက္ခထဲ ငါလှလှကြီးရောက်တော့မှာပဲ ဆိုတာ တစ်ခါတည်း ထိပ်လန့်သွားတယ် (မှန်ပါ့)။
            ကဲ ဒကာ ဒကာမတို့ တစ်ခါထပ်ပြီး နေချင်သေးသလား၊ ဒီနေရာကို (မနေချင်ပါဘူးဘုရား) နေချင်စရာကော ရှိပါရဲ့လား (မရှိပါဘူး)။
ယုံယုံကြည်ကြည်နဲ့ မှတ်လိုက်စမ်းပါ
            အဲဒါ ဒကာ ဒကာမတို့ လုပ်ဆောင်ပြောနေတဲ့ တရားမဟုတ်ပါဘူး၊ ဣန္ဒက ဘီလူးကို ဘုရားက ဟောလို့ ပြောရတဲ့တရားလည်းဖြစ် အမှန်သိမြင်တော်မူတဲ့ ကိုယ်တော်မြတ်ကြီးက နှုတ်ဖွင့်၍ ဟောတာ ဖြစ်နေသောကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။
            ကဲ အရင်ဒုက္ခတွေကြီးလှပလား အောက်မေ့တယ်၊    ဂျွမ်းစိုက်ပြီးသကာလ၊ အပေါ်က လေကလည်း အတင်းမှုတ်ထုတ်နေတယ်၊ ကိုယ်ကလည်း ဒီအထဲမှာ ခေါင်းနဲ့တိုးနေရတာ၊ မောင်နိုင် (မှန်ပါ့) အမိဝမ်းခေါင်းထဲမှာ ဖွားရာဌာနရောက်အောင် ခေါင်းနဲ့တိုးနေရတာ လေကလည်း နောက်ကနေ မှုတ်နေတာ၊ ဘယ်နှယ်မှ မတတ်နိုင်ဘူး။
            ကိုယ်ကလည်း ဒီလေကို မတတ်နိုင်တော့၊ လေကလည်း မှုတ်ကိုယ်ကလည်း ခေါင်းနဲ့တိုး၊ တိုးရတာကလည်း ကျဉ်းမြောင်းတဲ့ နေရာဌာနဖြစ်တယ်၊ ဘယ်လောက်များများ ဆိုးသတုံး (ဆိုးပါတယ်ဘုရား)။
            ဒီထဲမှာ ဒကာ ဒကာမတို့ ဒီတရားမျိုးနာရတော့၊ ဒါဟာ သစ္စာဟောချင်လို့ ဒါလောက်စလာတာပါ၊ ဒကာ ဒကာမတို့ ပေါ့နေမှာစိုးလို့နော်၊ (မှန်ပါ့) ပေါ့နေမှာစိုးလို့ တကယ့်ကရုဏာကြီးနဲ့ ပြောနေတယ် ဆိုတာကိုလည်း သေသေချာချာမှတ်ပါ။ (မှန်ပါ့)။
            ကိုင်း - ဒါနဲ့မောင်နိုင် - ဥပမာပြကြဦးစို့ဆိုတော့ ဒီတိုက်ထဲမှာ ကြွက်ဝင်စရာ အပေါက်ကလည်း မရှိတော့၊ ကြွက်ထွက်ရအောင်ဆိုပြီး ဘုန်းကြီးများကဖြစ်စေ၊ ပန်းရံများကဖြစ်စေ၊ တစ်လက်မလောက် အပေါက်ကလေးဖောက်ထားတယ်။
            ဖောက်ထားပေမယ့် ကြွက်ကောင်ကကြီးတော့၊ နှစ်လက်မလောက် ကြွက်ကိုယ်လုံးရှိမယ်ဆိုရင် ဘယ်မှလည်း ပြေးစရာမရှိဘူး၊ နောက်ကလည်း ကြိမ်နဲ့ ရိုက်နေတယ်ဆိုရင် ဒီအပေါက်တိုးရတော့မယ် (မှန်ပါ့)။
            တိုးရလို့ရှိရင်၊ တစ်လက်မပေါက်ရှိတာကို နှစ်လက်မ ကိုယ်လုံးရှိတဲ့ကြွက်က၊ တိုးရလို့ရှိရင် ဟိုဘက်အရေတွေတော့ မပါနိုင်တော့ဘူးစိတ်ချ။ (မှန်ပါ့) သွေးရဲရဲ၊ သံရဲရဲဖြစ်ရမယ် (မှန်ပါ့) နောက်ကလည်း ရိုက်လျက်ကိုး၊ ရှေ့ကိုလည်း မရမက တိုးရတော့မယ်ဆိုတော့ အရေကျန်ရစ်ပါဦးမလား (မကျန်ရစ်ပါဘူး) တစ်ခါတည်း သူ့အရေက တိုက်တည်းမှာ နေရစ်တော့မှာပဲ (မှန်ပါ့) ဟိုဘက်က သွေးရဲရဲ၊ သံရဲရဲ အကောင်သာ ရှင်ထွက်ရင် ဒါပဲထွက်မယ် (မှန်ပါ့)။
ပြုံးချိန်မဟုတ်သေးဘူး
            ဒီမှာလည်း ကျုပ်တို့ အမိဖွားရာဌာနက ဒီလိုနေပြီး ဒီလိုပြင်ဘက်ထွက်ခဲ့ရတယ်၊ (မှန်ပါ့) လွယ်ပါ့မလား(မလွယ်ပါဘူးဘုရား)။
            အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မိဘညီအစ်ကိုမောင်နှမ မတော်ဘူးသူ မည်သည်မရှိနိုင် သလောက်ရှိတော့ ဒကာ ဒကာမတို့ မပြုံးနဲ့ဦးနော် ပြုံးချိန်မဟုတ်သေးဘူး၊ သတိပေးထိုက် မပေးထိုက် (ပေးထိုက်ပါတယ်ဘုရား) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
            အဲဒီအချိန်မှာ တစ်ခါတည်း သားကောင်ကကြီး။ ထွက်ရာအပေါက်က ကျဉ်းမြောင်းနေတဲ့အခါမှာ လေက နောက်ကနေပြီး အတင်းတွန်းထုတ်တာပဲ။ ငါတော့ဖြင့် ဒီတစ်ခါတော့ဖြင့် အသားတွေ အရေတွေ ဘာမှမပါပဲနဲ့ အတင်းတွန်းထုတ်တာနဲ့ ပြင်ဘက်အသက်ပါမယ် မထင်ဘူးလို့ ကလေးက တစ်ခါတည်းတက်သွားတတ်တယ်၊ (မှန်ပါ့) ကျုပ်တို့ဖြစ်လာခဲ့ရတာ ရိပ်မိပလား (ရိပ်မိပါပြီ) လွယ်လွယ်ကူကူနဲ့လား၊ စဉ်းစားကြစမ်းပါဦး - (ခဲခဲယဉ်းယဉ်းပါဘုရား)။
            နဂိုနေခဲ့ရတဲ့၊ ခုနစ်လ ကိုးလ၊ ဆယ်လ ဆိုတာကလည်း မသက်သာဘူး။ နောက်ဆုံး မွေးခါနီးကျတော့လည်း မသက်သာဘူး ဇောက်ထိုးနေရတာကော (မသက်သာပါဘူး) မွေးဖွားရာ အပေါက်ကို တိုးရတာကော (မသက်သာပါဘူး) သြော် ခက်လိုက်တဲ့ဖြစ်ခြင်း၊ သက်သာတာကလေး ထည့်ပြစမ်းပါဦးဆိုတော့ ပါကိုမပါလို့၊ မထည့်နိုင်ဘူး (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီဘုရား)။
            ကိုင်း ဒါနဲ့ အပြင်ဘက်ရောက်ဖို့က အရေးကလည်း ခုနင်က ကြွက်ထွက်သလို ထွက်ခဲ့ရတဲ့ အခါကျတော့ ပြင်ဘက်ကျတော့ တက်နေတတ်တယ်၊ အသံကို မထွက်ဘူး တစ်ချို့ ကလေးတွေမှာ (မှန်ပါ့)။
            ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုခရယ်လို့ ဒီကြားထဲမှာ ပါခဲ့ကြရဲ့ လား (မပါ ပါဘူး) အဲဒါ ဘယ်နှစ်လရှိပြီတုံးလို့ မေးတော့ ၉ လခွဲ ၁၀ လထဲ ရောက်ပါပြီ (မှန်ပါ့)။
ဒုက္ခိတကလေး
            ကိုင်း ပြင်ဘက်ကျတော့ ဆရာဝန်၊ ဆရာမတွေနဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်မှာ ဒါကလေး နီတွတ်ကလေးကို ဒကာ ဒကာမတို့ အ၀တ်ကလေး ဘာကလေးနဲ့ ထုပ်ပြီးသကာလ ထားပြန်တော့၊ ဘာများသိသတုံးလို့ မေးတော့ ဘယ့်နှယ့်ဖြေမတုံး (ဘာမှမသိဘူး)။
            ဆာတာနို့၊ ပေးတာကတခြားနဲ့ …. မျိုဟဲ့ သိပ်ဟဲ့။ ခြင်ကိုက်လို့လည်း မမောင်းနိုင် ခြေလက်ပါ ပါလျက် ဒုက္ခိတိကလေးဘာများ စွမ်းနိုင်ရည် ရှိသတုံး (ဘာမှမရှိပါဘုရား)။
            ကိုစံလှ ဒီအဖြစ်မျိုး ခင်ဗျားတို့ ကိုယ်တိုင်လည်း မြင်ဖူးပါပြီ (မှန်ပါ့) နောက်လည်းဖြစ်ချင် မဖြစ်ချင် (မဖြစ်ချင်ပါဘူး ဘုရား) မဖြစ်ချင်လို့ရှိရင်ဖြင့် မဖြစ်ချင်တဲ့လမ်းကို လိုက်ကြပါဆိုတာ သတိပေးပါတယ် (မှန်ပါ့)။
            ကိုင်း …. ဒီကနေပြီး သကာလ သွားလိုက်တာ ဒကာ ဒကာမတို့ လေးဘက်သွားသည်အထိ ဘာမှမသိတဲ့ သူပေး လူပေးနဲ့ ကြီးထွားလာခဲ့ရတဲ့ ကလေးမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သူထူ ငါထူမှ ထနိုင်တဲ့ဘ၀ တကယ့်ဒုက္ခိတကလေးပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)။
            ဒါဖြင့် …. ဟိုဘက်က ၉လခွဲ ၁၀လ ဆင်းရဲတဲ့အထဲမှာ မသေလို့ အပြင်ဘက်ရောက်လာပြန်တော့ လည်း ဒုက္ခိတကလေးနဲ့ အသက်ရှင်နေရတယ် (မှန်ပါ့) သူပေး၊ လူပေးမှ စားနိုင်တယ်၊ သူထူငါထူမှ ကြွနိုင်တယ်၊ ကိုယ်ကတော့ ငိုတတ်တာတစ်ခုပဲရှိတယ် (မှန်ပါ့) ဘာတောင်းတတ်သတုံး (ဘာမှမတောင်းတတ်ပါဘူး) ဒကာ ဒကာမတို့ ဒီဘ၀မျိုးကို ကြုံချင်ဆုံချင်ပါရဲ့ လား ( မကြုံချင် မဆုံချင်ပါ ဘုရား)။
            ကိုင်း ဒါဖြင့် …. ဘယ်ဘ၀ရရ၊ နတ်ကလွဲလို့ ဗြဟ္မာကလွဲလို့၊ ဘွားခနဲ မပေါ်ရတဲ့ ဘ၀ဟူသ၍ဖြင့် ဂဗ္ဘသေယျက ပဋိသန္ဓေနေရတဲ့ ဘ၀ဟူသ၍ဖြင့် ဒီအတိုင်းချည်း၊ လာကြမှာပဲ (မှန်ပါ့)။
            ဒီအထဲမှာပဲ၊ ဒါကလေးက ပြင်ဘက်ရောက်လာလို့ ငါဖြင့် တော်တော်ဟန်ကျပြီး အောက်မေ့တယ်၊ ဒကာ ဒကာမတို့ ၀မ်းတွင်းထဲကထက် သေခါနီးလာပြီ (မှန်ပါ့) ၀မ်းတွင်းမှာနေတာထက် သေခါမနီးသေးဘူးလား (နီးပါတယ်ဘုရား) သက်သာခွင့်များ ပါကြရဲ့ လား (မပါ ပါဘူး)။
            အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဇာတိကပြီးဇရာ၊ ဇရာကပြီး၊ မရဏသွားဆိုက်ပြန်တော့ မရဏလည်း ပြီးပါရော၊ ခုနင်က ကလလ ရေကြည်ဘက် ပြန်လှည့်တယ် (မှန်ပါ့) အပါယ်ငရဲမသွားရင် အဲဒီဘက် ပြန်လှည့်တယ် (မှန်ပါ့)။
            ဒါဖြင့် ကျုပ်တို့မှာ သုခစက်လည်သလား၊ ဒုက္ခစက်လည်သလားဆိုတာ၊ ယနေ့အကဲခတ်ပါ (ဒုက္ခစက်လည်ပါတယ် ဘုရား) သဘောပါကြပလား (ပါ ပါပြီဘုရား)။
            ဒကာ ဒကာမတို့ လူ့စည်းစိမ် အကြိမ်ကြိမ် ခံစားရပါလို၏ ဆိုရင် ဒီဟာတွေရတော့မှာပဲ (မှန်ပါ့) လူ့စည်းစိမ်အကြိမ်ကြိမ် ခံစားရပါလို၏ဆိုရင် ဒီဒုက္ခတွေ အကုန်ရရပါလို၏ ပေါ့ဗျာ၊ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီနေရာမပြန်ချင်ကြပါနဲ့တော့
            အဲဒါလောက် ခဲခဲယဉ်းယဉ်းနဲ့ အခုကျုပ်တို့ လူ့ဘ၀ရောက်လာပြီ ငါးဆယ်ရှိတဲ့ပုဂ္ဂိုလ် ခြောက်ဆယ်ရှိတဲ့ပုဂ္ဂိုလ်၊ ခုနစ်ဆယ်ရှိတဲ့ပုဂ္ဂိုလ်၊ အစိတ်သုံးဆယ်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ပါကြတော့၊ ဒကာ ဒကာမတို့ အလွဲသုံးစားတော့ မလုပ်လိုက်ပါနဲ့ သစ္စာသိပြီး၊ နိဗ္ဗာန်သာပြေးကြတော့၊ ဒီနေရာ မပြန်ချင်ကြပါနဲ့တော့ (မှန်ပါ့)။
            ဒါ - အပါယ်ဆင်းရဲကို ဘုန်းကြီးမဟောသေးပါဘူး၊ အဲ့ဒီမှာ ဟောထားတဲ့သုတ်၊ ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့ သုတ်ရှိပါသေးတယ်၊ အခုဟာကတော့ လူ့ဘ၀ရခဲပြီး၊ ဒုက္ခပွေလှတဲ့သုတ်ကို ဘုန်းကြီးရှင်းပြ ပါတယ်၊ (မှန်ပါ့) ကဲ --- ဒီနေရာများ ပြန်ချင်ကြသေးလား … (မပြန်ချင်ပါဘူး ဘုရား)။
            ဒီနေရာမပြန်ချင်လို့ရှိရင် မပြန်တဲ့နည်းကို ဘုန်းကြီး ယနေ့ပေးပါမယ်၊ ဒကာ ဒကာမတို့ အလွဲသုံးစား၊ မလုပ်ကောင်းတာတော့ဖြင့် သိသွားပြီ (မှန်ပါ့) သိကြရဲ့ လား၊ (သိသွားပါပြီဘုရား) ကိုယ်ကလွယ်လွယ်နဲ့ ဖြစ်လာတာလား၊ ခဲခဲယဉ်းယဉ်းထဲက အသေတွေကျော်ပြီး အမျိုးမျိုးကျော်ပြီးသကာလ လာခဲ့ရတာလား … (အမျိုးမျိုးကျော်ပြီး လာခဲ့တာပါဘုရား) မလွယ်ဘူးနော် (မှန်ပါ့)။
            လွယ်ကို မလွယ်ဘူး ဒကာ ဒကာမတို့ လူဘ၀ကို ကံက အမိဝမ်းခေါင်းထဲ ပစ်ထည့်လိုက် တာတောင်မှ လူဖြစ်ဖို့ရာ အတော်ခဲယဉ်းတယ် (မှန်ပါ့) ဒီ့ပြင် တိရစ္ဆာန်ဘ၀က၊ လူ့ဘ၀တက်ဖို့ဆိုတာတော့ ဒကာ ဒကာမတို့ မတက်နိုင်လောက်အောင်ပဲ ခဲယဉ်းတယ်ဆိုတာသာ ဆုံးဖြတ်ချက်ချပါတော့၊ (မှန်ပါ့) အပါယ်ငရဲက ဆိုတာတော့ (တော်တော်နဲ့ မတက်နိုင်ပါဘူးဘုရား)။
ငရဲတိရစ္ဆာန်ကို တက်တာများတယ်
            တစ်နေ့ကဘဲဟောခဲ့သေးတယ်၊ အပါယ်ငရဲက တိရစ္ဆာန်လှမ်းတက်ရတယ်၊ တိရစ္ဆာန်ဘ၀မှာ နိုင်ရာစားဖြစ်တော့ အပါယ်ငရဲ ပြန်ကျတယ်၊ (မှန်ပါ့) နှစ်စေ့လို့တက်ပြန်တော့ တိရစ္ဆာန်တက်တာက များတယ်၊ တိရစ္ဆာန်ဘ၀တက်ပြန်တော့ နိုင်ရာစားလုပ်ပြန်တော့ဘာတုံး …. (အပါယ်ငရဲပြန်ကျပါတယ်) ဒီလို ချည်းလှည့်နေတော့ ဒကာ ဒကာမတို့ ယခုရထားတဲ့ ဘ၀ကလေးကိုဖြင့် အဖိုးတန်တဲ့ဘက်ကို အသုံးချလိုက်စမ်းပါ (မှန်ပါ့)။
            တရားတော် အရှည်လိုက်မနေနဲ့၊ အခုရရင် အခုယူနိုင်တဲ့တရားနဲ့ တော်ပြီ။ (မှန်ပါ့)။
            တရားတောင် အရှည်လိုက်မနေနဲ့၊ အခုရရင် အခုယူနိုင်တဲ့ တရားနဲ့တော်ပြီ (မှန်ပါ့)။
            ကျုပ်ဖြင့် ဒါပဲသိမ်းပါတော့မယ်၊ ဒီဇာတ်ဖြင့် အလွဲသုံးစား မလုပ်တော့ပါဘူး သိမ်းပါတော့မယ်။ အရင်က ပြောတာမယုံတော့ပါဘူး။ နင်ကြီးလာပြီ၊ နင်လူလားမြောက်ပြီး နင်လူနဲ့တူအောင် ဘာမှမရှိသေးဘူး၊ ဆိုတဲ့စကားတွေလည်း မယုံပါနဲ့တော့။ သဘောကျပလား (ကျပါပြီ) နင့်မှာ အချိန်အရွယ်ကလေးရောက်လာပြီ၊ အိမ်ထောင်ရေးရာကလေးရှိ မှပေါ့၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာ ရှေးပုံပြင်တွေလည်း ရှိနေတာဘဲ ….. တဲ့။
ဇာတ်သိမ်းတဲ့လမ်းပြောကြပါစို့
            အဲဒါတွေကို ဂရုပြုမနေပါနဲ့တော့၊ ကိုယ်လာခဲ့တဲ့ ဘ၀ကလေးကဖြင့် အဲဒါတွေအားကျစရာ၊ ရှိသေးရဲ့လား (မရှိပါဘူး) ဘာမှ မလိုတော့ဘူးဆိုတာ သဘောပါကြပလား (ပါ ပါပြီဘုရား)။
            ကိုင်း ဒါဖြင့် ဇာတ်သိမ်းတဲ့လမ်းကို ပြောကြပါစို့၊ ဒီဇာတ်ကို သိမ်းတဲ့လမ်းကိုသာလျှင် အရေးတကြီးပြောကြပါစို့၊ ဆိုတာဖြင့် ဒကာ ဒကာမတို့ တစ်ဖွဲ့ လုံးပဲ၊ တာဝန်ယူကြပေတော့နော် …. (မှန်ပါ့)။
            ဒကာ ဒကာမတို့ နိဗ္ဗာန်ကို အခုလို ဇာတိဒုက္ခမရှိတာကို၊ အခုလို ပဋိသန္ဓေ ဒုက္ခတွေ မရှိတာကို ဇရာဒုက္ခလည်း မရှိတာကို ဗျာတိဒုက္ခလည်း မရှိတာကို မရဏဒုက္ခလည်း မရှိတာကို စိုးရိမ်ရတဲ့သောက ဒုက္ခိငိုကျွေးရတဲ့ ပရိဒေ၀ဒုက္ခ၊ ဒါတွေ မရှိတဲ့ဆီသာ၊ တပည့်တော်တို့ ကြိုက်ပါတော့တယ် ဘုရား၊ တော်ပါပေါ့၊ တန်ပါပေါ့ ဆိုတာဖြင့် ဆုံးဖြတ်ချင် ချပါ။ (မှန်ပါ့)။
နိဗ္ဗာန်တစ်ခုသာ ကြိုက်ပါတော့
            ဒါကိုသာ ကြိုက်ပါတော့ ဒီ့ပြင်ဘာမှ မကြိုက်နဲ့တော့ ရှင်းပလား (ရှင်းပါပြီ) နိဗ္ဗာန်တစ်ခုသာ ကြိုက်ပါတော့ဆိုတာကိုဖြင့် သတိပေးပါတယ် (မှန်ပါ့) ဒီ့ပြင်ဟာ ကြိုက်လို့ရှိရင် အလွဲချည်းပဲ ဒီ့ပြင်ဟာ ကြိုက်လို့ရှိရင် ခုနင်က ဘ၀တွေချည်း ပြန်ရမယ် (မှန်ပါ့)။
            ဒါက လူ့အဖြစ်ကို ဟောတာနော် (မှန်ပါ့) ခွေးကျတော့ တစ်လခွဲ၊ နှစ်လ စသည်လောက်နဲ့ မွေးလိမ့်မယ်၊ ဘာဖြစ်လို့တုံးဆိုတော့၊ တိရစ္ဆာန်ဘုံသားအဖြစ် မြန်လေလေ၊ အသေမြန်လေလေပဲ၊ (မှန်ပါ့) ဆင်းရဲတာလည်း ရှည်ပေစေ၊ ဒီအထဲချည့် ပြန်ရောက်အောင်ဆိုပြီး၊ ကံကအမျိုးမျိုး လုပ်ပေးလိုက်တယ်။ (မှန်ပါ့) ရိပ်မိပလား …. (ရိပ်မိပါပြီ)
            ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ အခုပဋိသန္ဓေခဏ်းကိုဟောရသဖြင့် ဒီနေရာပြန်ချင်၊ လှည့်ချင်တဲ့စိတ်လုံးဝ ဖျောက်လိုက်ပါတော့၊ (မှန်ပါ့) ဘာသစ္စာတွေလည်း (ဒုက္ခသစ္စာတွေပါ)။
            ကိုင်း …. သစ္စာသိသွားပြီ၊ ဥာတ အဆင့်နဲ့သိသွားပြီ သြော် ဒုက္ခသစ္စာဆိုတာ၊ အစကတည်းက ဒုက္ခသစ္စာပါကလား …. ကလလ ရေကြည်တည်ကတည်းက ဒုက္ခသစ္စာ (မှန်ပါ့) ဘယ်အချိန် ချမ်းသာခဲ့သတုံး ….(မချမ်းသာခဲ့ပါဘူး) ဒါဖြင့် ဒီလမ်းဒီစခန်းကိုဖြင့် မပြန်တော့ပါဘူးဆိုတာ အခုတရားနာတဲ့ အချိန် ဆုံးဖြတ်ချက်ချလိုက်။ ဒီလမ်း ဒီစခန်းကိုဖြင့် မပြန်ချင်တော့ပါဘူး၊ မလိုချင်တော့ပါဘူး တောင်းပြီးသား ဆုတွေလည်း အကုန်လျှော်ပစ်လိုက်တာပေါ့ (မှန်ပါ့)။
            တောင်းပြီးသားဆုတွေ ဘာလုပ်ရမလဲ၊ (အကုန်လျှော်ပစ်လိုက်ပါ) တော်ပြီတန်ပြီ မသိခင်က မှားထားတာတွေ။ လူ့ဘ၀၊ နတ်ဘ၀၊ လူ့ပြည်၊ နတ်ပြည်၊ အကြိမ်ကြိမ်ခံစားဆိုတာတွေ၊ အပြောကောင်းတာနဲ့ ကျုပ်တို့သည် အရလိုက် မိခဲ့တာတွေ အခုဖြင့် ပဋိသန္ဓေခဏ်း ဟောလိုက်သဖြင့် အပါယ်လေးပါးနဲ့ တိရစ္ဆာန်လှည့်နေတာ မြင်သဖြင့်လည်း သံသရာဝဋ်ဒုက္ခမှာ ငါးပါးမှောက်တဲ့ ဆုကြီးပါလားဆိုတာ သေချာသွားပြီ (မှန်ပါ့)။
            ကိုင်း - ဒါဖြင့် လူမှာရှိသင့်တဲ့ ဥာဏ်ကလေးတော့ ပေါ်ကြပါပြီ၊ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) အရင်တုန်းကတော့ လူမှာရှိတဲ့ဥာဏ်လို့ ဆိုလို့မှမရပဲ - (မှန်ပါ့) သူများပါးစပ် လမ်းဆုံးနေတာသာရှိတာပဲ၊ (မှန်ပါ့)။
ဒီလမ်းနဲ့ ဒီစခန်းမပြန်ချင်ရင်
            ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီလမ်းနဲ့ ဒီစခန်း၊ မပြန်ချင်လို့ရှိရင် နှစ်မျိုးပဲလုပ်ပါတော့ (မှန်ပါ့) နှစ်မျိုးပဲလုပ်ရင် ဒီဝဋ်ကျွတ်သွားလိမ့်မယ်၊ ဒကာ ဒကာမတို့ ဘယ်နှစ်မျိုးလုပ်ရမလဲ၊ (နှစ်မျိုးလုပ်ရပါမယ်) နှစ်မျိုးပဲလုပ်ရင် ဒီဝဋ်ကျွတ်ပါ့မယ်ဆိုတာ၊ ဘုန်းကြီးများက ဘုရားဟောတော်မူချက်အရ ရဲဝံ့စွာပဲ၊ တာဝန်ခံပါတယ်၊ ရှင်းပလား …. (ရှင်းပါပြီ)။
            ကိုင်း ဒါဖြင့် မနေ့က ပြောထားတယ်၊ မောင်နိုင်တို့လည်း မှတ်မိတန်လောက်၊ မှတ်မိမယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့လည်း မှတ်မိသန်သလောက်၊ မှတ်မိမယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ သေသေချာချာ မှတ်ထားပါ၊ သစ္စာတရားကို နာရမယ်၊ သဘောကျပလား (ကျပါပြီ) ၁- နံပါတ်က ဘာပါလိမ့် …. (သစ္စာတရားနာရပါမယ်) ၂- နံပါတ်က သစ္စာတရားလည်း နှလုံးသွင်းမှန်ရမယ်၊ (မှန်ပါ့) ဒါဆိုလို့ရှိရင်၊ ဒီဘ၀တွင်ပင်၊ ကိစ္စပြီးနိုင်ပါတယ်၊ (မှန်ပါ့)။
            ဘုရားဆုလည်း မပန်ပါဘူး၊ ရှင်သာရိပုတ္တရာတို့လို၊ လက်ဝဲလက်ရံလက်ယာရံ ဆုလည်းမပန်ပါဘူး၊ အသီတိ မဟာသာဝက ဆုကြီးများကိုလည်း မပန်ပါဘူးဆိုလို့ရှိရင်ဖြင့် သစ္စာတရားကို သာနာပါ။ ချက်ချင်းပြီး နိုင်ပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
            ၁။ နံပါတ်ကဘာတုံး (သစ္စာတရားနာရပါမယ်) အဲဒါ မှတ်ထားကြပါ ဒကာ ဒကာမတို့ ပေဋကောပဒေသ ပါဠိတော်မှာလာတာကို ပြောနေပါတယ် (မှန်ပါ့) သစ္စာတရားကို အာရုံတစ်ပါးမသွားဘဲနဲ့ နာပါ (မှန်ပါ့) အခုမဟောသေးပါဘူး၊ ဒကာ ဒကာမတို့ သူ့ခေါင်းစဉ်ပြောတုံးရှိသေးတယ်၊ (မှန်ပါ့) သစ္စာတရာနာတဲ့ အချိန်ကျလို့ရှိရင် အာရုံကတပါး မသွားစေနဲ့နော်၊ ဘေးကို ဘယ်မှမသွားစေနဲ့ (မှန်ပါ့)။
သစ္စာတရားနာရမယ်
            ကိုင်း ဒါဖြင့် အာရုံတပါးတခြားကို စိတ်မသွားစေဟူ၍ ဘာလုပ်ရမလဲ (သစ္စာတရားနာရပါတယ်) အဲ … သစ္စာတရားကိုတော့ ဟောတဲ့ပုဂ္ဂိုလ်ထံမှ နာရမယ်။ (မှန်ပါ့) ထိုသို့နာတဲ့အခါ မိမိစိတ်က တခြားမသွားဘဲနဲ့သာ နာလိုက်စမ်းပါ၊ (မှန်ပါ့)။
            ဒါကသစ္စာတရား …. ဒါက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ထားပါတော့။ ဒါက ခန္ဓာ၏ ဒုက္ခသစ္စာကို ဘုန်းကြီးကဟောမလို့ ခင်ဗျားတို့ ခန္ဓာကို လက်ညှိုးထိုးပြိး ဟောပါလိမ့်မယ်၊ (မှန်ပါ့) ဟောတော့ ခင်ဗျားတို့ ဒီဥာဏ်ကလေးနဲ့ အခုမရစဖူး၊ အရထူးတဲ့ လူ့ဘ၀မှာ ရထားတဲ့ ဥာဏ်နားကလေးနဲ့ ထောင်ပေးပါ၊ ဒီထဲက စိတ်ကို ဘယ်မှ မသွားစေနဲ့ ဒီသစ္စာမှ တစ်ပါးဘယ်မှ မသွားအောင်သာ နာစမ်းပါဆိုတာ ပါတယ်နော် (မှန်ပါ့)။
            ဒီလိုနာခဲ့လို့ရှိရင် မင်းတို့ဝမ်းထဲမှာပါလာတဲ့၊ ဘ၀သံသရာက ကိန်းနေတဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေဟာ အကုန်ခြောက်ကုန်ပါတယ်၊ သစ္စာတရားများ နာလို့ရှိရင် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
            သစ္စာတရားနာရပေစ၊ ၀မ်းထဲမှာကိန်းနေတဲ့ ကိလေသာဘာဖြစ်သလဲ (ခြောက်ပါတယ်ဘုရား) နာတာနဲ့ ခြောက်ထပ်၊ ဒီ့ပြင်တရားနဲ့ မတူဘူး၊ ရိပ်မိပလား …. (ရိပ်မိပါပြီ) သစ္စာတရားသာ နာရလို့ရှိရင် နာတာနဲ့ ၀မ်းထဲမှာရှိတဲ့ ကိလေသာဘာဖြစ်သလဲ (ခြောက်ပါတယ်) ကိလေသာ အစေးတွေခြောက်တယ် (မှန်ပါ့)။
            ဒါကြောင့် ဒကာ ဒကာမတို့ သာဝကပါရမီ ဥာဏ်မှာဖြင့် မနေ့က မနာလိုက်ရတဲ့ ပုဂ္ဂိုလ်တွေ ဂရုစိုက်နာကြပါ၊ သာဝကပါရမီဥာဏ်မှာဖြင့်၊ သစ္စာတရားကို အာရုံတစ်ပါးမထွက်ပဲနဲ့၊ နာနေမှုဟာ၊ ၁- နံပါတ် အရေးကြီးတယ်တဲ့၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မနာရင်တော့ မရဘူး (မှန်ပါ့)။
            မနာရရင် ဘာတုံး - (မရနိုင်ပါဘူး) မနာရရင်တော့၊ ကိုယ်တိုင်ထိုးထွင်းပြီး ခင်ဗျားတို့မသိနိုင်ဘူး (မှန်ပါ့) ဓမ္မတာအားဖြင့် မနာရပဲ၊ ထိုးသွင်းသိတာက နှစ်ဦးပဲရှိတယ်၊ ပစ္စေကဗုဒ္ဓါနဲ့ ဘုရားပဲသစ္စာကို ကိုယ်တိုင် ထိုးထွင်းသိတယ် (မှန်ပါ့) ဒီပြင် ပုဂ္ဂိုလ်တွေကတော့၊ သစ္စာတရားကိုနာရမှ ကိစ္စပြီးမယ်လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။
            ကဲ …. ဒကာ ဒကာမတို့ ခင်ဗျားတို့ မည်မျှလောက်အရေးပါတာကို ပြောနေတယ်ဆိုတာဖြင့် ဝေဖန်ကြည့်ပါတော့ (မှန်ပါ့) သဘောကျပလား …. (ကျပါပြီ)။
            ဒါဖြင့် သာဝကပါရမီဥာဏ်မှာ နှစ်ခုတည်းနဲ့ ကိစ္စပြီးမှာဖြစ်နေတော့၊ သေသေချာချာ ဟောနေတယ်။ ဘုရားဟောတော်မူတဲ့အတိုင်း ထို့အပြင် ပေဋကောပဒေသမှာ လာတဲ့အတိုင်း ဒကာ ဒကာမတို့ အာရုံတစ်ပါး စိတ်မသွားပါနဲ့လို့ သတိပေးပါတယ်၊ ဘုန်းကြီးဟောတဲ့ဆီပဲ ဂရုစိုက်ကြပါ၊ (မှန်ပါ့) ချက်ချင်းကိစ္စပြီးနိုင်တဲ့ တရားကို ဟောနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့)။
သုတမယဥာဏ်
            ကောင်းပြီ ဒါဖြင့် သစ္စာတရားနာတဲ့အချိန်မှာ အာရုံက တခြားမသွားနဲ့ ဘုန်းကြီးပြောတာကို နားထောင်ပါ။ နားထောင်လို့ရှိရင် နားထောင်တဲ့အချိန်က စပြီးတော့သုတမယဥာဏ်ရပြီ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)
            နားထောင်တဲ့အချိန်ကစပြီးတော့ ဘာဖြစ်သတုံး (သုတမယဥာဏ်ရပါပြီဘုရား) သုတမယဥာဏ် ၀မ်းထဲရောက်သွားပြီ။ ဒီဥာဏ်ကြောင့် နဂိုကကိန်းနေတဲ့ ကိလေသာအစေးတွေ ခြောက်ရတာ၊ (မှန်ပါ့) ရိပ်မိပလား - (ရိပ်မိပါပြီဘုရား)။
            သုတမယဥာဏ်ရတော့ ကိလေသာအစေးတွေ ဘယ်နှယ့်နေသလဲ (ခြောက်ပါတယ်) ခြောက်လို့ရှိရင်၊ မောင်နိုင် ဒါတွေဘာပူစရာရှိတော့မှာလဲ (မှန်ပါ့) ကိလေသာအစေးခြောက်လို့ရှိရင်ဖြင့် ကျုပ်တို့မှာဖြင့် တစ်ဝက်ပြီးနေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဒါဖြင့် သစ္စာတရားမှ မနာရတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် ကိုယ်ကျိုးနည်းပေါ့။ (မှန်ပါ့) မနည်းသေးဘူးလား (နည်းပါပြီ) အင်မတန် ကိုယ်ကျိုးနည်းပြီဆိုတာ ဒကာ ဒကာမတွေ ဒီနေ့ ကြီးကြီးကျယ်ကျယ်ဝေဖန်ပါ (မှန်ပါ့)။
            အခု သစ္စာတရားနာရပြီ အာရုံတစ်ပါးမသွားပဲနဲ့ နာရရင်ပဲ ၀မ်းထဲက ကိလေသာ ဘယ့်နှယ့်တုန်း (ခြောက်ပါတယ်) ဘယ်လောက်အဖိုးတန်တယ် ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာကြပါလား (ပေါ်လာပါပြီ)။
            ဒါဖြင့် ဒကာ ဒကာမတို့ ဒိအတိုင်းပဲ ကြိုးစားပြီးသကာလ သစ္စာတရားကို မဟောခင်ပဲ သစ္စာတရားနာတဲ့ အချိန်မှာဖြင့် အာရုံတစ်ပါးမသွားပါနဲ့၊ အခုဟာက နည်းပဲပြောနေသေးတယ်၊ သစ္စာမဟောသေးပါဘူး ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
            နာတာနဲ့ ဘာဖြစ်သလဲ (ခြောက်ပါတယ်ဘုရား)၊ ကိလေသာ အစေးတွေ ခြောက်တယ် (မှန်ပါ့) ကိုင်း - ကိလေသာဆုံးတယ်ဆိုရင် နိဗ္ဗာန်ပဲမဟုတ်လား (မှန်ပါ့) ကိလေသာ စိုစိုရွှဲရွှဲရှိသေးရဲ့လား (မရှိပါဘုရား) မရှိတော့ဘူး၊ ခြောက်သွားရင်ပဲ ဒကာ ဒကာမတို့ နောက်တစ်ခါ ပျောက်ဖို့ပဲရှိတော့တယ် (မှန်ပါ့) ခြောက်ပြီးပျောက်မယ်။
သစ္စာတရားနာရင် အစေးခြောက်ပါတယ်
            ဘုရားဟာ၊ ခန္ဓာကိုယ်တော်ကြီးရှိသားပဲ၊ ကိလေသာ ခြောက်ပြီး ပျောက်သွားလို့၊ ဘုရားဖြစ်ရတယ် (မှန်ပါ့) သောတာပန်၊ သကဒါဂါမ် အနာဂါမ်တွေ ရဟန္တတွေဖြစ်သွားကြတာ၊ သတိပဋ္ဌာန် စသည်ဟောလို့ ကျွတ်သွားတာတွေဟာ၊ သစ္စာတရားတွေ နာရလို့နော် (မှန်ပါ့) သစ္စာတရားတွေ နာရတာနဲ့ ခြောက်ပြီး ပျောက်သွားတာပဲ (မှန်ပါ့ဘုရား)။
            ဒါကြောင့် တရားပွဲအဆုံးမှာ ဘယ်၍ ဘယ်မျှ ကျွတ်တယ်ဆိုတာတွေဟာ တရားနာတုန်းက အာရုံတစ်ပါး မသွားဘဲနဲ့၊ သုတမယဥာဏ် ၀မ်းထဲရောက်လို့ ကိလေသာ အစေးခြောက်လို့ ရကြတာ (မှန်ပါ့) နို့မဟုတ်ရင် ရကိုမရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နာကောင်းရုံ၊ ကုသိုလ်ရရုံ မနာပါနဲ့ တစ်ခါတည်း ကိုယ့်ဥာဏ်ကိုရအောင် နာပစ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်ဥာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရအောင် နာပစ်လိုက်တာဆိုတာ သတိပေးပါတယ် (မှန်ပါ့)။
ဟုတ်သားပဲလို့ ဆုံးဖြတ်
            အဲ …. ၁- နံပါတ်ကဖြင့် သစ္စာတရားကို အာရုံတစ်ပါး မသွားပဲနဲ့ နာလို့ရှိရင် ကိစ္စပြီးပါတယ် (မှန်ပါ့) ၂ - နံပါတ်က ကလေးပြောလိုက်မယ် ၁- နဲ့ ၂- ဆိုရင် ကိစ္စပြီးတယ်။ ယနေ့ တရားမှာ ၂- နံပါတ်ကတော့ ခုနင်က အာရုံတစ်ပါး မသွားပဲနဲ့ နာထားတဲ့တရား နာထားတဲ့သစ္စာကို ဒီကနေပြီး သကာလ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ဟာနဲ့ကြံလိုက်ပါတဲ့ (မှန်ပါ့) ကြံလိုက်တဲ့အခါကျတော့ ဟုတ်သားပဲဆိုတဲ့ တစ်လုံးဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဒုက္ခသစ္စာအစစ်လို့ ဆုံးဖြတ်
            ခုနင်က နာထားတဲ့တရားကို ဒါကလေးဟာ ဒုက္ခသစ္စာ ဝေဒနာဟာ ဒုက္ခသစ္စာ ဖြစ်ပျက်ကလေးဟာ ဒုက္ခသစ္စာတဲ့၊ အဲဒါကလေးကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်တဲ့ပြီးသကာလ သြော် …. ဒုက္ခသစ္စာ အစစ်ပါကလားလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ချက်ချင်းသောတာပန် တည်တာပဲ နှစ်ချက်တည်းရှိတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သဘောပါပလား (ပါ ပါပြီဘုရား)။
ကိစ္စပြီးနိုင်တယ်
            သစ္စာတရားကို အာရုံတစ်ပါးမသွားပဲနာမှု၊ ၁ နံပါတ်နောက်ကိုယ်တိုင် နှလုံးသွင်းလိုက်တဲ့ အခါကျတော့ ဟုတ်သားပဲလို့ ဆုံးဖြတ်ချက်ချတာ ၂ နံပါတ် (မှန်ပါ့)။ ကိစ္စပြီးနိုင်ပါတယ် ဒကာ ဒကာမတို့ ဘယ်လောက်လွယ်သလဲ။ (လွယ်ပါတယ်ဘုရား)။
            အင်မတန် လွယ်တယ်ဆိုတာ ကံကောင်းအကြောင်းသင့်ပြီး သကာလ ဒကာ ဒကာမတွေနဲ့ ဆရာသမားနဲ့ လာပြီးတွေ့တော့ သြော် … ဒါဟာ တို့သည်ကားလို့ဆိုရင်ဖြင့် နည်းတဲ့ပါရမီမဟုတ်ပါလား ….။ နည်းတဲ့ကံမဟုတ်ပါလား တကယ်ကိုပဲ လိုရင်းကိစ္စပြီးမည့် ဒုက္ခသိမ်းနိုင်တဲ့ ဘ၀ကို ရနေတာပါလားဆိုပြီး ကိုယ့်ဟာကိုယ်လည်း ၀မ်းသာကြပါ (မှန်ပါ့) အင်မတန် ၀မ်းသာစရာကောင်းတယ်ဆိုတာလည်း ပေါ်ကြပလား (ပေါ်ပါပြီ)။
            ကောင်းပြီ ဒါဖြင့် ၁ နံပါတ်က သစ္စာတရားကို အာရုံတစ်ပါးမသွားဘဲနဲ့ နာမှု (မှန်ပါ့) ၂ နံပါတ်က ဟောထားတဲ့ တရားကို ကိုယ်တိုင်နှလုံးသွင်းလိုက်ပါ (မှန်ပါ့)။ ပြီးနိုင်ပါလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ
            ဒါဖြင့် ဒကာ ဒကာမတို့ ဆုကြီးပန်မဟုတ်ဘဲနဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ရင်ပြီးရောဟ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စာတရားကို အာရုံတစ်ပါးမသွားဘဲနဲ့ နာပါ ကိုယ်တိုင် ကိုယ့်အဇ္ဈတ္တထဲမှာရှိတဲ့ သစ္စာကို နှလုံးသွင်းလိုက်ပါ။ ပိုင်ပိုင်နိုင်နိုင်နဲ့ ဟုတ်သားပဲလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ပြီးတာပဲ (မှန်ပါ့)။.ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
            အင်မတန် အဖိုးတန်တဲ့တရားနဲ့ အင်မတန်အဖိုးတန်တဲ့ နားဖြင့် ကောင်းကောင်းကြီး ပက်ပင်းတွေ့ကြပြီးဆိုတဲ့ ဥစ္စာကို သေသေချာချာမှတ်ပါ (မှန်ပါ့) ကိုပေါ်တို့ အရေးကြီးတာ ပေါ်လာကြပလား (ပေါ်လာပါပြီဘုရား)၊ နည်းတဲ့ ကံလား၊ ခင်ဗျားတို့ (မနည်းပါဘူးဘုရား)။
သူဌေးသမီးကာဠီ
            ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ကို ၀တ္ထုသက်သေသာဓက ထုတ်ရမလဲလို့မေးတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း …. ကာဠီဆိုတဲ့ အမျိုးသမီးကို အကဲခတ်ကြည့်လိုက် သူ့ကိုပြောပြီးမှ သစ္စာကို နှလုံးသွင်းပုံကို ပြောပါ့မယ်။
            ကာဠီ …. ဆိုတာ ရာဇဂြိုဟ်ပြည်မှာ ရှိပါတယ် သူသည်ကားလို့ဆိုလို့ရှိရင် အချိန်အရွယ်ရောက်လို့ ခင်ပွန်းနောက်ကို လိုက်ရရှာတယ်၊ အိမ်ထောင်ကျလို့ ပဋိသန္ဓေ အရင့်အမာဖြစ်လာတော့ စိတ်ကူးလိုက်တယ် သြော် …. သားလင်ခင်ပွန်းဆီမှာ မွေးဖွားရလို့ရှိရင် အမေမိဘလို ကြင်နာစိတ်က မရှိဘူး အားငယ်လို့ရှိရင် ခက်တယ်၊ အမေ မိဘရပ်ထံပြန်ပြီး မွေးဖွားရတာ ကောင်းတယ်ဆိုပြီး ပြန်လာတယ်၊ သူ့အမေ မိဘကလည်း သူဌေးဆိုတော့ ဘုံခုနစ်ဆင့်ရှိတဲ့ ပြာဿဒ်ကြီးပေါ်မှာ နေပါတယ် (မှန်ပါ့)။
            အဲဒီအချိန်မှာ ဓမ္မစကြာ ဒေသနာတော် သစ္စာတရားကို မိဂဒါဝုန်တောမှာ ဘုရား ဟောတော်မူပါတယ်။
သာတာဂိရိနတ်၊ ဟေမ၀တနတ်
            အဲဒီမှာ တရားနာပြီးပြန်လာတဲ့ သာတာဂိရိနတ်က ငါ့သူချင်းဘုရား၊ တရားဟောနေတာ မသိဘူး ထင်တယ်ဆိုပြီး သွားအခေါ်သူငယ်ချင်းဖြစ်တဲ့ ဟေမ၀တနတ်ကလည်း မြတ်စွာဘုရား တရားဟောနေတယ် ကြားတာနဲ့လာတော့ ဘုံခုနစ်ဆင့်ရှိ ပြာဿဒ်ထက်မှာ နတ်နှစ်ဦးစကားပြောတာကို ကာဠီက ကြားတယ်၊ သဘောကျပလား (ကျပါပြီဘုရား)။
            ကာဠီက မမွေးဖွားသေးပါဘူး၊ မမွေးဖွားသေးခင် ကြားတယ် ဘုရား၏ ပုံပန်းကို အရင်ပြောကြတယ်။ ပြီးတော့ ဘာတရားဟောသတုံးလို့ မေးတယ်။ သစ္စာတရားဟောတယ် ဖြေတယ်။
            ဘယ်သစ္စာတုံးမေးတော့မှ ရုပ်နာမ်တွေ အမျိုးမျိုးပေါ့လေ၊ ပြောပြတယ် နတ်တွေဆိုတော့ ဥာဏ်ကထက်ပြီးသား ဖြစ်တော့ (မှန်ပါ့) အဲဒီမှာ ကာဠီက အဲဒီတရားကို နာလိုက်ရတယ် (မှန်ပါ့) သဘောကျပါလား …. (မှန်ပါ့)။
            မိဂဒါဝုန်တောမှာ မြတ်စွာဘုရားဟောတဲ့တရားကို သူ့ရဲ့ ပြာဿဒ်ထက်မှာ နတ်နှစ်ဦး ဆွေးနွေးနေကြတယ်၊ တိုင်ပင်နေကြတာ ဟောနေကြတာကို ကာဠီကြားတယ် (မှန်ပါ့)။
            အဲဒီလို ကြားတော့ သြော် … ဟုတ်ပါလားဆိုပြီး စဉ်းစားတော့ အဲဒီအချိန်မှာ သူ့မှာ ကိလေသာ ခေါင်းပါးပြီး ဒကာ ဒကာမတွေ ရှေ့လျှောက်နာရတာ (မှန်ပါ့) ဘာတရားပါလိမ့် (သစ္စာတရားပါဘုရား)။
သစ္စာတရားနာမှု၊ နှလုံးသွင်းမှု
            ကာဠီမှာ ကိလေသာ အစေးခြောက်နေပြီး နောက်တော့ ခန္ဓာကိုယ်နှလုံးသွင်းလိုက်ပါတယ် သူ့အဇ္ဈတ္တကို စိန္တာမယဥာဏ်နဲ့ကြံပြီး နှလုံးသွင်းလိုက်ပါတယ်၊ အဲဒီမှာ ဘုံခုနစ်ဆင့်ပေါ်မှာ သောတာပန်သွား တည်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
            သစ္စာတရားနာမှုနဲ့ သူကိုယ်တိုင် နှလုံးသွင်းမှုနဲ့ ဒကာ ဒကာမတို့ သောတာပန် တည်သွားတယ် (မှန်ပါ့)။
သောတာပန်တည်
            ကာဠီဟာ အမျိုးသမီးထဲမှာဖြင့် သူတစ်ပါးထံမှ သစ္စာတရားနာရလို့ တစ်ဆင့်ကြားပြီးနာရလို့ သောတာပန်တည်တဲ့အတွက် သူဟာ လက်ဦးပဲ သဘောကျပလား (ကျပါပြီဝ။
            အဲဒီတော့ ဒကာ ဒကာမတို့ကိုလည်း ဒီတရားကိုပဲ ဟောပါတယ်။ သစ္စာတရားကိုပဲ ဟောနေတော့ ခင်ဗျားတို့ကလည်း အဇ္ဇေ၀သုေ၀၀။ ဆရာဘုန်းကြီးကလည်း အဇ္ဇေဝေ၊ သုေ၀၀ဆိုတော့ ဒါကို ဟောရတော့မယ် (မှန်ပါ့)။ မောင်နိုင်မဟောရင်မဖြစ်ဘူး (မှန်ပါ့)။
            မဖြစ်ဘူးဆိုတာ ခန္ဓာကိုယ်က စဉ်းစားကြည့်ပါ။ လေအပြင်ဘက်ထုတ်တဲ့ စိတ်ကလေးတော့ ဖြစ်သေးတယ်။ လေရှိုက်တဲ့ စိတ်မလာဘူးဆိုရင် ဒီလူဘယ့်နှယ့်ဆိုကြမလဲ (သေပါတယ်ဘုရား)။ သေတယ် အဲဒီတော့ ကျုပ်တို့မှာ တစ်စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ့)။
            ဘယ့်နှယ့်ဆိုကြမလဲ (တစ်စိတ်နဲ့ အသက်ရှင်နေပါတယ်ဘုရား) တစ်စိတ်နဲ့ အသက်ရှင်တာကို ကျုပ်တို့က ဘယ်နေ့ ဘယ်လ ဘာလုပ်ဦးမယ်ဆိုတာက ဒါကို မသိလို့ပြောတာပါ။ သစ္စာမသိလို့ ပြောတာပါ၊ သဘောကျပလား (ကျပါပြီ)။
            ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကာဠီမှာ ဘုံခုနစ်ဆင့်ကနေပြီး ဘုရားနဲ့တွေ့သလားလို့မေးတော့ ဘယ်နှယ့်ဖြေကြမလဲ (မတွေ့ပါဘူးဘုရား) ကိုယ်ဝန်ကြီးနဲ့ ဘယ်သွားနိုင်လိမ့်မတုန်း (မှန်ပါ့)။
            ဘယ်သူက ဟောတာတုံးဆိုတော့ … နတ်နှစ်ဦးသူတို့ချင်းပြောနေကြတဲ့ သစ္စာတရားကို သူကြားပါတယ်၊ ဘုရားဂုဏ်တော်တွေနဲ့တကွ သစ္စာတရားအကြောင်းကို သာတာဂိရိနဲ့ ဟေမ၀တလို့ ပြောနေကြတာ သူကြားပါတယ် (မှန်ပါ့)။ အဲဒါ သူတစ်ပါးဟောကြားတဲ့ သစ္စာတရားကိုပဲ မနာရဘူးလား (နာရပါတယ်)။ နာရတော့ ကိလေသာ အစေးခြောက်ပါတယ်၊ သဘောကျပလား (ကျပါပြီ)။
ကိုယ်တိုင်နှလုံးသွင်းမှ အစေးပျောက်မယ်
            နာတော့ ဘာတုံး …. (ကိလေသာ အစေးခြောက်ပါတယ်ဘုရား) ကိလေသာ အစေးခြောက်သွားပြီ ကိုယ်တိုင်နှလုံးသွင်းတော့ဆိုင်ရာ ကိလေသာ လုံးလုံးပျောက်သွားတယ် (မှန်ပါ့)။
            ဒီဒကာ ဒကာမတွေလည်း ဘုန်းကြီက ဒီနေရာမှာ အစေးခြောက်အောင်တော့ဖြင့် တာဝန်ယူနိုင်တယ်။ ကိုယ်တိုင်နှလုံးသွင်းဖို့ဆိုတော့ ဘုန်းကြိးမှာလည်း ဘုန်းကြီးကိုယ်တိုင် နှလုံးသွင်းမှနော် … (မှန်ပါ့)။ ခင်ဗျားတို့မှာကော (ကိုယ်တိုင်နှလုံးသွင်းရပါ့မယ်ဘုရား)။ ခင်ဗျားတို့ကိုယ်တိုင် နှလုံးသွင်းမှသာလျှင် ကိလေသာ အစေးပျောက်မယ် (မှန်ပါ့)။
            အခု ဘုန်းကြီးဟောတာက ကိလေသာ အစေးခြောက်ရုံပဲဟောနိုင်တယ် (မှန်ပါ့) ပျောက်ဖို့ရာက ခင်ဗျားတို့ တာဝန် (မှန်ပါ့ဘုရား)။ ခြောက်ဖို့ရာ ဘုန်းကြီးတာဝန် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
            ကိလေသာ အစေးခြောက်အောင်က …. (ဆရာ့ တာဝန်ပါဘုရား) အစေးခြောက်တော့ ဟောပေးမယ် အစေးခြောက်သည်မခြောက်သည်ကို ခုနင်ကဟာ အကဲခတ်ကြည့်။
            ကလက ရေကြည်ကစပြီး ဒကာ ဒကာမတွေ ဒုက္ခအကြောင်းကို ဟောမလာဘူးလား … (ဟောလာပါတယ် ဘုရား)။ ဟောလာတော့ လူ့ဘ၀လိုချင်တဲ့ ကိလေသာ တဏှာအစေးဟာ ရှိသေးရဲ့လား (မရှိပါဘူး) သစ္စာနာရလို့ အစေးက ခြောက်သွားပါပြီ (မှန်ပါ့)။ မခြောက်ဘူးလား (ခြောက်ပါတယ်) သစ္စာနာရလို့ အစေးက ဘာဖြစ်ပါလိမ့် (ခြောက်ပါတယ်)။
ခြောက်ဖို့က ဆရာ့တာဝန်
            ဒါဖြင့် ကိုယ်ပေါ်နှလုံးသွင်းလိုက်ရလို့ရှိရင် အစေးခြောက်ရုံမကဘူး အစေးပျောက်ပါတယ် (မှန်ပါ့) ကိလေသာအစေးတွေ ဘယ်နှယ့်နေသလဲ (ပျောက်သွားပါတယ်ဘုရား)။
            ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကိလေသာ မရှိရင် သောတာပန် သဘောကျပလား (ကျပါပြီ) ဒါကြောင့် ဒကာ ဒကာမတို့ ခြောက်ဖို့က ဆရာ့တာဝန် ပျောက်ဖို့ကိုယ့်တာဝန် (မှန်ပါ့)။
            ဒီတော့ သူ့တာဝန် ကိုယ့်တာဝန်မှာလည်း ဘုန်းကြီးတာဝန်က နှစ်ပေါင်းများစွာ ဆည်းပူးပြီးသကာလ လာခဲ့ရပါတယ်။ ခင်ဗျားတို့ ဒီအခြေအနေ နားလည်အောင်ပြောဖို့ရာ (မှန်ပါ့) လွယ်ပါ့မလား (မလွယ်ပါဘူးဘုရား)။
ပျောက်ဖို့က ကိုယ့်တာဝန်
            ဘုန်းကြီးတာဝန်က မလွယ်တာကြီးကို တစ်ခါတည်း လျော့နိုင်သလောက် လျော့တဲ့ဈေးနဲ့ အကုန်ပေးးတာပဲ … ခင်ဗျားတို့က ရတဲ့ပစ္စည်းကို ပြန်ပြီးခန္ဓာဥာဏ်နဲ့သာ နှီးနှောကြည့်လိုက်ပါ၊ (မှန်ပါ့)။
            ဆရာဘုန်းကြီးက ရုပ်ကို ဒုက္ခသစ္စာဟောတယ်၊ ဝေဒနာကို ဒုက္ခသစ္စာဟောတယ်၊ သညာ ဒုက္ခသစ္စာဟောတယ်၊ သင်္ခါရဒုက္ခသစ္စာဟောတယ်၊ စိတ်ကို ဒုက္ခသစ္စာဟောတယ်၊ ခင်ဗျားတို့က ဟုတ်မဟုတ်၊ စိန္တမယဥာဏ်နဲ့ ကြံလိုက်စမ်းပါ (မှန်ပါ့) ကြံပြီးဟုတ်တယ်လို့ ပိုင်ပိုင်နိုင်နိုင် သိအောင် ပွားပါ၊ ရှုပါ (မှန်ပါ့)။
            အဲဒီလိုကြံရင် ပွားရင် လူတို့၏ ကုသလ ကမ္မပထ တရားဆယ်ပါးထက် ကျော်လွန်တဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို သေသေချာချာရတယ်လို့ ဟောတယ် (မှန်ပါ့) အားငယ်စရာရှိသေးရဲ့လား (မရှိပါဘူး)။
            ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်၌ ဘာကလေးပေါ်လာတာ၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကလေး ပေါ်လာလို့ စိတ်ဖြစ်ပြီး ပျက်သွားတာဟာ ဒုက္ခသစ္စာပဲ၊ ဝေဒနာကလေးကြည့်လိုက်ရင်လည်း ဝေဒနာဖြစ်ပြီး ပျက်တာဟာ (ဒုက္ခသစ္စာပါ) ရုပ်ကလေးဟာလည်း၊ တောင့်ရာကနေပြီးသကာလ လှုပ်လိုက်တယ်၊ လှုပ်လိုက်လို့ရှိရင်ဖြင့် ထောက်ကန်တဲ့သဘောကလေး ပျက်ပြီးသကာလ လှုပ်ရှားတဲ့သဘောကလေးပေါ်နေ တယ် ဆိုကတည်းက ပျောက်သွားတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။
            ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ အကြည့်သာတည့်ကြပါစေ၊ ဒုက္ခသစ္စာနဲ့လွဲပြီး ကြည့်စရာတစ်လုံးမှ မရှိဘူး သဘောကျပလား (ကျပါပြီဘုရား) အကြည့်တည့်လို့ရှိရင်ဖြင့် ဘာနဲ့ချည်းတည့်နေမတုံး (ဒုက္ခသစ္စာနဲ့ တည့်ပါတယ်)။
            သြော် … ဒါဖြင့် ဆရာဘုန်းကြီး ဒုက္ခသစ္စာလို့ ဟောထားတယ် ဟုတ်ကဲ့လား မဟုတ်ဘူးလားလို့ ခင်ဗျားတို့က ကြံပါ၊ ပွားပါ၊ ကြံလို့ အကြံက ဟာဟုတ်သားပဲဆိုပြီး ပိုင်ပိုင်နိုင်နိုင် သိလာရင် ဒါဟာ သာဝကပါရမီပြီးတာပါပဲ သဘောကျပလား (ကျပါပြီ) သိပ်ဝေးတဲ့တရားလား ဒကာ ဒကာမတို့ (မဝေးပါဘူး) မဝေးဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဆုံးဖြတ်ချက်ချနိုင်ရင် သောတာပန်
            အဲဒီတော့ ဘုရားလက်ထက် တရားပွဲအဆုံးမှာ လူပေါင်းဘယ်လောက် ကျွတ်တမ်းဝင်တယ်၊ နတ်ပေါင်းဘယ်လောက် ကျွတ်တမ်းဝင်တယ်ဆိုတာ တရားနာနည်း ပါနေတယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချ သစ္စာတရားလည်း နာလို့ စိတ်ကတခြားမပြေးနဲ့ (မှန်ပါ့)။
            နောက် …. ထိုင်နှလုံးသွင်းတဲ့အခါမှာ ဟုတ်သားပဲ ဆုံးဖြတ်ချက်ချနိုင်လောက်အောင် သွင်းလိုက် (မှန်ပါ့) ဒါဆိုရင် သောတာပန် တည်နိုင်တာပဲ၊ သောတာပန် တည်ပြီးရင် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာကတော့ သူဟာသူ အလုပ်နဲ့ တက်သွားနိုင်ပါတယ် (မှန်ပါ့) ၀န်လေးစရာရှိသေးရဲ့လား (မရှိပါဘူး)။
            ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်ပေါ်သည့်ဟာ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ) အဲဒါကို ဥာဏ်နဲ့သာ တည့်ပေးလိုက်ပါ (မှန်ပါ့) ဥာဏ်နဲ့ တည့်ပေးလိုက်တဲ့အခါကျတော့ ဟုတ်သားပဲလို့ ဆုံးဖြတ်ချက်ချနိုင်အောင်လုပ်ပါ (မှန်ပါ့) ဆုံးဖြတ်ချက်ချက်နိုင်အောင်လုပ်ရင်၊ ဒုက္ခသစ္စာလည်း ချုပ်သွားတာပဲ၊ နိရောဓသစ္စာလည်း ပေါ်ပါတယ် (မှန်ပါ့)။
ဟုတ်သားပဲလို့ ဆုံးဖြတ်နိုင်ရင် နိဗ္ဗာန်ပေါ်တယ်
            ဟုတ်သားပဲ ဆုံးဖြတ်ချက်ချနိုင်ရန် ဆိုင်ရာ ဆိုင်ရာ ကိလေသာ အစေးတွေက လုံးလုံး ပျောက်သွားတယ် (မှန်ပ့ါ) ဟုတ်သားပဲ ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာလာဖြစ်တယ် (မှန်ပ့ါ) ဒီမဂ္ဂသစ္စာလည်း အစစ်ပေါ်ပါရာ ဒကာ ဒကာမတို့ ကိလေသာအစေးက ဘာဖြစ်သတုံး (ခြောက်သွားပါတယ်) ခြောက်တာလား ? ပျောက်တာလား ? (ပျောက်ပါတယ်ဘုရား)
            သောတာပန်ဆိုရင် ဒိဋ္ဌိဝိစိကိစ္ဆာ အစေးက လုံးလုံးကို ပျောက်တယ် အပါယ်သွားစေတတ်တဲ့၊ လောဘ၊ ဒေါသ၊ မာန၊ အကုန်ပျောက်၊ အဲဒီကိလေသာ အစေးတွေ အကုန်ပျောက်တာပဲ (မှန်ပါ့) ရိပ်မိပလား …. (ရိပ်မိပါပြီ)။
            ဟုတ်သားပဲ လို့ …. ဆုံးဖြတ်ချက်ချနိုင်သည်နဲ့ တစ်ပြိုင်တည်း နိရောဓသစ္စာ၊ ဖျတ်ခနဲ ပေါ်တာပဲ၊ နိဗ္ဗာန်ပေါ်တာလာပဲ (မှန်ပ့ါ)။
ကြိုးစားကြစမ်းပါ
            ဒါဖြင့် ဒုက္ခပျောက်၊ နိရောဓပေါ်ပေါက် ကိလေသာ အစေးပျောက်။ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာသွားပြီး တည့်တာပဲ (မှန်ပ့ါ)။
            ဒါကြောင့် ခင်ဗျားတို့သန္တာန်၌ ဖြစ်ပျက်တာ ဒုက္ခသစ္စာပဲလို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချပြီး၊ ကြိုးစားစမ်းပါဆိုတာ တိုက်တွန်းပါတယ် ရှင်းပလား (ရှင်းပါပြီ)။
ကဲ ယနေ့တွင် ဒီတွင် တော်ကြဦးစို့
သာဓု …. သာဓု …. သာဓု။
No comments:
Post a Comment