Tuesday, September 11

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်

၁၃၁၉-ခုနှစ်၊တော်သလင်းလ၌ ဦးကျော်သိန်းအား ဟော်ကြားသော
တရား။
"မောင်ကျော်သိန်း၊မင်းတရားအားထုတ်ဖို့အချိန်တော်ပြီ၊အသေး
ကဦးသွားဦးမယ်၊ငါသည်ရခဲလှသောလူဘဝကြုံကြိုက်ခဲလှသော
ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊အိုနာသေမွဲ ကွဲဆို
တဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဝိပဿနာအကျင့်
မြတ်ကိုအားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။
ပြီးတော့မင်းရဲ့အရောင်းအဝယ်အလုပ်ဆီကို လုံးဝစိတ်မရောက်
ရဘူး။ ပစ္စည်းဥစ္စာသားမယားကို တစ်ခါတည်းဉာဏ်နဲ့စွန့်ပစ်
ထားပါ။ အဓိပတိ ၃-ပါးဆိုတာက အတ္တာဓိပတိ၊လောကာဓိပတိ၊
ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။
(၁) မိမိကိုယ်ကိုအားထားပြီး တရားအားထုတ်ရမယ်၊ငါဟာ စားစရာ
နေထိုင်စရာ မရှိလို့တရားအားထုတ်တာမဟုတ်၊အိုဘေး၊နာဘေး၊
သေဘေး မွဲကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲ့တို့မှ လွတ်မြောက်အောင်လို့တရားအားထုတ်ခြင်း
ဖြစ်တယ်။အဲဒါ 'အတ္တာဓိပတိ' လို့ခေါ်တယ်။
(၂) လောကကြီးကိုလဲ အဓိပတိထားပြီးတရားအားထုတ်ရမယ်။ငါသည်တရားအားထုတ်တယ်လို့
အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ဒေါသ၊မောဟ တရားတွေဖုံးလွှမ်းပြီးအရောင်အဝယ်
ကိစ္စတွေ စဉ်းစားတွေးတောမနေနဲ့၊ထိနမိဒ္ဓလဲမဖြစ်နဲ့၊ပျင်းလဲမပျင်းနဲ့၊စိတ်ကလဲလေလွင့်မနေနဲ့၊
မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နှင့်သမာဒေဝနတ်မြတ်များကလဲသိတယ်၊အဘိညာဉ်
ရတဲ့ပုဂ္ဂိုလ်များကလဲသိတယ်၊ဒါကြောင့်လောကကြီးကိုရှက်ကြောက်ပြီးအားထုတ်ရမယ်၊
အဲဒါလောကကို အဓိပတိထားပြီးအားထုတ်လို့ "လောကဓိပတိ" လို့ခေါ်တယ်။
(၃) တရားတော်ကို အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်၊တရားတော်ကို
ဝိပဿနာဉာဏ်နဲ့မမြင်မြင်အောင်ကြည့်ရမယ်၊တရားမမြင်တရားမပေါက်တာဟာတရားမရှိလို့
မဟုတ်ဘူး၊ငါကတရားတော်ကို မလေးစားလို့မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို
အဓိပတိထားပြီးအားထုတ်ရမယ်၊ အဲဒါကို "ဓမ္မဓိပတိ" လို့ခေါ်တယ်။
ပြီးတော့တရားအားထုတ်တဲ့အခါ သဒ္ဓါ၊သတိ၊သမာဓိ၊ဝီရိယ၊ပညာနဲ့ကြိုးစားပြီးလုပ်ရမယ်၊
တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်၊ပြီးတော့
"ယုံကြည်၊ကျန်းမာ၊စိတ်ဖြောင့်စွာဖြင့်၊လွန်စွာအားထုတ်၊နာမ်နဲ့ရုပ်ကို၊ဖြစ်ချုပ်ဉာဏ်မြင်၊
ဤငါးအင် မှန်ပင်မဂ်ရကြောင်း" ဆိုတဲ့ဆောင်ပုဒ်ကိုအရကျက်မှတ်ထားပြီး၊အဲဒီအတိုင်းလိုက်
နာကျင့်သုံးရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ-၅ပါး(ဦးစွာလုပ်ဆောင်ရမယ့်
ကိစ္စ ၅ ပါး)ကို လုပ်ဆောင်ရမယ်။
(၁) တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထား။
(၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့်ပြစ်မှားမိက ထိုအပြစ်တို့မှ
     ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန် ဝန်ချကန်တော့ပါ၏ လို့ဆို။
(၃) ကိုယ်စောင့်နတ်၊အိပ်စောင့်နတ်၊မြို့စောင့်နတ်၊သာသနာစောင့်နတ်နဲ့တကွ သတ္တာဝါအားလုံးအား
      ဘေရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့မေတ္တာစိတ်ပွားများပေးရမယ်။
(၄) ရှေးဘဝယခုဘဝ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို
      ရောက်စေခြင်းငှာလျင်မြန်စွာ ကျေးဇူးပြုပါစေသတည်း လိုဆို။
(၅) မရဏာနုဿတိ=ငါသည်ဘဝများစွာက သေခဲ့တာများလှပြီ၊ယခုဘဝမသေခင်မှာ
     တရားအားထုတ်မှပဲလို့ သေခြင်းတရားကိုပွားများပြီး အားထုတ်မှုအရှိန်ပြင်း
     ထန်အောင် မိမိကိုယ်ကိုတိုက်တွန်းပါ။
တရားအားထုတ်တော့မယ်ဆိုရင် "ရှေးဦုးူစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်"၊ငါပြောပြမယ်၊
"မင်းမြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စီကရုပ်ပဲ၊သိမှုကနာမ်လို့ခေါ်တယ်၊အာရုံ ၆-ပါးမှာ အဲဒီလို
ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ"ပြီးတော့ တရားအားထုတ်ရာမှာ "ပရိညာ"၃-ပါးနဲ့ သိ-သိ
သွားရမယ်။(၁)"ဉာတပရိညာ"ဖြစ်ဆဲ ရုပ်နဲ့နာမ်ကို ဒီဟာကရုပ်၊ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး
သိ-သိသွားရမယ်။(၂)"တိရဏပရိညာ"ဖြစ်ဆဲ ရုပ်နာမ်တို့၏ "အနိစ္စ ဒုက္ခ အနတ္တ"သဘောကို
ပိုင်းခြားပြီးသိရမယ်။(၃)"ပဟာနပရိညာ"ရုပ်နာမ်တို့အပေါ်မှာ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ရုပ်ဟာ
ငါပဲဆိုတဲ့ မာနစွဲ၊ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး
ပြုတ်အောင်ဖြုတ်ရမယ်။ တရားအားထုတ်ရာမှာ မင်းရုပ်နာမ်ကို ပိုင်းခြားသိရမယ်၊
ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ဘဲ၊သမာဓိ ရရုံလောက်သာ သမထကို
အားထုတ်ပြီး၊သမာဓိရလာတာနဲ့တပြိုင်နက် ဝိပဿနာကိုပြောင်းလုပ်ရမယ်၊ဝိပဿနာကို
ပြောင်းတယ်ဆိုတာ မီးရထား ခေါင်းတွဲ လမ်းလွှဲလိုက်သလို သမထ (သမာဓိ) လမ်းက
ဝိပဿနာ (ပညာ) လမ်းကို စိတ်လွှတ်ပြီး၊ရုပ်နာမ်တို့ရဲ့ဖြစ်ပျက်နေတဲ့ လက္ခဏာကို ဆင်ခြင်
တာပါပဲ၊အဲဒါကဉာဏ်ဦးစီးတယ်လိုမှတ်၊အဲဒီတော့မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်၊
အာနာပါနဆိုတာ ဝင်လေထွက်လေ (ဝင်သက်-ထွက်သက်) ကိုခေါ်တယ်၊ဒီဝင်လေထွက်လေ
ကိုရှူရာမှာ လေကို ဝအောင်ရှူ၊လျှော့ပြီးလည်းမရှူရဘူး၊သိပ်ပြင်းပြင်းထန်ထန်လည်း
မရှူရဘူး၊မှန်မှန်ပဲရှူရမယ်၊ရှိုက်ရမယ်၊ပြီးတော့ မင်းစိတ်ကို နှာသီးဖျား၊အထက်နှုတ်ခမ်း၊
ရင်ညွန့်ဆိုတဲ့ ၃-နေရာတွင် ကြိုက်ရာတစ်နေရာမှာထားပါ၊သတိနဲ့ကပ်ထားရမယ်၊မလစ်စေ
ရဘူး၊ဝင်လေထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကိုသိရမယ်၊သူသဘော
အတိုင်း မှန်မှန်လေး (ဝင်သက်-ထွက်သက်) ကိုသိနေတဲ့အာရုံမှတစ်ပါး တခြားဘယ်
ကိုမှမရောက်ရဘူး၊အာရုံမပြုရဘူး။
အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ်-၂ပါးကိုပိုင်းခြားသိ
ပြီး ခန္ဓာ ၅-ပါးဆိုတာလည်းပိုင်ခြားသိရမယ်။(၁) ရုပ်ကရှုပက္ခန္ဓာ။(၂)သိစိတ်ကဝိညာ
ဏက္ခန္ဓာ၊(၃) ခံစားမှု-ဝေဒနာက ဝေဒနာက္ခန္ဓာ၊(၄) မှတ်သားမှု-သညာက သညာက္ခန္ဓာ၊
(၅) ဖဿစေတနာ စတဲ့ကျန်စေတသိက် ၅၀-ကသင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။ဒါတွေသိ
ပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲလဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်၊ဒီလိုသိမှုကို
အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်၊ဒီတော့ ခန္ဓာ ၅-ပါးကိုပိုင်းခြားပြီး သိမြင်ပြီးရင်
ရုပ်နာမ်၊ခန္ဓာ ကိုဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အဝိဇ္ဇာ၊တဏှာ၊သင်္ခါရတို့ဟာ အကြောင်း
တရား၊ဒီရုပ်နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့အကြမ်းအားဖြင့် မင်းသိမြင်ရမယ်။
ကဲ....မင်းတရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်လိုက်ဆို၊"ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ
သံသာရဝဋ္ဋဒုက္ခတော မောစနတ္တာယ"၊ဘန္တေ-အရှင်ဘုရား၊မေ-တပည့်တော်အား၊သံသာရ
ဝဋ္ဋဒုက္ခတော-သံသရာဝဋ်ဆင်းရဲမှ၊မောစနတ္တာယ-ကျွတ်လွတ်ထွက်မြောက်ပါစေခြင်းအကျိုး
ငှာ၊ကမ္မဋ္ဌာနံ-မဂ် ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို၊ဒေထ-ကရုဏ
ရှေ့ထားပေးသနားတော်မှုပါဘုရား။အဲဒါကိုသုံးခေါက်ဆိုပါ၊ကဲငါပြောသလို"အာနာပါန"ကို
အားထုတ်ချေတော့။
မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာဟာ ဝီရယရှိလို့ပေါ့၊
အဲဒါ"သမ္မာဝါယာမ"လို့ခေါ်တယ်၊မင်းစိတ်က လေကိုရှိုတိုင်း ရှူတိုင်း ရင်ညွန့်ကိုရောက်တိုင်း
ရောက်တိုင်းသိရဲ့လား၊(သိပါတယ်ဘုရား)အေး...မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို
လက်မလွတ်လို့ သိတာ၊အဲဒါ 'သမ္မာသတိ'လို့ခေါ်တယ်၊မင်းအာနာပါနကို အားထုတ်နေတုန်း
မင်းစိတ်ဟာထားတဲ့ရင်ညွန့်မှာပဲရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို"သမ္မာသမာဓိ"
လိုခေါ်တယ်၊စိတ်ကကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး...မင်းသမာဓိတော့ရပါပြီး၊ဒါဘေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်
ရန် လိုနေသေးတယ်၊ဝင်လေ-ထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်၊ပါးစပ်က မရှူရဘူး၊
နှာခေါင်းကရှူလည်း၊ဘယ်ကရှူတယ်၊ညာဘက်ကရှူတယ်ဆိုတာ တွေလိုက်နေဖို့မလိုဘူး၊
သမာဓိရဖို့ပဲ အရေးကြီးတယ်၊နှာခေါင်းက ရှူရင် ရှူတာသိရမယ်၊ရှိုက်ရင် ရှိုက်တာသိရမယ်၊
မင်းကို ပထမအာနာပါန အားထုတ်ခိုင်းစဉ်ကလည်း စိတ်ကိုရင်ညွန့်မှာ အကပ်ခိုင်းတယ်၊
အခုတစ်ခါ အားထုတ်ရမှာက(နှာသီးဖျား ရင်ညွန့်ချက်)ရောက်တိုင်း ရောက်တိုင်း ဝင်လေရှူ
လိုက်တဲ့အခါ နှာသီးဖျားကအစ၊ရင်ညွန့်အလယ်၊ချက်အဆုံးဝင်တာကို သိရမယ်၊လေထုတ်
လိုက်တဲ့အခါမှာလဲ ချက်အစ၊ရင်ညွန့်အလယ်၊နှာသီးဖျားအဆုံး ထွက်တာကိုသိလိုက်ရမယ်၊
ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတစ်ခြားထွက်မသွားပဲ၊သမာဓိကောင်းကောင်းကြီး
ရနိုင်တယ်၊နောက်အလေ့အကျင့် ကောင်းကောင်းရသွားရင် ၁၅ မိနစ်လောက်နဲ့ သမာဓိ
ထူထောင်နိုင်တယ်။
မင်းသိဖို့ရာက မင်းအခုရှူရှိုက်နေတာက ရုပ်၊ဒီရှူရိုက်နေတာကို သိတာကနာမ်၊အဲဒီရုပ်နာမ် ၂-ပါး
ပိုင်းခြားသိတဲ့အခါ၊"နာမရူပ ပရိစ္ဆေဒဉာဏ်"၊ဝိသုဒ္ဓိလို့ပြောရင် ''ဒိဋ္ဌိဝိသုဒ္ဓိ'တပေါင်းတည်းဖြစ်
လာတယ်၊မြဲမြဲမှတ်ထားနော်၊ကမ္မဋ္ဌာန်းအလုပ်ဝင်းတဲ့အခါ သိဖို့ရာက (၁)အာရုံနဲ့ သိမှတ်တဲ့စိတ်
လို့ ၂-မျိုးမှတ်ထားရမယ်၊(၂)အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်၊
(၃)အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်၊(၄)ကမ္မဋ္ဌာန်းအလုပ် ဝင်တဲ့အခါ စိတ်ကဘာ
တစ်ခုမှ မစဉ်းစားနဲ့၊ဘာအာရုံမှ ဝင်မလာစေနဲ့၊မင်းဟာစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင်၊
ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလို မင်းချမ်းသာ
ရာရမှာမဟုတ်ဘူး၊လောကုတ္တရာအလို လည်းထောင်ငါးရာကိလေသာနူနာအမြစ်ပြတ်မှာ
မဟုတ်ဘူး။
မင်းစိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ငါဥပမာလေးပြမယ်၊(၁)နွားကျောင်းသားဟာ နွားရိုင်းကို
ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာကြိုးနဲ့ မြဲ်မဲ
ချည်ပြီးဆုံးမသလိုပဲ၊ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း "အာရုံ" မှာနွားရိုင်းနဲ့တူတဲ့"စိတ်"ကိုကြိုး
နဲ့တူတဲ့"သတိ"တရားဖြင့်တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်၊မင်းစိတ်ကို ဒီအတိုင်းဆုံးမ။
(၂) ကဲကွာ-မင်းကိုနောက်တစ်မျိုး ထပ်ပြောဦးမယ်၊"အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာ
ရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက် ၅-ပေါက်ကိုလုံအောင်ပိတ်၊ကျန်တဲ့
အပေါက်ကနေပြီးစောင့်ဖမ်းရင် ဒီဖွတ်ကိုမိသလို၊မင်းရဲ့မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆို
တဲ့ ဒွါရ ၅-ပေါက်ကိုပိတ်ပြီး ကျန်တဲ့ မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင် မင်းရဲ့ဖွတ်နဲ့တူ
တဲ့ စိတ်ကိုမိရောပေါ့"။....
မင်းမနေ့က သမာဓိကောင်းကောင်းရရဲ့လား၊(ထိနမိဒ္ဓဝင်လို့ သမာဓိခပ်ကျဲကျဲပဲရတယ်
ဘုရား)၊တယ်ရှော်ကိုး၊အဲဒါမင်းဝီရလွန်လို့ပဲ၊ဝီရိယလွန်တော့လဲ ထိနမိဒ္ဓ ဝင်တာပဲ၊
အဲဒီ အချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကို ဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်၊
မင်းမြဲမြဲမှတ်ထား၊သတိသာလွန်တယ်လို့မရှိတာ၊သဒ္ဓါ၊ပညာ၊သမာဓိ၊ဝီရဆိုတာကို ညီတူတစ်
ပြိုင်တည်း လွှတ်ရတယ်၊တစ်ပြိုင်တည်း တညီတည်းဖြစ်အောင် အားထုတ်နိုင်ရင် "ဥဒ္ဓစ္စ"
(စိတ်ပျံ့လွင်မှု)ဖြစ်ဖြစ်၊ "ထိနမိဒ္ဓ"(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ်တစ်ခုခုတော့ ဝင်မှာပဲ၊
(အခုအားထုတ်ခိုင်းတာက)သမထ သက်သက် သမာဓိရရုံခိုင်းတာ၊ ဝိပဿနာနဲ့
မရောစေနဲ့ဦး၊သဒ္ဓါ၊ပညာ၊သမာဓိ၊ဝီယရ၊တို့ကို အပိုအလိုမရှိ၊မလျော့မတင်း စောင်းကြိုးညှင်း
ဆိုသလို အားထုတ်ရမယ်၊မင်းကတစ်ခါမှ အားမထုတ်ဖူးလို့ ငါက ဒါလောက်အချိန်အကုန်း
ခံပြီးပြောပြနေရတာ၊ဒီအာနာပါန ဝင်လေထွက်လေ ရှူရှိုက်ပြီးအားထုတ်တာ၊ဘာခက်တာ
လိုက်လို့၊ကဲ...အကျင်ရသွားအောင်အားထုတ်စမ်း၊သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
မင်း သမာဓိကောင်းကောင်းရပြီးလား၊(ရပါပြီဘုရား) မင်းက သမာဓိကောင်းကောင်းရတယ်
သာပြောတာ၊မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး၊
သမာဓိရတဲ့လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ
အပုံကြီးခြားနားတယ်ဆိုတာ နောက်တော့ငါပြောပြမယ်၊မင်းအခု ထမင်းစား၊ရေချိုး၊နောက်
ခန္ဓာဝန်ကိုပြည့်စုံအောင်ဆောင်ရွက်၊"တရားထိုင်ချိန်ကျမှ အခင်းကြီး၊အခင်လေးတွေမပေါ်စေနဲ့၊
ဒီကိစ္စတွေဟာအများကြီးအနှောက်အယှက်ဖြစ်တယ်"၊ကဲ-ဒါတွေပြည့်စုံအောင်လုပ်ပြီး
အားထုတ်ချေ။
(၂ နှစ်နာရီလောက်အားထုတ်ပြီးပြန်လာတော့) မင်းသမာဓိကောင်းကောင်းရပြီးလား၊
(ရပါပြီးဘုရား) အေးဒါလောက်ဆိုရင်တော်လောက်ပြီ၊ဒီတစ်ခါဝိပဿနာရှုရမယ်။
"ရှေးဦးစွာ သမာဓိကောင်းကောင်းထူတောင်ရမယ်၊နောက်ဝိပဿနာဘက်ပြောင်းပြီးရှုရမယ်၊
ဝိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွှတ်ပြီး ရုပ်နာမ်လက္ခဏာဖြစ်ပေါ်လာတာတွေကို
ဆင်ခြင်တာပါပဲ"၊ယခုလက်ရှိခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင်မပြတ် မစဲ
ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်၊အနိစ္စ၊ဒုက္ခ၊အနတ္တ၊လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန်ဖြစ်
ပျက်နေကြပါတကားလို့သိမြင်ရတယ်၊ရုပ်နာမ် နှစ်ပါးတို့ကား၊အနတ္တ၊ဟုထင်မြင်မှုများလာ
တဲ့အခါ၊ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ပျက်နေကြတာကိုတွေမြင် တဲ့အခါ 'ဥဒယဗ္ဗယဉာဏ်'
ရောက်တယ်လို့ သိရမယ်၊တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းရင်ခရီး ရောက်မှာမဟုတ်
ဘူး၊အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်၊မင်းသောတာပန်ဖြစ်ချင်ရင်
"ဒိဋ္ဌိဝိစိကိစ္ဆာ"ကိုအရင်ပယ်ရမယ်။
ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ။   ။ဒိဋ္ဌိ၊ဝိစိကိစ္ဆာ ဆိုတာဘယ်မှာ ကပ်နေသလဲ၊"ဒိဋ္ဌိ ဝိစိကိစ္ဆာ"ဆိုတာ ခန္ဓာ ၅-ပါး
မှာကပ်နေတယ်၊အဲဒီတော့ "ဒိဋ္ဌိ ဝိစိကိစ္ဆာကပ်နေတဲ့" ဒီခန္ဓာ ၅-ပါးဘယ်ကဖြစ်လာသလဲ၊ဘယ်လို
လုပ်ပြီး ဖြစ်ပျက်နေတာလဲဆိုတာသိထားရမယ်၊ဒါမသိလို့ရှိရင် ဒီကပ်နေတဲ့ "ဒိဋ္ဌိ ဝိစိကိစ္ဆာ"
ဟာဘယ်လိုနည်းနဲ့မှ မခွာနိုင်ဘူး၊မပယ်နိုင်ဘူး၊အဲဒီတော့ ခန္ဓာ ၅-ပါးဟာဘာတွေလဲဆိုတာ
 ဆရာသမားပြောတာကြားဘူးလို့ သိပြီးထား၊ဒီခန္ဓာရဲ့ဖြစ်ကြောင်းချုပ်ကြောင်းကို မသိခဲ့လိုရှိရင်
"ဒိဋ္ဌိ"ကပ်ဦးမှာပဲ၊အဲဒါကြောင့် ခန္ဓာ ၅-ပါးအကြောင်းသိလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင်
လုပ်ရမယ်၊ပဋိစ္စသမုပ္ပါဒ်ကစာထဲမှာပါတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံလောက်နဲ့ မင်းခရီးမပေါက်ဘူး၊
မင်း ခန္ဓာကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုနားလည်မှ သဘောပေါက်မယ်။
ဒါကြောင့် ခန္ဓာ ၅-ပါး၏ဖြစ်ကြောင်း ချုပ်ကြောင်းကိုပြမယ်၊"အဝိဇ္ဇာပစ္စယာ သင်္ခါရ"ပုံစံလဲကြည့်၊
မင်းတို့ ဟိုအတိတ်ဘဝကလုပ်ခဲ့တဲ့ အဝိဇ္ဇာသင်္ခါရတွေကြောင့် "သင်္ခါရပစ္စယာ ဝိညာဏံ၊"ဒီဘဝ
မှာ ဒီခန္ဓာကြီးဖြစ်လာရတယ်၊(အဝိဇ္ဇာ၊သင်္ခါရက)လွန်လေပြီးအတိတ် ပဋိစ္စသမုပ္ပါဒ်မို့ မင်းတို့နဲ့
မဆိုင်တော့ဘူး၊နောက်ဖြစ်မယ့် အနာဂတ်ပဋိစ္စသမုပ္ပါဒ်လဲ မရောက်သေးလို မင်းနဲ့မဆိုင်ဘူး၊
အရေးကြီးတာက အခု ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ကိုနားလည်ဖို့ပဲ၊ "ဒိဋ္ဌိ ဝိစိကိစ္ဆာ"၊ ကဒီခန္ဓာ ၅-ပါး
မှာကပ်နေတာ၊ဒါဘယ်သူ့ဆံပင်လဲ ဆိုရင် ငါ့ဆံပင် လို့မင်းဖြေမှာပဲ၊ ဆံပင်ဆိုတဲ့ "ရူပက္ခန္ဓာမှာ"
ငါသွားခိုတယ်။ငါလက်ဖက်ရည်သောက်လို့ကောင်းလိုက်တာဆိုရင်" ဝေဒနာက္ခန္ဓာ" မှာငါ
သွားခိုတယ်။ ငါမှတ်ထားတယ် ဆိုရင်"သညာက္ခန္ဓာမှာ ငါသွားခိုတယ်။ ငါရက်ကန်းခတ်တာမျိုး                 ရှာမှရှားဆိုတော့"သင်္ခါရက္ခန္ဓာ"ငါသွားခိုတယ်။ ငါစိတ်မစမ်းနဲ့ ဆိုတော့ "ဝိညာဏက္ခန္ဓာမှာ"
ငါသွားခိုတယ်။ ဒါဖြင့် ခန္ဓာ ၅-ပါးဟာ "ဒိဋ္ဌိ" ခိုကပ်စရာဋ္ဌာနကြီးပဲ၊ဒီတော့ 'ခန္ဓာနဲ့ဒိဋ္ဌိ၊ဝိစိကိစ္ဆာ'
ခွာရလိမ့်မယ်။စာအနေနဲ့ကတော့ ရုပ်နာမ်ကွဲရင် "ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာတယ်လို့ရေးကြလိမ့်မယ်၊
တစ်ဆင့်ကျန်နေသေးတယ်၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်းကိုလဲနားလည်မှ၊ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း
ကိုလဲနားလည်မှ "ဒိဋ္ဌိ ဝိစိကိစ္ဆာ" ကွာမယ်။ မသိရင်တော့ "ဒိဋ္ဌိ ဝိစိကိစ္ဆာ" ကပ်နေမှာပဲ။
ဒီတော့ မင်းအလုပ်ခွင်ဝင်ရမယ့် ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပဲ၊ဒီနေ့တစ်နေ့လုံးဖြစ်တဲ့
ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုတာမဟုတ်ဘူး၊ခုမြင်တဲ့အခိုက်၊ကြားတဲ့အခိုက်မှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်
ကို ခုတရားထိုင်မယ့်အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့ အရေးကြီးတယ်၊မင်းအသက်ဘယ်လောက်
ရှိပြီလဲ။(၄ဝ-ပါဘုရား) အေး-အသက်-၄ဝ-သာဆိုတယ် ငယ်ငယ်တုန်းကလဲ ကိုယ့်ကိုယ်ကို
ဒီရုပ်ရည်ပဲ၊ခုကြီးလာတော့လဲ ဒီရုပ်ရည်ပဲ၊ရုပ်မကျဘူးလို့ မင်းထင်မှတ်နေလို့ရှိရင် ဒါ
"သဿတဒိဋ္ဌိ"ဖြစ်တယ်၊ဒီလို ဆက်ပြီးတည်တယ်လိုမယူရဘူး၊တစ်ခါ ငါပိုက်ဆံများများရမယ်
ဆိုရင် ဘာမဆိုလုပ်ရဲတယ်၊သေရဲတယ်၊သေရင်ပြီးတာပဲ ဆိုလို့ရှိရင်၊ဒါ "ဥစ္ဆေဒဒိဋ္ဌိ"ဖြစ်တယ်
ဒီလိုလဲအပြတ်မယူရဘူးတဲ့၊ကဲ...ဒီလောက်ဆိုတော်လောက်ပြီ။မင်း-ဆိတ်ငြိမ်တဲ့ နေရာသွား
ပြီးအလုပ်ထိုင်ပါ။သမထကိုတော့ သမာဓိကောင်းကောင်းရအောင်အားထုပ်ပါ၊ခန္ဓာကိုယ်
တည့်တည့် (တဲ့တဲ့)ထိုင်ပါ။(ရှူလေ)ဝင်လိုက်တာလဲသိ၊ထွက်လေ ထွက်သွားတာလဲသိ၊
သမာဓိအားကောင်း လာလိမ့်မယ်၊အဲဒီအချိန်မှာ ဝီရိယကိုလဲ အလျော့မပေးရဘူး၊သတိနဲ့
ပညာကိုလဲ တပါးတည်းကပ်လိုက်ပါ၊ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာပေါ်လာ
လိမ့်မယ်၊ပေါ်လာတာတွေကို သိလိုက်ပါ၊ဒီလိုသိနေတဲ့ကြားထဲက အသံတစ်ခုခုကြားလိုက်
ရင်လဲ၊"ကြားလိုက်ပြန်ပြီ"လို့သိလိုက်၊နားလည်ပြီလား၊ကဲ...သွားထိုင်ချေ ။    ။......

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


No comments:

Post a Comment